Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရပ်စောက်မြို့က “စွမ်းထက်” အားဖြည့်သဘာဝမြေဩဇာ


15 Jul,2022

မြင့်စိုး(နတလ)

ကျွန်တော်လွမ်းမိသော တောသဘာဝမြင်ကွင်းများ

ငယ်စဉ်ကလေးဘဝ နှစ်ပေါင်းများစွာ နွားချေးပုံတွေကြားမှာ ကြီးပြင်းလာသော ကျွန်တော်၊ ရွာက နွားတင်းကုတ်မှန်သမျှ သူငယ်ချင်းများနှင့်အတူ တက်၍ဆော့ကစားခဲ့ဖူးသော ကျွန်တော်၊ နွားစာခွက်၊ နွားစာကျင်းမှာ ကောက်ရိုးထုံးကို ဖြည်၊ ရေဖျန်း၊ ဖွဲနုပက်၍ လည်း ကျွေးခဲ့ဖူးသော ကျွန်တော်၊ ဂေါ်ပြားနှစ်ချပ်နှင့် နွားချေးပုံကို ထိုးကော်၊ တင်းကုတ် ဘေးသို့ ပစ်ချ၊ တံမြက်စည်းကြမ်းနှင့် တရှဲရှဲလှဲခဲ့ဖူးသော ကျွန်တော်၊ မိုးဦးကျကာနီးတိုင်း နွားချေးလှည်းကိုယ်စီနှင့် လယ်ထဲသို့ သွားချကြသည့်မြင်ကွင်းကို ရိုးအီနေအောင် မြင်ခဲ့ဖူးသော ကျွန်တော်……..။

နွားချေးနံသင်းသင်းနှင့် ဝေးကွာခဲ့တာ အတော်ကြာပေပြီ၊ မွေးရပ်မြေမှာ နွားတွေလည်း မရှိတော့၊ ကြာလျှင် ဤကား နွားဖြစ်သည်ဟု အရုပ်ရေးပြရတော့မည်လား မပြောတတ်တော့ပါ။ နွားတင်းကုတ်များလည်း အတော့်ကို နည်းသွားပေပြီ။ နွားတွေမရှိတော့သလို အားကောင်းမောင်းသန် ဒေါင်းတိမောင်းတိ လူငယ်လူရွယ် တော်တော်များများကလည်း ထိုင်း၊ မလေးတို့မှာ အလုပ်သွားလုပ်နေကြကြောင်း သိရသည်။ နွားမရှိ၊ လယ်ထွန်သားမရှိ၊ ပျိုးနှုတ်သားမရှိ၊ ကောက်စိုက်သမ မရှိတော့သော လယ်ယာမြေမှာ စက်တွေ ဝင်ရောက်လာသည်။ ကြဲစနစ်ဖြင့် စိုက်ကြသည်။ နွားချေးအစား ဓာတ်မြေဩဇာတွေ ထည့်၊ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေးတွေ လှိုင်လှိုင်ကြီးသုံးလာကြသည်။ ဆိုတော့ကာ……ကျွန်တော်တို့ရွာက အမျိုးများ၏ လယ်ယာကဏ္ဍ အဆင့်မြင့်လာပြီဟု ပြောရပေတော့မည်။ သို့သော် စပါး ထွက်နှုန်းက သိသိသာသာ တက်မလာ၊ ရာသီဥတုနဲ့ကိုက်ညီတဲ့ မျိုးမဟုတ်လို့၊ ပိုးကျလို့၊ ပေါင်းမြက်မနိုင်လို့၊ ပေါင်းသတ်ဆေး မှားသုံးမိလို့ စသည်……စသည်ဖြင့် လို့ပေါင်းများစွာ ကြားခဲ့ရသည်။ အားလုံးတော့ မဟုတ်ပါ။ နည်းစနစ်မှန်စွာ လိုက်နာလုပ်ကိုင်သူများကတော့ စပါးထွက်သင့်ပါသည်။ အများစုကတော့ ပုံမှန်မျှသာ။ အချို့မှာ ပုံမှန်အောက်သို့ ဆင်း၍ ရိတ်ခြွေစက်ဖိုးလောက်ပဲ ပြန်ရကြတာလည်း ရှိသည်။

ငယ်ငယ်တုန်းကလို ပေါင်းမြက်ကင်းစင်သည့် လယ်ကွင်းစိမ်းစိမ်းတွေကို ကျွန်တော် မြင်ချင်ပါသည်။ သဘာဝနွားချေး၊ သစ်ရွက်ဆွေးများ ထည့်ရုံမျှနှင့် တစ်ဧက တင်း ၇၀၊ ၈၀ ထက်မနည်း ထွက်ကြတာကိုလည်း မြင်ခဲ့ဖူးသည်။ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးဆိုတာ တွေကို မသုံးတတ်ကြသလို ထိုအချိန်က ပေါ်ပင်ပေါ်သေးရဲ့လားမသိပါ။ ငယ်ငယ်တုန်းက မြင်ကွင်းတွေကို သတိတရ ပြောနေမိသည်ကလည်း ကျွန်တော်တို့ အလယ်တန်းကျောင်းသား ဘဝမှာ ကျောင်းပိုင်လယ်တွေကို တမန်းနှိုး ပေါင်းနှုတ် လုပ်ခဲ့ရဖူးသည်။ အထက်တန်း ကျောင်းသားဘဝ လေးမျက်နှာအထကမှာ ပညာသင်ယူနိုင်ဖို့အတွက် လေးမျက်နှာ ပရဟိတ ကျောင်း၏ အရိပ်အာဝါသကို ၂ နှစ် ခိုလှုံခဲ့ရသည်။ ပရဟိတပိုင် လယ် ၁၅ ဧကခန့်ရှိသဖြင့် လယ်ထွန်သည့် အလုပ်ကလွဲ၍ ပျိုးနှုတ်၊ ကောက်စိုက်၊ စပါးရိတ်၊ ကောက်လှိုင်းစည်း၊ တလင်းနယ်၊ စပါးလှေ့ အားလုံးလုပ်ခဲ့ဖူးသည်။ ထွက်သည့်စပါးများ ဆန်စက်သို့ သယ်ယူ ကြိတ်ခွဲ၊ ဆန်အိတ်များကို ပြန်ထမ်းလာ၊ ဆန်ဂိုဒေါင်အခန်းထဲ ထည့်ပြီးသည်အထိဟု ဆိုကြ ပါစို့ရဲ့။ စပါးသိမ်းပြီးချိန် ဘိုကိတ်ပဲ၊ မတ်ပဲတွေ ဆက်လက်စိုက်ပျိုးခဲ့ကြတာကိုလည်း အမှတ်ရမိသည်။

သဘာဝမြေဩဇာသုံးကြစို့

ယနေ့သည်ဘက်ခေတ်မှာ မြေပြုပြင်ထွန်ယက်သည်ကအစ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးခြင်း၊ ဓတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများကို နည်းစနစ်မှန်စွာ အသုံး ပြုခြင်းကြောင့် စပါးထွက်နှုန်း၊ သီးနှံထွက်နှုန်းများ တိုးလာပါလိမ့်မည်။ ထိုနည်းတူစွာ ဓာတု မြေဩဇာ၊ ဓာတုပိုးသတ်ဆေး၊ ဓာတုပေါင်းသတ်ဆေးများကြောင့် လယ်မြေများတွင် မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိ၊ ဇီဝဂုဏ်သတ္တိများက တဖြည်းဖြည်း ပျက်စီး ဆုတ်ယုတ်သွားနိုင်သည် ဆိုခြင်းကိုလည်း ငြင်း၍မရပေ။ ပျက်စီးဆုံးရှုံးသွားသော မြေဆီလွှာ များ ပြန်လည်ကောင်းမွန်လာစေရန် အော်ဂဲနစ်ပစ္စည်းများ ပါဝင်သည့် သဘာဝမြေဩဇာများ အသုံးပြု၍ ပြုပြင်ရမည်ဖြစ်သည်။ အကျိုးပြုအဏုဇီဝ Effective Microorganisms (EM) ကို ၁၉၈၀ ပြည့်နှစ်တွင် ဂျပန်နိုင်ငံမှ ပါမောက္ခဒေါက်တာဟီဂါရီက စမ်းသပ်တွေ့ရှိခဲ့သည်။ သေကြေပျက်စီးသွားသော အကျိုးပြုပိုးမွှားများကို ပြန်လည်မွေးမြူပြီး မြေဆီလွှာအတွင်း ထည့်ပေးရန် EM ကို ထုတ်လုပ်ခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း ၁၉၉၀ ပြည့်နှစ်ကတည်းက EM နည်းပညာ သုံးစွဲလာခဲ့ကြောင်း သိရသည်။ EM ၏ သဘောသဘာဝမှာ မှိုနှင့် ဘက်တီးရီးယား မွေးမြူခြင်းပင် ဖြစ်ပါသည်။ EM အား မြေဆီလွှာနှင့် အပင်ပေါ် ပက်ဖျန်းခြင်း ပြုလုပ်နိုင်သကဲ့သို့ သဘာဝမြေဩဇာ ပြုလုပ်ရာတွင်လည်း အချိုးကျရောစပ် အသုံးပြုလျက် ရှိပါသည်။ ရှမ်းပြည်နယ် သမဝါယမအသင်းစုချုပ်က ညောင်ရွှေမြို့တွင် ထုတ်လုပ်ရောင်းချ နေပြီဖြစ်သော သဘာဝမြေဩဇာ “ဗေဒါ” အကြောင်းကို ကျွန်တော်ရေးသားတင်ပြပြီး ဖြစ်ပါသည်။ ထိုမှတစ်ဆင့် ဆက်လက်အားပေးကြည့်ရှုခဲ့သည်ကတော့ ရပ်စောက်မြို့ရှိ “စွမ်းထက်” အားဖြည့်သဘာဝမြေဩဇာ ထုတ်လုပ်ခြင်းလုပ်ငန်း ဖြစ်ပါသည်။

ရပ်စောက်မြို့နယ်သမဝါယမအသင်းစု

ရပ်စောက်မြို့နယ်သမဝါယမအသင်းစုကို သမဝါယမအသင်းပေါင်း ၁၃၅ သင်းဖြင့် ဖွဲ့စည်းထားသည်။ အဆိုပါအသင်းစုအနေဖြင့် “စွမ်းထက်” အားဖြည့်သဘာဝမြေဩဇာ ထုတ်လုပ်နိုင်ရေးအတွက် အဖွဲ့ဝင် ၁၀ ဦးပါ ကော်မတီကို ဖွဲ့စည်းခဲ့သည်။ ကော်မတီဒုတိယ ဥက္ကဋ္ဌဦးမျိုးမြင့်က လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်ကို ရှင်းလင်းပြောကြားခဲ့သည်။ ဦးမျိုးမြင့်သည် ယခင်ကတည်းက သဘာဝမြေဩဇာထုတ်လုပ်ခြင်းလုပ်ငန်းကို စိတ်ဝင်တစား အကောင်အထည်ဖော်နေသူ ဖြစ် ကြောင်း၊ ၂၀၀၃-၂၀၀၄ ခုနှစ်လောက်မှာ စတင်စမ်းသပ် ထုတ်လုပ်ခဲ့ကြောင်း၊ သို့သော် ထိုစဉ်ကာလတုန်းက ဓာတ်မြေဩဇာဈေးနှုန်း မြင့်မားမှု မရှိခြင်း၊ အလွယ်တကူ ဝယ်ယူရရှိနိုင်ခြင်းတို့ကြောင့် သဘာဝမြေဩဇာသည် ဈေးကွက်မှာ ဝင်တိုး၍မရခဲ့ကြောင်း သိရှိခဲ့ရသည်။ အားဖြည့်သဘာဝမြေဩဇာ ထုတ်လုပ်ရသည့် ရည်ရွယ်ချက်များကိုလည်း အောက်ပါအတိုင်း ဖော်ပြထားပါသည် -

      (က)     သမဝါယမအသင်းများ၏ ထုတ်လုပ်မှုကဏ္ဍ ပိုမိုတိုးတက်လာစေရန်

      ( ခ )    ဓာတ်မြေဩဇာများ အသုံးပြုခြင်းကြောင့် မြေဆီလွှာခမ်းခြောက်ခြင်းကို ကာကွယ်တာဆီးပြီး သဘာဝမြေဩဇာများ၏ ထိရောက်သောအာနိသင်ဖြင့် သွင်းကုန်အစားထိုး သုံးစွဲရန်

      ( ဂ )    စိုက်ပျိုးရေးလုပ်ငန်းတွင် သဘာဝမြေဩဇာများ အသုံးပြုခြင်းဖြင့် ရေရှည်တွင် တည်ငြိမ်သောအကျိုးဖြစ်ထွန်းမှု ရရှိနိုင်ခြင်းအပြင် အဏုဇီဝရုပ်များ၏စွမ်းရည် (EM) ဖြင့် ပြုလုပ် 

                 သော သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲခြင်း နည်းပညာများ တိုးတက်များပြား ပြန့်ပွားလာစေရန်

      (ဃ)   ရရှိသောအကျိုးအမြတ်ဖြင့် သမဝါယမအသင်းသားများ၏ လူနေမှုဘဝကို အထောက်အကူဖြစ်စေရန်

ပါဝင်သောပစ္စည်းများ

 “စွမ်းထက်”အားဖြည့်သဘာဝမြေဩဇာတွင် အောက်ဖော်ပြပါပစ္စည်းများ ပါဝင်ပါသည် -

      (က)    နှစ်ကာလ ကြာမြင့်ပြီဖြစ်သည့် အင်းခေါင်းရေကန်မှ ဆယ်ယူထားသည့် မြေဆွေးများ

      ( ခ )    တိရစ္ဆာန် စွန့်ပစ်ပစ္စည်းများဖြစ်သည့် ကြက်ချေး၊ နွားချေး၊ လင်းနို့ချေးများ

      ( ဂ )    အပင်စွန့်ပစ်ပစ္စည်းများဖြစ်သည့် ပဲဖတ်၊ နှမ်းဖတ်၊ နေကြာဖတ်၊ မုန်ညှင်းစေ့ ကြိတ်ဖတ်၊ မြေပဲခွံနှင့် ဖွဲပြာ

      (ဃ)    ထပ်မံဖြည့်စွက်သည့် ကျောက်မှုန့်၊ အရိုးမှုန့်၊ လင်းနို့ချေးနှင့် မြေသားရောစပ် နေသော ယမ်းမြေ

      ( င )    အကျိုးပြုအဏုဇီဝဖျော်ရည် EM နှင့် တင်လဲရည်များ (အချိုးကျ)

အားဖြည့်သဘာဝမြေဩဇာများကို ရန်ကုန်နှင့် တောင်ကြီးမြို့များရှိ စိုက်ပျိုးရေးဦးစီး ဌာန၊ မြေအသုံးချရေးဌာနခွဲသို့ ပေးပို့၍ ဓာတ်ခွဲနမူနာအဖြေများ ရယူဆောင်ရွက်ခဲ့ပါသည်။ ကြက်ချေး ပါဝင်နေသောကြောင့် ၂၅ ကီလိုတစ်အိတ်လျှင် ၉၅၀၀ ကျပ်ဖြင့် ရောင်းချပေး ကြောင်း သိရှိရပါသည်။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သော်ငြားလည်း ပြည်နယ်နှင့် တိုင်း ဒေသကြီးအသီးသီးမှာ စွမ်းထက်ကဲ့သို့ ကိုယ်စီကိုယ်စီ တစ်ပိုင်တစ်နိုင် ရောင်းချကြမည် ဆိုလျှင်၊ ထိုမှတစ်ဆင့် ကျေးရွာအသီးသီးမှာ သဘာဝမြေဩဇာ ထုတ်လုပ်သုံးစွဲသည့် နည်းပညာများ ဆင့်ပွားဖြန့်ဖြူးပေးပြီး ထုတ်လုပ်သုံးစွဲကြမည်ဆိုပါလျှင် မိမိတို့၏ လယ်ယာ မြေများတွင် မြေဆီလွှာပြုပြင်ပြီးဖြစ်သကဲ့သို့ ပြည်ပမှ မှာယူရသော စိုက်ပျိုးရေးသွင်းအားစု များလည်း အထိုက်အလျောက် လျော့ကျလာမည်ဖြစ်သည်။ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် သမဝါယမအသင်းစုချုပ်များ၊ အသင်းစုများ၏ သဘာဝမြေဩဇာ ထုတ်လုပ်ရောင်းချရေးလုပ်ငန်းများကို အားပေးကူညီလျက်ရှိရာ ရပ်စောက်မြို့နယ် သမဝါယမအသင်းစုက ထုတ်လုပ်လျက်ရှိသော “စွမ်းထက်” အားဖြည့်သဘာဝမြေဩဇာအတွက် ကုန်ကြမ်းဝယ်ယူရန်နှင့် လုပ်အားခအသုံးပြုရန် လိုအပ်ငွေကျပ် သိန်း ၁၀၀ ထောက်ပံ့ပေးခဲ့ပါသည်။

အောင်မြင်ပါစေ “စွမ်းထက်”

ရည်ရွယ်ချက်ကောင်းသည်၊ စေတနာကောင်းသည်၊ သမဝါယမစိတ်ဓာတ်နှင့် ပူးပေါင်း ဆောင်ရွက်သည်ကိုလည်း တွေ့ခဲ့ရသည်။ သမဝါယမလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် စိတ်ရင်းစေတနာ ဖြောင့်မတ်မှန်ကန်ရန်နှင့် အများအကျိုးသယ်ပိုးလိုသည့် ပရဟိတ စိတ်ထားလည်း လိုအပ်ပါသည်။ “စွမ်းထက်” ဆိုသည့်အတိုင်း အစွမ်းထက်သော အားဖြည့် သဘာဝမြေဩဇာများ ထုတ်လုပ်၍ ဒေသအကျိုး၊ နိုင်ငံ့အကျိုး သယ်ပိုးထက်ရွက်နိုင်ပါစေ။ အောင်မြင်ပါစေ “စွမ်းထက်”………။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm