Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဝန်ပြန်ကျေးရွာက ဝါးအသက်မွေးဝမ်းကျောင်းပညာသင်တန်း


04 Jul,2022

မြင့်စိုး(နတလ)

ပြည်ထောင်စုဝန်ကြီး တက်ရောက်ဖွင့်လှစ်

          ပြီးခဲသည့် ဇွန်လ ၃၀ ရက်နေ့၊ နံနက်ပိုင်း၌ သင်တန်းဖွင့်ပွဲအခမ်းအနားတစ်ခု တက်ရောက်လေ့လာခွင့် ရခဲ့သည်။ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ခေတ်အေးကျေးရွာ အုပ်စု၊ ဝန်ပြန်ကျေးရွာတွင် ဖွဲ့စည်းထားသော ဘမ်ဘူးဝါးကုန်ထုတ်သမဝါယမအသင်း၏ ဝါးလက်မှုပညာသင်တန်း ဖွင့်ပွဲအခမ်းအနား ဖြစ်သည်။ အခမ်းအနားတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အမှာစကားပြောကြား ရာ၌ နေပြည်တော်နှင့် ပတ်ဝန်းကျင်ဒေသများ၌ ဝါးများပေါများစွာ ပေါက်ရောက်နေကြောင်း၊ ဒေသခံများအနေဖြင့် ဝါးကိုအကျိုးရှိရှိ အသုံးချတတ်ဖို့လိုကြောင်း၊ သစ်တောသစ်ပင်များ မပြုန်းတီးစေရေးအတွက် ဝါးအစားထိုးအသုံးပြုနိုင်သည့်နေရာများတွင် အသုံးပြုခြင်းဖြင့် ဒေသ၏ ဂေဟစနစ် မပျက်ယွင်းစေရေးကို အထောက်အကူပြုပါကြောင်း၊ ဝါးအခြေခံ တန်ဖိုးမြှင့်ထုတ်ကုန် (Value Added) များ ထုတ်လုပ်၍ ဒေသခံပြည်သူများ ဝင်ငွေတိုးပွား စေမည့်အပြင် နိုင်ငံခြားဝင်ငွေ ရှာဖွေနိုင်သည်အထိ အကျိုးရှိလာမှာဖြစ်ကြောင်း၊ ဘမ်ဘူးဝါး ကုန်ထုတ်သမဝါယမအသင်းအနေဖြင့် အနယ်နယ်အရပ်ရပ်မှ ဝါးလက်မှုပညာ သင်ကြားလို သူများအား ဝါးပရိဘောဂသင်တန်း၊ ဝါးလက်မှုသင်တန်း၊ ဝါးအဆောက်အဦသင်တန်း၊ ဝါးတာရှည်ခံ ဆေးစိမ်သင်တန်း စသည့် ပညာရပ်များကို သင်ကြားပို့ချပေးနေသည့်အပြင် မြန်မာ့ရိုးရာမျှစ်အစားအစာများ၊ ဝါးပေါင်းခံရေမှ ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများအပါအဝင် အမယ်စုံသင်ကြားပေးနေသည့်အတွက် များစွာဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း ပြောကြားခဲ့သည်။

          သင်တန်းဖွင့်ပွဲ အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘမ်ဘူးဝါး ကုန်ထုတ်သမဝါယမအသင်းက ထုတ်လုပ်ထားသော လက်မှုအနုပညာပစ္စည်းများ၊ လူသုံး ကုန်ပစ္စည်းများ၊ ပရိဘောဂပစ္စည်းများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။ ယင်းနောက် သင်တန်းသား သင်တန်းသူများနှင့်တွေ့ဆုံ၍ ဂုဏ်ပြုစကားများပြောကြားကာ ထောက်ပံ့ငွေ များ ပေးအပ်ခဲ့ပါသည်။

လမ်းညွှန်ချက်များအား လိုက်နာဆောင်ရွက်

          သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်၊ ဒေသခံပြည်သူများ အနေဖြင့် သစ်အစား ဝါးမှဝင်ငွေရရှိရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ ဝါးအခြေခံလက်မှု အနုပညာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး အားပေးကူညီဆောင်ရွက်ရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်ခဲ့ရာ နေပြည်တော် ကောင်စီနယ်မြေအတွင်း၌ အဆိုပါလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။ ဝန်ပြန်ကျေးရွာ၌ သမဝါယမအသင်း ဖွဲ့စည်းရေး၊ ရှေ့လုပ်ငန်းစဉ်များ အောင်မြင်ရေး ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

မြစ်ဝကျွန်းပေါ်သား ကျွန်တော်

          မြစ်ဝကျွန်းပေါ်သား ကျွန်တော်၊ ငယ်စဉ်ကတည်းက ကြိမ်တော ဝါးတောမှာ ကြီးပြင်း လာရသကဲ့သို့ အလယ်တန်းကျောင်းသားဘဝမှာ နှီးရေပုံးရက်လုပ်ခြင်း၊ ကောက်စိုက်သမ များ အသုံးပြုသည့် ပီလမ ရက်လုပ်ခြင်းလုပ်ငန်းများကို ကိုယ်တိုင်လုပ်ခဲ့ဖူးသည်။ အဖေက ကျောင်းဆရာဖြစ်သော်လည်း မြင်လိုက်တာနှင့် အကုန်တတ်သော ကျောင်းဆရာဖြစ်နေ ပါသည်။ ကျွန်တော်တို့နေသော အိမ်ကို ကိုယ်တိုင်ဆောက်သည်။ အိမ်ရှေ့ကရေတွင်း (လက်တူးတွင်း)ကို အတောင် ၄၀ ခန့်ကို ကိုယ်တိုင်တူးသည်။ ရွာဦးကျောင်းဆရာတော်ကြီး ပျံလွန်တော်မူသောအခါ အရိုးအိုးစေတီကို ပုံထုတ်၍ ပန်းရံသမားများနှင့် ရွာထိပ်မှာ တည်သည်။ ပတ္တလားနှင့် ဘင်ဂျိုတီးခြင်း၊ တယောထိုးခြင်းများ တတ်မြောက်သကဲ့သို့ ပန်းချီ ဆွဲခြင်းကိုလည်း တတ်ထားသေး၏။ ပီလမ အဟောင်းကြီးတစ်ခု အိမ်သို့ယူလာပြီးလျှင် ကြိမ်အနားကွပ်များကို ဖြုတ်၍ အားလုံးခွာလိုက်သည်။ ဖင်ပြန်ခေါင်းပြန် အသေးစိတ် တိုင်းထွာ မှတ်သားပြီးသကာလ ကိုယ်တိုင်နှီးဖြာ၍ ရက်လုပ်ပါသည်။ ပြီးလျှင် စလူနှင့် ဘိလပ်မြေအိပ်ခွန်ကိုထည့်၊ ကြိမ်အနားကွပ်ခြင်းများကို စိတ်တိုင်းမကျမချင်း တဒုတ်ဒုတ် တခွပ်ခွပ်နှင့် ထုရိုက်၍ လုပ်နေပါတော့သည်။ ပုံကျပန်းကျဖြစ်ပြီ၊ ရပြီဆိုသည်နှင့် ကျွန်တော် တို့ ညီအစ်ကိုမောင်နှမများကို ကိုယ်စီတာဝန်ခွဲဝေ သင်ကြားပေးသည်။ အကြမ်းထည် ရက်လုပ်သူ၊ ခေါင်းချိုးသူ၊ ကြိမ်အနားကွပ်သူ စသည်ဖြင့်။ သည့်အတွက် ကျွန်တော်တို့ အိမ်သည် နွေရာသီကျောင်းပိတ်ရက်ကာလ တစ်လျှောက်လုံး နှီးထွေး၊ ဝါးထွေးများကြားမှာ ကြိမ်နံ့ဝါးနံ့များ သင်းနေသော အလုပ်ရုံလေးတစ်ခုပမာ။ ပီလမကဲ့သို့ပင် ဝါးနှီးရေပုံးလုပ်ငန်း ကိုလည်း တတ်အောင်သင်ကြားပေးသေးသည်။ ထိုအချိန်က နေရာဒေသ တော်တော်များများ မှာ စက်ရေတွင်းဆိုတာ မမြင်ဖူးခဲ့။ မိရိုးဖလာ လက်တူးတွင်းများကိုသာ အုတ်စီ၍တစ်မျိုး၊ ကွန်ကရစ်လောင်းပြီး ဂွေချ၍တစ်ဖုံ ပြုလုပ်ထားခြင်းဖြစ်ရာ ရေပုံးများကို လျှော်ကြိုးများ တပ်၍ ငင်ရပါသည်။ ပလပ်စတစ်ကြိုး၊ ပလပ်စတစ်ရေပုံးများ မပေါ်သေးပါ။ နှီးရေပုံး ရက်လုပ်ရာတွင်လည်း အကြမ်းထည်ရက်သူ၊ အနားကွပ်၍ကိုင်းထိုးသူ၊ အင်တွဲသုတ်သူ စသည်ဖြင့် ကိုယ့်တာဝန်နှင့်ကိုယ်ပင်။ နွေရာသီ ကျောင်းပိတ်ရက်ကာလကို အကျိုးရှိရှိ အသုံးချနိုင်သည့်အပြင် မိသားစုဝင်ငွေရလုပ်ငန်းတစ်ခုဖြစ်၍ ကျွန်တော်တို့ ပျော်ခဲ့ဖူးသည်။ ယနေ့ခေတ် ဝါးအခြေခံလက်မှု အနုပညာရှင်များကမူ ခေတ်မီဆန်းသစ်သော အတွေးအခေါ် ဒီဇိုင်းများနှင့် နိုင်ငံခြားဝင်ငွေ ရရှိသည်အထိ တီထွင်ဖန်တီးလုပ်ကိုင် နေကြပေပြီ။ များစွာ ဂုဏ်ယူဝမ်းသာ ဖြစ်ရပါသည်။

အမှတ်ရမိသော ကြိမ်/ ဝါးသင်တန်းတစ်ခု

          လွန်ခဲ့သည့် ၁၆ နှစ်တာကာလက နယ်စပ်/ စည်ပင်ဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့သော ကြိမ်/ဝါးသင်တန်း တစ်ခုကို ကျွန်တော်အမှတ်ရမိနေသည်။ တပ်မတော်အစိုးရလက်ထက် နိုင်ငံတော်အကြီး အကဲ၏ လမ်းညွှန်ချက်အရ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ယင်းသင်တန်းကျောင်း၌ ၂၀၀၆ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့ ဖွင့်လှစ်ခဲ့သော စီမံခန့်ခွဲရေးသင်တန်းအမှတ်စဉ် ၂၇၊ အဆင့်မြင့် အိမ်တွင်းမှုသင်တန်းအမှတ်စဉ် ၁၄၊ ယဉ်ကျေးမှုနည်းပြများမွမ်းမံသင်တန်းအမှတ်စဉ် ၃၊ စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် ၄၆၊ ၄၇ တို့နှင့်အတူ အိမ်တွင်းလက်မှုလုပ်ငန်း(ကြိမ်/ဝါး) သင်တန်းအမှတ်စဉ် ၁ ကိုပါတစ်ပြိုင်တည်း ဖွင့်လှစ်ခဲ့သည်။ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန်းဝင်း (ဗိုလ်မှူးကြီး သန်းဝင်း-ငြိမ်း) တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ အိမ်တွင်းလက်မှုလုပ်ငန်း (ကြိမ်/ဝါး) သင်တန်းအမှတ်စဉ် ၁ တွင် သင်တန်းသူ ၃၄ ဦး တက်ရောက်ခဲ့ကြရာ အားလုံးသည် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းများမှ နည်းပြများ ဖြစ်ကြပြီး သက်ဆိုင်ရာကျောင်းအသီးသီးတွင် ဆင့်ပွားသင်တန်း ပြန်လည်ပို့ချနိုင်ရန် တက်ရောက် သင်ယူကြခြင်းဖြစ်၏။ သင်တန်းနည်းပြများကလည်း ကျွန်တော်တို့ ဧရာဝတီတိုင်းသားများ ဖြစ်ကြသည်။ ရေကြည်၊ ငါးသိုင်းချောင်းဒေသများမှ လာရောက်သင်ကြားပို့ချပေးခြင်း ဖြစ်ပါသည်။ ကြိမ်နန်းဆွဲခြင်း၊ နှီးဖြာခြင်းစသော အခြေခံအတတ်ပညာများမှအစ လက်ရာ မြောက် လက်မှုအသုံးအဆောင်ပစ္စည်းများ ဖန်တီးလုပ်ဆောင်နိုင်သည်အထိ သင်ကြား တတ်မြောက်ခဲ့ကြသည်။

ဘမ်ဘူးဝါးကုန်ထုတ်သမဝါယမအသင်း

          ကျွန်တော်တို့မိတ်ဆွေ ဦးတိုင်းကျော်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေ ပါသည်။ ဘမ်ဘူးဝါးကုန်ထုတ်သမဝါယမအသင်းကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့၌ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ခေတ်အေးကျေးရွာအုပ်စု၊ ဝန်ပြန်ကျေးရွာတွင် အမှုဆောင် ၇ ဦး၊ အသင်းသား ၄၃ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ အသင်း၏ ရည်ရွယ်ချက် များမှာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်၊ ဝါးအခြေခံလုပ်ငန်း များမှ နေ့စဉ်ဝင်ငွေရရှိစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန်၊ ဒေသဝါး ထုတ်ကုန်ကို အခြေခံကာ အဆင့်မြှင့်ထုတ်ကုန်အဖြစ် တစ်ဆင့်ချင်း အကောင်အထည်ဖော် သွားရန်၊ ဝါးမှနိုင်ငံခြားဝင်ငွေ ရရှိနိုင်သော အဓိကလုပ်ငန်းတစ်ခု ဖြစ်လာစေရန်ဟူ၍ ဖြစ်ပါသည်။ အထက်ပါရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရာတွင် ဒေသခံပြည်သူ များအနေဖြင့် ဝါး၏တန်ဖိုးကို နားလည်လက်ခံအောင် စည်းရုံးဟောပြောခြင်း၊ ဝါးတောများ မပြုန်းတီးစေရေးအတွက် စနစ်ကျသော ဝါးခုတ်နည်းသင်တန်းပေးခြင်း၊ ဝါးတန်ဖိုးမြှင့် ထုတ်ကုန်သင်တန်းများပေးခြင်း၊ ဌာနဆိုင်ရာများ ဒေသခံပြည်သူများနှင့် ပူးပေါင်းကာ ဝါးလုပ်ငန်း တိုးတက်ရေးဆောင်ရွက်ခြင်း၊ လေ့လွင့်ဝါးအမှိုက်များမှ ဝါးမီးသွေးနှင့် ဝါးပေါင်း ခံရည် ထုတ်လုပ်နည်းသင်တန်းများပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ဆက်လက်၍ လည်း မြန်မာ့ရိုးရာ မျှစ်အစားအစာကို နိုင်ငံတကာ ဈေးကွက်ဝင်သည်အထိ ပြုပြင်မွမ်းမံ ထုတ်လုပ်ရန်၊ ဈေးကွက်ဝင်ဝါးပင်များ အစားထိုးစိုက်ပျိုးရန်၊ ဝါးအခြေခံ နိုင်ငံတကာအဆင့်မီ ကုန်ချောပစ္စည်းများ ထုတ်လုပ်သွားရန် ရည်မှန်းဆောင်ရွက်လျက် ရှိပါသည်။

အောင်မြင်ပါစေဘမ်ဘူး

          ဘမ်ဘူးဝါးကုန်ထုတ်သမဝါယမအသင်းက ပထမအကြိမ် ဖွင့်လှစ်ခဲ့သော ယခု သင်တန်းသို့ အနယ်နယ်အရပ်ရပ်မှ သင်တန်းသား၊ သင်တန်းသူ ၃၂ ဦး တက်ရောက်လျက် ရှိသည်။ နေထိုင်စားသောက်ရေးဆိုင်ရာ အုပ်ချုပ်မှုကိစ္စများကို စနစ်တကျ စီစဉ်ဆောင်ရွက် ပေးထားသည်။ ဒီဇိုင်းရေးဆွဲနည်း၊ အဆောက်အအုံဆောက်လုပ်ခြင်း၊ ပရိဘောဂပြုလုပ်ခြင်း၊ လူသုံးကုန်ပစ္စည်းများ ပြုလုပ်ခြင်းသာမက စာရင်းကိုင်ပညာရပ်များကိုပါ သင်ကြားပို့ချပေး လျက်ရှိသည်။ သင်တန်းသားများသည် နောင်တစ်ချိန်တွင် ထုတ်လုပ်သူများ ဖြစ်လာပါလိမ့် မည်။ မိမိနှင့် မိမိဒေသ အကျိုးစီးပွားအတွက်သာမက နိုင်ငံတော်၏ မျှော်မှန်းချက်များကိုပါ အကောင်အထည်ဖော် ဆောင်ရွက်ကြမည့် လူငယ်လူရွယ်များ ဖြစ်လာပါလိမ့်မည်။ သည့် အတွက်လည်း ဂုဏ်ယူဝမ်းမြောက်စွာ အားပေးနေပါသည်။ အောင်မြင်ပါစေဘမ်ဘူး…။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm