Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

MCRD co-op mart အရောင်းဆိုင်ဖွင့်ပွဲအခမ်းအနားနှင့် သမဝါယမလုပ်ငန်းများ ရှင်သန်ရေး ဆောင်ရွက်ရမည့်လုပ်ငန်းများ ရှင်းလင်းခြင်း အစည်းအဝေး ကျင်းပ


01 Jul,2022

နေပြည်တော် ဇူလိုင် ၁

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့တွင် ကျရောက်မည့် နှစ် (၁၀၀)ပြည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် MCRD Co-op Mart အရောင်းဆိုင်ဖွင့်ပွဲ အခမ်း အနားနှင့် သမဝါယမလုပ်ငန်းများရှင်သန်ရေး ဆောင်ရွက်ရမည့်အချက်များ ရှင်းလင်းခြင်းနှင့် ချေးငွေလုပ်ငန်းကြီးကြပ်မှုဗဟိုကော်မတီ အစည်းအဝေးတို့ကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၆) ၌ ကျင်းပပြုလုပ်ပါသည်။

ဦးစွာ နှစ် (၁၀၀) ပြည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် MCRD co-op mart အရောင်းဆိုင်ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး    ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပါသည်။

အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ယနေ့အခမ်းအနားသည် နှစ် (၁၀၀) ပြည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် MCRD co-op mart အရောင်းဆိုင် စတင်ဖွင့်လှစ်သည့်နေ့ဖြစ်၍ မင်္ဂလာရှိသောနေ့ဖြစ်ပါကြောင်း၊ ဝန်ထမ်းများ၏ သက်သာချောင်ချိရေးအတွက် အဓိက ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး သမဝါယမအသင်းများ၏ စံနမူနာ ဖြစ်စေဖို့လည်း ရည်ရွယ်ပါကြောင်း၊ MCRD co-op mart အရောင်းဆိုင် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခဲ့ကြသည့် တာဝန်ရှိသူများအားလုံးကို အထူးကျေးဇူးတင်ပါကြောင်း၊ MCRD co-op mart တွင် သမဝါယမဦးစီးဌာနအနေနဲ့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်အစရှိတဲ့ အခြေခံ စားသောက်ကုန်များကို တာဝန်ယူရောင်းချပေးမှာဖြစ်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနက ယွန်းပညာကောလိပ်နဲ့ ရက်ကန်းကျောင်းများမှ ထွက်ရှိသော ယွန်းထည်နဲ့ ရက်ကန်းထည်များ၊ လူသုံးကုန်များ၊ စားသောက်ကုန်များကို အမျိုးအစား စုံလင်ပြီး ဈေးနှုန်းမှန်ကန်စွာဖြင့် ရောင်းချပေးသွားမှာဖြစ်ကြောင်း၊ အမြတ်ရရေးကို ဦးစားမပေးဘဲ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးရေး၊ ဝန်ဆောင်မှုကောင်းကောင်းဖြင့် အောင်မြင်သော အရောင်းဆိုင်တစ်ခုဖြစ်လာ စေရေး ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်မှာဖြစ်ကြောင်း၊ အရောင်းဆိုင် ရေရှည်တည်တံ့စေရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ယူဆောင်ရွက်ကြသူများအားလုံး ပူးပေါင်းကြိုးပမ်း ဆောင်ရွက် ကြပါလို့ တိုက်တွန်းပြောကြားလိုပါကြောင်း၊ လိုအပ်ချက်များအား စဉ်ဆက်မပြတ် ပံ့ပိုးကူညီပေးသွားမှာဖြစ်ကြောင်း ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များက အရောင်းဆိုင်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ဆိုင်အတွင်း လှည့်လည်ကြည့်ရှု အားပေးပါသည်။

ဆက်လက်၍ သမဝါယမလုပ်ငန်းများရှင်သန်ရေး ဆောင်ရွက်ရမည့်အချက်များ ရှင်းလင်းခြင်းနှင့် ချေးငွေလုပ်ငန်းကြီးကြပ်မှုဗဟိုကော်မတီ အစည်းအဝေးကို အဆိုပါရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဗဟိုသမဝါယမအသင်း ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ညွှန်ကြားရေးမှူးများ၊ သမဝါယမအသင်းစုချုပ်များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက သမဝါယမဦးစီးဌာနအနေဖြင့် ပြည်သူတို့ ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးအတွက် ထိရောက်အကျိုးရှိမည့် မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်း စဉ်များ ချမှတ်ကာ ပြည်သူတို့၏ လိုအပ်ချက်များကို အမှန်တကယ် ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးနေပါကြောင်း၊ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများတွင် သမဝါယမနည်းလမ်းဖြင့် သမဝါယမအသင်းများက ကူညီ ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုသမဝါယမအသင်း များ ဖွံ့ဖြိုးတိုးတက်ရန်အတွက် သမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်းအဆင့်ဆင့်တို့က ညှိနှိုင်းပေါင်းစပ်ပြီး ချမှတ်ထားသည့် ရည်မှန်းချက်၊ မူဝါဒ၊ လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက် သွားရန် လိုအပ်ပါကြောင်း၊ အမှန်တကယ် အလုပ်လုပ်လိုသူများ၊ စိတ်ဝင်စားသူများဖြင့် သမဝါယမအသင်းသစ်များ တိုးချဲ့ဖွဲ့စည်းပြီး BOD များ ရွေးချယ်တင်မြှောက်ရာတွင်လည်း လုပ်ငန်း ကျွမ်းကျင်ပြီး တက်ကြွသောပုဂ္ဂိုလ်များ ပါဝင်လာနိုင်ရေး စည်းရုံးဖွဲ့စည်းသွားကြရန် လိုပါကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများအတွက် လိုအပ်သော စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးခြင်း၊ မျိုး၊ သွင်းအားစုများ ဖြည့်ဆည်းပေးခြင်းနှင့် လယ်ယာသုံးစက်ကိရိယာများအား အရစ်ကျစနစ်ဖြင့် ရောင်းချခြင်း၊ သမဝါယမအသင်းများမှ ထုတ်လုပ်သည့် သဘာဝမြေဩဇာများအား စိုက်ပျိုး ထုတ်လုပ်ရေး သမဝါယမအသင်းများမှ အသင်းသားများကို ပြန်လည်ဖြန့်ဖြူးရောင်းချပေးခြင်း၊ တောင်သူများ ဆုံးရှုံးနစ်နာမှု မရှိစေရေးနှင့် သီးနှံများအထွက်တိုးစေရေး၊ ဈေးကွက်ခိုင်မာမှု ရရှိရေး တို့အတွက် ကုမ္ပဏီများနှင့် ချိတ်ဆက်၍လည်းကောင်း၊ နိုင်ငံတော်ဘတ်ဂျက်မှ ပံ့ပိုးငွေ ရယူ၍ လည်းကောင်း၊ အသင်းပိုင်ငွေဖြင့်လည်းကောင်း သမဝါယမ ကန်ထရိုက်လယ်ယာလုပ်ငန်း (Cooperative Contract Farming) တို့ကို ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသ ကြီး/ ပြည်နယ်သမဝါယမအသင်းစုချုပ်များ၊ မြို့နယ်သမဝါယမအသင်းစုများနှင့် ချိတ်ဆက်ပြီး လယ်ယာထွက်ကုန် သီးနှံများ၊ ဆန်စပါး၊ စားသုံးဆီ၊ ရေထွက်ကုန်ပစ္စည်းများကို စတင်ဆောင်ရွက် သည့်အချိန်များ၌ အမြတ်မယူ အရှုံးမရှိစေရေး မူနှင့်အညီ ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊

ကျေးရွာအခြေခံအဆောက်အဦများ ဖွံ့ဖြိုးစေခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်၊ သွင်းအားစု၊ ငွေကြေးဝန်ဆောင်မှုနှင့် နည်းပညာများ ပံ့ပိုးပေးခြင်းဖြင့် ကျေးလက်စီးပွားရေးမြင့်မားလာစေရန်၊ အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးအတွက် ကျေးရွာသမဝါယမအသင်းအဖွဲ့များ စွမ်းဆောင်ရည် မြင့်မားလာစေရန် ရည်ရွယ်ပြီး ခေတ်မီစံပြ ကျေးရွာ (Smart Village) ထူထောင်ရေးစီမံကိန်းများအား ယခုဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး/ ပြည်နယ် (၁)ခုစီ၌ စံပြကျေးရွာ (Smart Village) (၃) ရွာစီ ရွေးချယ်ထားပြီး သမဝါယမအသင်း အဖွဲ့များ ခိုင်မာအားကောင်းစေခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစားကုန်ထုတ်လုပ်မှု လုပ်ငန်းတို့အတွက် လိုအပ်သောအရင်းအနှီး ချေးငွေများ ထုတ်ချေးပေးခြင်း၊ လယ်ယာသုံးစက်ကိရိယာများအပါအဝင် စက်ကိရိယာများ ပံ့ပိုးပေးခြင်း၊ မျိုးကောင်း၊ မျိုးသန့်နှင့် သွင်းအားစု များ ထောက်ပံ့ပေးခြင်း၊ သမဝါယမကန်ထရိုက်လယ်ယာ (Cooperative Contract Farming) စနစ် ဆောင်ရွက်ပေးခြင်း၊ လူသုံး၊ အိမ်သုံးနှင့် ဒေသထွက်ကုန်သီးနှံများ ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းတို့ကို Focalအဖြစ် တာဝန်ယူဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း၊ ဝန်ကြီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ အောင်မြင်စေရေး အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနရှိ ဦးစီးဌာန (၄) ခုမှ ပေါင်းစပ်ညှိနှိုင်းကာ တက်ညီလက်ညီဖြင့် ဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက သမဝါယမ လုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက် မည့် အခြေအနေများအားလည်းကောင်း၊ ဗဟိုသမဝါယမအသင်းဥက္ကဋ္ဌ ဦးအောင်ဖြူက လုပ်ငန်း ဆောင်ရွက်နေမှုများအားလည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်သမဝါယမဦးစီးဌာန၊ ညွှန်ကြား ရေးမှူးများနှင့်  သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား အသီးသီး ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm