Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး‌ဟောပြောပွဲ အခမ်းအနား


18 Jul,2022

၁၈.၇.၂၀၂၂
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)သို့ ယနေ့နံနက်(၉:၃၀)နာရီ အချိန်တွင် စစ်ကိုင်း ခရိုင်ယာဉ်ထိန်းရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ဒု-ရဲမှူးကျော်စိုးလွင် မှ လာရောက်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို လာရောက်ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချူပ် ဆရာမကြီး ဒေါက်တာမို့မို့ရီ၊ သင်ကြား/စီမံ ဌာနများမှ ပါမောက္ခများ၊ ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ တာဝန်ရှိ ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားကို သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချူပ် ဆရာမကြီး ဒေါက်တာမို့မို့ရီမှ အဖွင့်အမှာစကား ပြောကြားခဲ့ရာ ယနေ့ကာလတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို သိရှိလိုက်နာရေးသည် အရေးကြီးပါကြောင်း၊ စည်းကမ်းတကျသွားလာမှသာ ဘေးအန္တရာယ် ကင်းရှင်းနိုင်မည်ဖြစ်ကြောင်း၊ ကျောင်းသား/ ကျောင်းသူများအနေဖြင့် နေ့စဉ်ကျောင်းသို့လာရောက်ရာတွင် ယာဉ်နှင့် လမ်းကို မလွဲမရှောင်သာဘဲ နေ့စဉ်အသုံးပြုနေကြရ၍ စည်းကမ်းနှင့်အညီ လိုက်နာပြုမှုမှသာ ယာဉ်ထိခိုက်မှုကင်းဝေးပြီး လိုရာကိစ္စပြီးမြောက်နိုင်ကြမည်ဖြစ်သည်။ ယခုဟောပြောပွဲကို လာရောက်ကျင်းပပေးသည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများကို ကျေးဇူးတင်ရှိပါကြောင်း၊ ကျောင်းသား/ကျောင်းသူများ သိရှိလိုသည်များရှိပါက မေးမြန်းကြပါရန်နှင့် မေးခွန်းများကိုလည်း စနစ်တကျ ပြန်လည်ဖြေကြားပေးပါရန်တို့ကို ပြောကြားခဲ့ပါသည်။
ထိုနောက် စစ်ကိုင်းခရိုင်ယာဉ်ထိန်းရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ဒု-ရဲမှူးကျော်စိုးလွင်မှ ယာဉ်အန္တရာယ် ကင်းရှင်းရေး အသိပညာများကို ဟောပြောခဲ့ပါသည်။ စစ်ကိုင်းမြို့တွင် ယာဉ်အန္တရာယ်များ နေ့စဉ် ဖြစ်ပွားလျက်ရှိကြောင်း၊ ယာဉ်မောင်းများ၏ ပေါ့ဆမှုများ၊ ရာသီဥတုအခြေအနေများ၊ လမ်းအနေအထားများ စသည့်အချက်များသည် ယာဉ်အန္တရာယ် အဓိကဖြစ်စေသည့် အကြောင်းအရာများဖြစ်ကြောင်း၊ မီးပွိုင့်များ၏ စည်းကမ်းသတ်မှတ်ချက်များ၊ ယာဉ်ကြောများ၏သတ်မှတ်ချက်များ၊ ယာဉ်မောင်း လိုင်စင်ကိစ္စရပ်များ၊ လိုင်စင်မဲ့ယာဉ်အန္တရာယ်များ၊ ယာဉ်မောင်းနှင်စဉ် ခါးပတ်ပတ်ထားရန် လိုအပ်ချက်များ၊ တယ်လီဖုန်း ပြောခြင်း တားမြစ်ချက်များ၊ ဆိုင်ကယ်ဦးထုတ်ဆောင်း၍ စီးကြရန်နှင့် မေးသိုင်းကြိုးကို စနစ်တကျ တပ်ဆင်ထားကြရန် ကိစ္စရပ်များ၊ ကျောင်းပို့ဖယ်ရီနောက်ခန်းများတွင် ဘေးအန္တရာယ်ကင်းရှင်းရန် စီစဉ် ထားရှိသင့်ပုံများ၊ ယာဉ်အန္တရာယ်ပြစ်မှုဆိုင်ရာကိစ္စများ၊ ပြည်သူများက ယာဉ်အန္တရာယ်နှင့်ပတ်သတ်၍ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်သည့်ကိစ္စရပ်များ၊ ခြေလျင်လျှောက်သူများ လိုက်နာရမည့် အချက်များ၊ လမ်းအမှတ်အသားများ၏ အဓိပ္ပါယ်များ၊ ၂၀၁၈နှင့်၂၀၂၀ နောက်ပိုင်းတွင် ယာဉ်အန္တရာယ် ပြုပြင်ထားသော ဥပဒေပြဌာန်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် ပါမောက္ခချုပ်ဆရာမကြီးဒေါက်တာမို့မို့ရီမှ စစ်ကိုင်းခရိုင်ယာဉ်ထိန်းရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ဒု-ရဲမှူးကျော်စိုးလွင်ကို အမှတ်တရလက်ဆောင်ပေးအပ် ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်၍ အမှတ်တရ မှတ်တမ်းဓါတ်ပုံများ ရိုက်ကူး၍ အခမ်းအနားကို (၁၂:၂၀) နာရီတွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm