Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရှမ်းပြည်နယ်၊ သမဝါယမအသင်းစုချုပ်က ထုတ်လုပ်သော သဘာဝမြေဩဇာ “ဗေဒါ”


13 Jul,2022

မြင့်စိုး(နတလ)

ဗေဒါနှင့် စတင်မိတ်ဆက်ခြင်း

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခွင့်ရရှိပြီး ကျွန်တော်၏ ပထမဆုံးခရီးစဉ်မှာ ဗိုလ်မှူးကြီးညွန့်ဆွေ(ငြိမ်း) (ဒုတိယဝန်ကြီး(ငြိမ်း) နိုင်ငံခြား ရေးဝန်ကြီးဌာန)၊ အမေဒေါ်သက်ဆွေ (မသက်ဆွေ-သရက်)၊ ဗိုလ်မှူးကြီးသိန်းမြင့် (ငြိမ်း)၊ ဗိုလ်မှူးကြီးတင်ဝင်း(ငြိမ်း)၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်(ငြိမ်း) တို့နှင့်အတူ ဧပြီလ ၄ ရက်နေ့က သွားခဲ့သော “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့ (မော်ဖဒေသ) ခရီးစဉ် ဖြစ်ပါသည်။ အဘဗိုလ်မှူးကြီးညွန့်ဆွေ အမှတ် ၇၇ ခြေမြန်တပ်မဌာနချုပ် ဒုတိယတပ်မမှူး ဘဝဖြင့် ၁၉၇၉ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့ စတင်တိုက်ခိုက်သိမ်းပိုက်ခဲ့သော မော်ဖဒေသ စစ်ဆင်ရေး၏ ပွိုင့် ၃၂၈၀၊ မွတ်နိုး၊ ပွိုင့် ၅၇၁၀၊ ပွိုင့် ၆၀၀၀၊ သံခမောက်ကုန်း၊ ပွိုင့် ၆၀၂၈ ကုန်းများသို့ တစ်ကျော့ပြန် အောင်ပွဲခံလေ့လာရေးခရီးစဉ်ဟူ၍လည်း ပြောနိုင်ပါသည်။ ထိုခရီးစဉ်နှင့်ပတ်သက်၍ကား ကျွန်တော့်အနေဖြင့် သတင်းစာဆောင်းပါးမရေးဖြစ်ခဲ့၊ အဘ ဗိုလ်မှူးကြီး ညွန့်ဆွေ (စာရေးဆရာကြီး မောင်ဆွေသက်)ကိုယ်တိုင် စာအုပ်အဖြစ် ခြယ်မှုန်း ရေးသားရန် ရှိနေသောကြောင့်ပါတည်း။ ထိုခရီးစဉ်မှအပြန် ဧပြီလ ၂၁ ရက်နေ့၌ ကိုကိုးကျွန်း သို့ သွားခဲ့ပါသည်။ ကျွန်တော်၏ တတိယခရီးစဉ်မှာ မေလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့ထိ သွားရောက်ခဲ့သော ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခရီးစဉ်များဖြစ်သည်။ ထိုခရီးစဉ်အတွင်း SMART Village ကျေးရွာများဖြစ်ကြသော ပင်းတယ မြို့နယ်ထဲက ကျားကုန်းကျေးရွာနှင့် ဟိုပုံးမြို့နယ်ထဲက ကျောက်တန်းကျေးရွာများသို့ လည်းကောင်း၊ ပင်းတယမြို့နယ်အတွင်းက ကျေးရွာရေရရှိရေးလုပ်ငန်းများနှင့် ကလော မြို့နယ်အတွင်း ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်နေမှု အခြေအနေများကိုလည်းကောင်း၊ တောင်ကြီးမြို့ပေါ်က သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းများသို့လည်းကောင်း၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်ပို့ချပေးနေသော တန်ဖိုးမြှင့်ထုတ်ကုန် (Value Added) သင်တန်းများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။ ယင်းခရီးစဉ်အတွင်းမှာပင် ရှမ်းပြည်နယ်သမဝါယမအသင်းစုချုပ် က အားကစားခန်းမနှင့် တည်းခိုဆောင်လုပ်ငန်း၊ ဆန်၊ ဆီ၊ ဆားအပါအဝင် ဒေသထွက်ကုန် အရောင်းဆိုင်၊ အေးသာယာ၌ ဖွင့်လှစ်ထားသည့် ကိုအော့ပ်(Co-op)ဆေးရုံ၊ ညောင်ရွှေ မြို့နယ် စိုက်ပျိုးရေးကျေးရွာ၌ ဆောင်ရွက်နေသည့် ဗေဒါမြေဆွေးမှ သဘာဝမြေဩဇာ ထုတ်လုပ်ခြင်းလုပ်ငန်းတို့ကို ဝင်ရောက်အားပေးကြည့်ရှုခဲ့ပါသည်။

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်မှ အောက်တိုဘာလ ၃ ရက်နေ့ထိ ရှမ်းပြည်နယ် (တောင်ပိုင်း) ခရီးစဉ်တွင် အောက်ပါအတိုင်း လမ်းညွှန်ခဲ့ပါသည် -

“အင်းလေးကန်အတွင်း ကျွန်းမျှောစိုက်ခင်းလုပ်ကိုင်မှုများကို လျှော့ချပြီး အင်းလေး ကန်ထိန်းသိမ်းနိုင်ရေးအတွက် ဒေသခံများကို အသိပညာပေးဆောင်ရွက်သွားရန်နှင့် ဒိုက်၊ ဗေဒါများကို ဆယ်ယူပြီး ၎င်းတို့မှ မြေဩဇာ ထုတ်လုပ်အသုံးပြုနိုင်ရေး ဆောင်ရွက်ရန်”

ယင်းလမ်းညွှန်ချက်အရ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးလှမိုးသည် အောက်တိုဘာလ ၂ ရက်နေ့၊ တောင်ကြီးမြို့တွင် တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ဗေဒါမြေဆွေးဖြင့် သဘာဝမြေဩဇာထုတ်လုပ်ရေး ပြည်နယ်သမဝါယမအသင်းစု ချုပ်အား တာဝန်ပေးရန်၊ နည်းပညာကို စိုက်ပျိုးရေးဦးစီးဌာနမှ ရယူရန်၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနကလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ရန်၊ လုပ်ငန်းစီမံချက် ရေးဆွဲ တင်ပြရန် ညှိနှိုင်းမှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ကြီးကြပ်မှုကော်မတီများဖွဲ့စည်းဆောင်ရွက်

ရှမ်းပြည်နယ် သမဝါယမအသင်းစုချုပ်အနေဖြင့်လည်း ပေးအပ်သော တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးအတွက် သမဝါယမဦးစီးဌာနသို့ စီမံချက်ရေးဆွဲတင်ပြခဲ့သည်။ ထို့အတူ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့ ကျင်းပပြုလုပ်သော ရှမ်းပြည်နယ် အစိုးရအဖွဲ့ အစည်းအဝေး၌ ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပြည်နယ်အဆင့် ကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းပေးခဲ့သည်။ ယင်းကော်မတီကို စီးပွား ရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က ဦးဆောင်ပြီး သက်ဆိုင်ရာပြည်နယ်အဆင့် ဦးစီးဌာနများ မှ အဖွဲ့ဝင် ၁၃ ဦး ပါဝင်ပါသည်။ အနီးကပ် ကူညီပံ့ပိုးပေးနိုင်ရန်အတွက်လည်း မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်သော အဖွဲ့ဝင် ၉ ဦးဖြင့် မြို့နယ်အဆင့်ကြီးကြပ်မှု ကော်မတီကို ဖွဲ့စည်းခဲ့သည်။

သဘာဝမြေဩဇာစတင်စမ်းသပ်ထုတ်လုပ်

သဘာဝမြေဩဇာ ထုတ်လုပ်ဖြန့်ဖြူးရန် ရွေးချယ်ထားသောနေရာမှာ ညောင်ရွှေ မြို့နယ်၊ စိုက်ပျိုးရေးကျေးရွာရှိ ရှမ်းပြည်နယ် သမဝါယမအသင်းစုပိုင် မြေနေရာဖြစ်ပါသည်။ ၅ ဧကခန့်ကျယ်ဝန်းပြီး ယခင်က ငါးမွေးမြူရေးလုပ်ကိုင်ခဲ့သည့် ကန်ဟောင်းနေရာလည်း ဖြစ်သည်။ ဗေဒါမြေဆွေး စုပုံထားသောနေရာမှာ ညောင်ရွှေလှေဆိပ်မှ ၃ မိုင်ခန့်ဝေးပါသည်။ လှေဆိပ်သို့ရောက်လာသည့် ဗေဒါကုန်ကြမ်းမျာကို ကားဖြင့်တင်၍ ၂ မိုင်ခန့်ဝေးသော စိုက်ပျိုးရေးကျေးရွာသို့ ဆက်လက်သယ်ယူကြရပါသည်။ ရေလမ်း ၃ မိုင်၊ ကုန်းလမ်း ၂ မိုင်၊ စုစုပေါင်း ၅ မိုင်ခန့် ဝေးပါသည်။

ဗေဒါသဘာဝမြေဩဇာတွင် အဓိကပါဝင်သောကုန်ကြမ်းများမှာ ဗေဒါစိမ်း၊ ဗေဒါ မြေဆွေး၊ ကြက်ချေးခြောက်၊ နွားချေးခြောက်၊ အရိုးမှုန့်၊ ဂေါ်ဒန်ကျောက်မှုန့်၊ စပါးခွံ၊ EM ဖျော်ရည်၊ တင်လဲရည်တို့ ဖြစ်သည်။ ညောင်ရွှေမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ နည်းပညာ အကူအညီးဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ဗေဒါစိမ်း၊ ကြက်ချေးခြောက်၊ စပါးခွံ၊ EM ဖျော်ရည်၊ တင်လဲရည် ကုန်ကြမ်းများအသုံးပြု၍ ၆ပေ × ၄ပေ × ၄ပေ မြေဆွေးပုံ အလွှာ ၆ လွှာပြုလုပ်ကာ စတင်စမ်းသပ်ထုတ်လုပ်ခဲ့ပါသည်။ တွေ့ရှိချက်အပေါ် သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက စပါးခွံ နှင့် ကျောက်မှုန့်များကိုပါ ထည့်သွင်းအသုံးပြုရန် အကြံပြုခဲ့သည်။ ထိုသို့ အကြံပြုချက်အရ ထပ်မံထုတ်လုပ်ခဲ့သော သဘာဝမြေဩဇာ၏ စိုထိုင်းဆ (Moisture)၊ နိုက်ထရိုဂျင် (N)၊ ဖော့စဖောရပ် (P2O5)၊ ပိုတက်စီယမ် (K2O)၊ ဆာလဖာ (S)၊ အော်ဂဲနစ်ပစ္စည်း (Orgamic Matter)၊ ကာဗွန်နှင့် နိုက်ထရိုဂျင်အချိုး(C:N) တို့ကို သိရှိနိုင်စေရန် ရန်ကုန်မြို့ရှိ စိုက်ပျိုးရေး ဦးစီးဌာန၊ မြေအသုံးချရေးဌာနခွဲသို့ နမူနာပေးပို့ ဓာတ်ခွဲစမ်းသပ်ခဲ့ပါသည်။ ပဏာမစမ်းသပ် တွေ့ရှိချက်များအရ နိုက်ထရိုဂျင်ပါဝင်မှုနှင့် အော်ဂဲနစ်ပစ္စည်းပါဝင်မှု နှုန်းထားများမှာ သင့်တော် ကောင်းမွန်သောအခြေအနေ တွေ့ရှိရပါသည်။ သာမန်သဘာဝမြေဆွေးမှ ဈေးကွက်ဝင် တောင်သူကြိုက် သဘာဝမြေဆွေးဖြစ်လာစေရန် ထပ်မံစမ်းသပ်ထုတ်လုပ် ကြိုးစားဆောင်ရွက် ခဲ့ကြသည်။ ထပ်မံစမ်းသပ် ရယူထားသောအဖြေမှာ Moisture ၁၂.၃၃%၊ နိုက်ထရိုဂျင် ၁.၀၅%၊ ဖော့စဖောရပ် ၀.၄%၊ ပိုတက်စီယမ် ၀.၄%၊ ဆာလဖာ ၃.၁၄%၊ အော်ဂဲနစ်ပစ္စည်း ပါဝင်မှု ၂၁.၉%၊ ကာဗွန်နှင့် နိုက်ထရိုဂျင်အချိုး ၁၂:၀၉ ဖြစ်ကြောင်းသိရသည်။

ဖြန့်ဖြူးရောင်းချရန်အသင့်

လတ်တလော စမ်းသပ်ထုတ်လုပ်ပြီးသော ၅၀ ကီလိုအိတ် ၃၄၃ အိတ်ကို တစ်အိတ် လျှင် ၁၅၀၀ဝိ/ နှုန်းဖြင့် စပါးစိုက်တောင်သူ၊ ပြောင်းစိုက်တောင်သူ၊ ပန်း၊ သရက်၊ ထောပတ် စိုက်ပျိုးသောတောင်သူများထံ ရောင်းချပေးထားပြီးဖြစ်သည်။ ထွက်နှုန်းကို တိုင်းတာ၍ မရသေးသော်ငြားလည်း အပင်ဖြစ်ထွန်းကြီးထွားမှု၊ ရှင်သန်မှုတို့မှာ အားရစရာကောင်းကြောင်း ကြားသိရသည်။ ဗေဒါမြေဆွေး ၁၄၄ တန်မှ ထွက်ရှိလာမည့် ၅၀ ကီလိုအိတ် ၂၈၀၀ ကျော် မှာလည်း ထုတ်ပိုးရောင်းချရန် အသင့်ဖြစ်နေပေပြီ။ စဉ်ဆက်မပြတ် ထုတ်လုပ်သွားနိုင်ရေး အတွက် ဗေဒါမြေဆွေးကုန်ကြမ်း ၅၄၅ တန်ကို စက်လှေတစ်တန် ကားတစ်တန်ဖြင့် သယ်ယူစုဆောင်းထားရှိပြီး ဖြစ်သည်။ အခြားကုန်ကြမ်းများဖြစ်သည့် နွားချေး၊ ကြက်ချေး၊ အရိုးမှုန့်၊ ကျောက်မှုန့်၊ EM နှင့် တင်လဲရည်များရရှိဖို့လည်း အခက်အခဲမရှိကြောင်းသိရသည်။ တစ်ရက်လျှင် အိတ် ၂၀၀ ကျ ဗေဒါမြေဆွေး အမှုန့်ကြိတ်စက်(ရိုက်စက်)နှင့် ၁၅ HP မော်တာ ဝယ်ယူတပ်ဆင်ထားပြီး ဖြစ်ပါသည်။ ရှမ်းပြည်နယ် အစိုးရအဖွဲ့က ကုန်ကြမ်း ရောမွှေစက် ဝယ်ယူရန် ငွေကျပ် ၁၈၆ သိန်း ထောက်ပံ့ပေးထားပါသည်။

ထုတ်ကုန်အမှတ်တံဆိပ် “ဗေဒါ”

ကဗျာစာဆိုအကျော်အမော် ဆရာကြီးဇော်ဂျီ၏ ဗေဒါလမ်းကဗျာကို မသိသူမရှိပါ။ ထို ကဗျာထဲမှာ ဗေဒါ၏အားမာန်ကို ကျွန်တော်တို့ မြင်ခဲ့ရသည်။ အတုယူအားကျခဲ့ရသည်။ စိတ်ခွန်အားတွေ ရခဲ့သည်။ ယခုလည်း ရှမ်းပြည်နယ်သမဝါယမအသင်းစုချုပ်သည် “ဗေဒါ” ဟူသော ကုန်ထုတ်အမှတ်တံဆိပ်ဖြင့် စွမ်းအားဖြည့်သဘာဝမြေဩဇာများကို ထုတ်လုပ် တော့မည်ဖြစ်သည်။ သဘာဝမြေဩဇာ ထုတ်လုပ်ခွင့်မှတ်ပုံတင်ကိုလည်း ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့က ရရှိထားပြီးဖြစ်သည်။ သမဝါယမ၏ သင်္ကေတအမှတ်အသားဖြစ်သည့် ရောင်စဉ်ခုနစ်သွယ်သက်တံ့ကို နောက်ခံထား၍ ဗေဒါပင်နှင့် ပန်းပွင့်ပုံ ရိုက်နှိပ်ဖော်ပြထားသည်။ ပါဝင်ဓာတ်ပစ္စည်း အမျိုးအစားများနှင့် သုံးစွဲရန်အညွှန်းကို ထည့်သွင်းပေးထားပါသည်။ လတ်တလော ထုတ်လုပ်ရောင်းချမည့် ဗေဒါသဘာဝမြေဩဇာသည် အမှုန့်ဖြစ်သည်။ တောင်သူအများစု၏ အကြိုက်မှာ အတောင့်အခဲပုံသဏ္ဍာန်ဖြစ်ကြောင်း သိရ၍ အတောင့်အခဲ ပုံသဏ္ဍာန် ပြောင်းလဲထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ၅၀ ကီလို သဘာဝမြေဩဇာအိတ်အစား တစ်ပိုင်တစ်နိုင် ထမ်းပိုးသယ်ဆောင်နိုင်သော ၂၅ ကီလိုအိတ်များ ထုတ်ပိုးရောင်းချနိုင်ရေးကိုပါ ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရသည်။

အင်းလေးကန်သို့ရောက်ခဲ့သည်

ကျွန်တော် ဇူလိုင်လ ၇ ရက်နေ့က သွားရောက်ခဲ့သည့် ရှမ်းပြည်နယ်တောင်ပိုင်း ခရီးစဉ်တွင် ကလောမြို့နယ်ထဲ၌ SMART Village အဖြစ် အကောင်အထည်ဖော် ဆောင်ရွက် နေသာ ဘော်နင်းကျေးရွာလူထုနှင့်တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခြင်း၊ တောင်ကြီးမြို့ရှိ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းတွင် တက်ရောက်သင်ယူနေကြသော ကျောင်းသားကျောင်းသူ လေးများနှင့် တွေ့ဆုံအားပေးစကား ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ယခု တစ်ခေါက် ခရီးစဉ်၏ အဓိကရည်ရွယ်ချက်မှာ ရှမ်းပြည်နယ်သမဝါယမအသင်းစုချုပ်က ညောင်ရွှေမြို့၊ စိုက်ပျိုးရေးကျေးရွာတွင် ဆောင်ရွက်နေသာ ဗေဒါမြေဆွေးကုန်ကြမ်းအခြေခံ အားဖြည့်သဘာဝမြေဩဇာ ထုတ်လုပ်ခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှု အားပေးရန် ဖြစ်ပါသည်။ သဘာဝမြေဩဇာ ထုတ်လုပ်မှုလုပ်ငန်း အဆင့်ဆင့်ကို ကြည့်ရှုလေ့လာရုံမျှမက အင်းလေးကန်ထဲက ဗေဒါမြေဆွေးကုန်ကြမ်း ရယူသည့်နေရာအထိ စက်လှေများဖြင့် သွားရောက်ကြည့်ရှုခဲ့ပါသည်။ အင်းလေးကန်ထဲက ဗေဒါများကို သက်ဆိုင်ရာက စနစ်တကျ ဆယ်ယူစုပုံပေးထားသည်။ စွမ်းအားဖြည့်သဘာဝမြေဩဇာ ထုတ်လုပ်ရန် ဗေဒါမြေဆွေး ကုန်ကြမ်း လုံလောက်စွာ တွေ့ရှိရပါသည်။ ဗေဒါကို အကျိုးရှိရှိ၊ တန်ဖိုးရှိရှိ အသုံးချနိုင်၍ လည်း ဝမ်းသာပီတိဖြစ်ရပါသည်။ ထိုနေ့က ဖြစ်နိုင်လျှင် ဗေဒါသဘာဝမြေဩဇာ ထည့်သွင်း စိုက်ပျိုးထားသော တောင်သူ ဦးကျော်မြင့်၏ စပါးစိုက်ခင်းသို့လည်းကောင်း၊ လမ်းဦးစီးဌာန က ဝန်ထမ်း ဦးကိုဦးနှင့် ဇနီးဒေါ်အေးအေးခိုင်တို့ စိုက်ပျိုးထားသော ပြောင်းစိုက်ခင်းသို့ လည်းကောင်း သွားရောက်ကွင်းဆင်း ကြည့်ရှုလိုပါသေးသည်။ အချိန်မရတော့၍ ကြည့်ခွင့် မရခဲ့။ သို့သော် ထိုစပါးစိုက်ခင်းမှ နမူနာနှုတ်ယူလာသော ပင်စည်ပင်ပွား အားကောင်းကောင်း စပါးပင်ပျိုများကို မြင်ခဲ့ရသည်။ ဗေဒါသည် မကြာသောကာလမှာ ရှမ်းပြည်နယ် တစ်နံ တစ်လျားသို့ ရောက်ရှိသွားပါလိမ့်မည်။ ဗေဒါကိုသုံးစွဲခြင်းဖြင့် မြေဆီလွှာ ကောင်းမွန်လာ ခြင်း၊ ထွက်နှုန်းကောင်းခြင်း အကျိုးကျေးဇူးများကို လက်တွေ့ခံစားကြရပါလိမ့်မည်။ ရှမ်းပြည်နယ် သမဝါယမအသင်းစုချုပ်ကဲ့သို့ပင် အခြားသော တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးရှိ သမဝါယမအသင်းစုချုပ်များ၊ အသင်းစုများအနေဖြင့်လည်း အခြေခံကုန်ကြမ်း အမျိုးမျိုးအသုံးပြုကာ သဘာဝမြေဩဇာများ ထုတ်လုပ်၍ နိုင်ငံတော်၏ စိုက်ပျိုးရေးလုပ်ငန်း သွင်းအားစုများ အထိုက်အလျှောက် လျှော့ချနိုင်ရေး၊ တန်ဖိုးသင့် သဘာဝမြေဩဇာများဖြင့် တောင်သူလယ်သမားတို့၏ စိုက်ပျိုးသီးနှံများ ဖြစ်ထွန်းအောင်မြင်လာစေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းဂုဏ်ပြုရေးသားအပ်ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm