Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး (၁၆) ကြိမ်မြောက် အာဆီယံ-တရုတ် လူမှုဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးဆိုင်ရာဖိုရမ်သို့ တက်ရောက်ဆွေးနွေး


28 Jun,2022

နေပြည်တော် ဇွန်လ ၂၈

၁၆ ကြိမ်မြောက် အာဆီယံ-တရုတ် လူမှုဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးဆိုင်ရာဖိုရမ်ကို ယနေ့ နံနက်ပိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ The National Rural Revitalization Administration မှ အိမ်ရှင်အဖြစ်လက်ခံ၍ Online Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ အဆိုပါ ဖိုရမ်သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားကျေးလက်ဖွံ့ဖြိုးရေးနှင့်ပြန်လည် ဆန်းသစ်ရေးစီမံခန့်ခွဲမှု အဖွဲ့မှ Administrator H.E. LUI Huanxin နှင့် အဖွဲ့ဝင်များ၊ အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ်၊ မြန်မာနိုင်ငံမှ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ ဝန်ကြီးနှင့် ဒုတိယဝန်ကြီးများ၊ အဆင့်မြင့် အရာရှိကြီးများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အပြည်ပြည်ဆိုင်ရာဆင်းရဲမှု လျော့ချရေးဗဟိုဌာန (IPRCC) မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြကြောင်းသိရသည်။  

ရှေးဦးစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အမျိုးသားကျေးလက်ဖွံ့ဖြိုးရေးနှင့်ပြန်လည်ဆန်းသစ်ရေး စီမံခန့်ခွဲမှုအဖွဲ့မှ Administrator H.E. LUI Huanxin က အဖွင့်မိန့်ခွန်းပြောကြားပြီး အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ် H.E. Ekkaphab Phanthavong တို့မှ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှု လျော့ချရေးအတွက် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ၊ ရှေ့ဆက်ဆောင်ရွက်မည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုတိုးတက်ရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ မိန့်ခွန်းပြောကြားကြပါသည်။

ယင်းနောက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးရာတွင် အာဆီယံ နိုင်ငံများအနေဖြင့် ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုအစီအစဉ်အား ပြည့်မီစွာဆောင်ရွက်ရမည့် သတ်မှတ် ကာလဟာ  နီးကပ်နေပြီကြောင်း၊ လွန်ခဲ့တဲ့နှစ်များ အတွင်း ကမ္ဘာ့ကူးစက်ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် မမျှော်မှန်းထားတဲ့ စိန်ခေါ်မှု အခက်အခဲများ၊ အလှည့် အပြောင်းများ ကြုံတွေ့ခဲ့ရပြီး ခက်ခက်ခဲခဲ ကိုင်တွယ်ဖြေရှင်းခဲ့ရပါကြောင်း၊ ဒီလိုကြုံတွေ့ခဲ့ရတဲ့ အခြေအနေများအပေါ် သင်ခန်းစာကောင်းများ ရယူပြီးတော့ ဘက်စုံလွှမ်းခြုံပြီး၊ ကဏ္ဍပေါင်းစုံ ပါဝင်တဲ့ ကျေးလက်ဖွံ့ဖြိုးရေး အသွင်ကူးပြောင်းနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်လျက် ရှိပါကြောင်း၊ ဒါကြောင့်ဘက်စုံကဏ္ဍစုံ ပေါင်းစည်း ဆောင်ရွက်ရေး လမ်းကြောင်းပေါ် လျှောက်လှမ်း နိုင်ရန်အတွက် အာဆီယံကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာလုပ်ငန်း စီမံချက်မူဘောင် ၂၀၂၁-၂၀၂၅ ကို ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ပေါင်းစည်းဆောင်ရွက်ရေးဆိုင်ရာ လမ်းညွှန်ချက် တစ်ခုအဖြစ် ရေးဆွဲချမှတ်ပြီး မြန်မာနိုင်ငံ အနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ယခုအခါ မိမိတို့နိုင်ငံတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအား ဖွဲ့စည်းတည်ထောင်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များကို ပိုမိုဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ သက်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့အစည်းများ နှင့် ပူးပေါင်း၍ ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒ၊ မဟာဗျူဟာများ၊ အချိန်တိုအတွင်း အောင်မြင်နိုင်မည့် အစီအမံများကို ချမှတ်ရေးဆွဲပြီး ကာလတို-ကာလလတ် ဖွံ့ဖြိုး‌ရေးလုပ်ငန်းစဉ်များကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း ကျေးလက်ဒေသ အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေး၊ ကျေးလက်အသက်မွေးဝမ်းကျောင်း နှင့် မိသားစုဝင်ငွေ မြင့်မားရေး၊ အသေးစား၊ အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေးနှင့် ‌မွေးမြူရေးကဏ္ဍ အခြေပြု သမဝါယမဖွံ့ဖြိုးတိုးတက်ရေးတို့ကို အဓိကအလေးပေး အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးအတွက် အဓိကမောင်းနှင်အားဖြစ်သည့် ကျေးလက် အမျိုးသမီးများနှင့် လူငယ်များရဲ့ အခန်းကဏ္ဍကိုလည်း ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ရန် လူထုအခြေပြုဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို  လေ့လာအတုယူ၍ မိမိတို့နိုင်ငံနှင့် ကိုက်ညီသော ဖွံ့ဖြိုးရေးလုပ်ငန်း များအား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း‌၊ မိမိတို့ မြန်မာနိုင်ငံ လူဦးရေရဲ့ (၇၀) ရာခိုင်နှုန်းခန့်ဟာ ကျေးလက်ဒေသများတွင် နေထိုင်လျက်ရှိပြီး ၎င်းတို့ရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ အနေဖြင့် စိုက်ပျိုးရေးလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် ဆက်စပ်သောစီးပွားရေးလုပ်ငန်းများကို အဓိက မှီခိုလုပ်ကိုင်လျက်ရှိကြပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့် မိမိတို့မြန်မာနိုင်ငံအနေဖြင့် စဉ်ဆက်မပြတ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အောင်မြင်နိုင်စေရန်အတွက် မြို့ပြနှင့် ကျေးလက်ဒေသများအကြား၊ တိုင်းဒေသကြီးများ နှင့် ပြည်နယ်များအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေး ဆောင်ရွက်သွားရန် မျှော်မှန်း ထားရှိပြီးဖြစ်ပါကြောင်း၊ အဆိုပါ မျှော်မှန်းချက်ပြည့်မီစေရေးအတွက် မိမိတို့ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဖွံ့ဖြိုးရေး အဖွဲ့အစည်းများ ပူးပေါင်း၍ ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒများ၊ မဟာဗျူဟာများ၊ ရေးဆွဲချမှတ်ပြီး ကာလတို-ကာလလတ် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် မိမိတို့ ဝန်ကြီးဌာနအနေနှင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံ တဲ့ ကုန်ထုတ်သမဝါယမကဏ္ဍ မြှင့်တင်ရေးလုပ်ငန်းများ၊ ကျေးလက်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝဘက်စုံ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် အသေးစားနှင့်အလတ်စား စက်မှု လက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ လက်ရှိ ပြောင်းလဲလာတဲ့ ဖွံ့ဖြိုးရေးအခင်းအကျင်းများကြောင့် ကျေးလက်ဖွံ့ဖြိုးရေး မဟာဗျူဟာများနှင့် စီမံချက်များကို ဘက်စုံလွှမ်းခြုံ နိုင်ပြီး ကဏ္ဍစုံပေါင်းစည်း ဆောင်ရွက်သွားဖို့  လိုအပ်ပါကြောင်း၊ ဒါကြောင့် မိမိတို့အနေဖြင့် လက်ရှိ ကျေးလက်ဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များ အားလုံးကို ပေါင်းစည်းဆောင်ရွက်သွားမယ့် ခေတ်မီစံပြကျေးရွာစီမံကိန်းကို စတင်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ စီမံကိန်းဟာ ကျေးလက်လူမှုစီးပွားဘဝ ဘက်စုံဖွံ့ဖြိုး တိုးတက်လာစေရန်အတွက် ဒီဂျစ်တယ်နည်းပညာများ ပေါင်းစပ်၍ ဆန်းသစ် ခေတ်မီတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရည်ရွယ်ထားရှိပါကြောင်း၊ မိမိတို့အနေဖြင့် ယခုကျင်းပတဲ့ ဖိုရမ်ရဲ့ ဆောင်ပုဒ်ဟာ အာဆီယံနိုင်ငံများနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံအကြား ဆင်းရဲနွမ်းပါးမှု လျှော့ချ ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ၊ အတွေ့အကြုံများကို အပြန်အလှန် မျှဝေဖလှယ်နိုင်တဲ့အတွက် ထောက်ခံကြို ဆိုပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေးဆောင်ရွက်မှု အတွေ့အကြုံများအရ ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ကျေးလက်ဖွံ့ဖြိုးရေးကို အောင်မြင်စွာဆောင်ရွက် နေရေးအတွက် ရပ်ရွာလူထု ခေါင်းဆောင်မှုဟာ အရေးကြီးတဲ့ အခန်း ကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ ဒါကြောင့် မိမိတို့ရဲ့ ကျေးလက်ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှု ပပျောက်ရေး လုပ်ငန်းစဉ်တွေမှာ ရပ်ရွာလူထု ခေါင်းဆောင်မှု ဖွံ့ဖြိုးရေးကို အထောက်အကူပြု စေဖို့အတွက် ဖွံ့ဖြိုးရေးဆိုင်ရာ အရင်းအနှီး(၃)မျိုးကို ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ပထမအရင်း အနှီးအနေနဲ့ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် အသိပညာ မြှင့်တင်ခြင်းလုပ်ငန်းများ အတွက် လူသားအရင်းအနှီး ဖွံ့ဖြိုးအောင်ဆောင်ရွက်ခြင်း၊ ဒုတိယအနေနဲ့ ဆင်းရဲမှုလျော့ချ‌ရေးနဲ့ ကျေးလက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက်ငွေကြေးအရင်းအနှီး လက်လှမ်းမီ ရရှိစေခြင်း၊ ကျေးလက်နေပြည်သူလူထုကိုယ်တိုင် ဆုံးဖြတ်ချက်များ ချမှတ်ပိုင်ခွင့်ရှိစေရန်နဲ့ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုကို ကျင့်သုံးနိုင်ရေးအတွက် လူမှုရေးအရင်းအနှီးများ တည်ဆောက် ပေးခြင်းတို့ကို မိမိတို့ရဲ့ စီမံကိန်းလုပ်ငန်းစဉ်တွေမှာ ထည့်သွင်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ မိမိတို့ မြန်မာနိုင်ငံ အကြား နိုင်ငံရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာအားကောင်း စေရန်၊ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းမှုကို အလေးထားမြှင့်တင်နိုင်စေရန်၊ လူမှု-ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန်နှင့် ချစ်ကြည်ရင်းနှီးမှုများကို မြှင့်တင်နိုင်ရန် အတွက် မဟာဗျူဟာမြောက် ဘက်စုံပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့ပါကြောင်း၊ ဒါ့ကြောင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအစိုးရထံမှ မိမိတို့ မြန်မာ နိုင်ငံရဲ့ ကျေးလက်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းများ အတွက် အကူအညီ အထောက်အပံ့များ ရရှိခဲ့ပါကြောင်း၊ တရုတ်နိုင်ငံအစိုးရ၏ ငွေကြေးပံ့ပိုး ကူညီမှုများဖြင့် ကျေးရွာအဆင့်ဆင်းရဲမှု လျော့ချရေးစံပြ စီမံကိန်း ကို ၂၀၂၁ ခုနှစ်တွင် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ လက်တလောကာလတွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေအောက်မှ ကျေးရွာအဆင့်ဆင်းရဲမှုလျော့ချရေး စီမံကိန်း အဆင့်(၂)၊ ကျေးလက်ရေရရှိရေးစီမံကိန်း၊ ကျေးလက် မီးလင်းရေးစီမံကိန်းနဲ့ ဘက်စုံကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန် စီစဉ်လျက်ရှိပါကြောင်း၊ တရုတ် နိုင်ငံအစိုးရအနေဖြင့် ငွေကြေးအထောက်အပံ့များနဲ့ နည်းပညာအကူအညီတို့အပြင် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ အသိပညာနှင့် အတွေ့အကြုံ များ မျှဝေပေးတဲ့အတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအစိုးရအား မိမိတို့မြန်မာနိုင်ငံမှ အထူး ကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်နိုင်ငံ၏ ဆင်းရဲ နွမ်းပါးမှုပပျောက်‌ရေး ဆိုင်ရာအောင်မြင်မှုများဟာ မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှုလျော့ချရေးဆိုင်ရာ ကြိုးပမ်း ဆောင်ရွက်ချက်များအတွက် အဖိုးတန်သော စံနမူနာများအဖြစ် အသုံးချနိုင်မည်ဟုလည်း မိမိတို့အနေနဲ့ ယုံကြည်မိပါကြောင်း၊ မိမိတို့အားလုံး သဘောတူညီထားသော ဘုံရည်မှန်းချက် ပန်းတိုင်ကို အရောက်လှမ်း နိုင်ရေးအတွက် မြန်မာနိုင်ငံ အနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မိတ်ဖက်နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ ဒါ့အပြင် မိမိတို့မြန်မာနိုင်ငံအနေဖြင့် သာယာဝပြောသော အမိမြေကို တည်ဆောက်ရာမှာ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၊ မိတ်ဖက်နိုင်ငံများ အားလုံးနှင့်အတူ လက်တွဲပူးပေါင်း၍ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း ဆွေးနွေးပြောကြား ပါသည်။

ဆက်လက်ပြီးတက်ရောက်လာသော တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အဆင့်မြင့်ကိုယ်စားလှယ်ကြီးများက လူမှုဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျော့ချရေး လုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်ရည်မှန်းချက်များနှင့် ချိတ်ဆက် ဆောင်ရွက် နေမှုများ၊ အောင်မြင်မှုများ၊ အတွေ့အကြုံကောင်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးပြောကြားကြသည်။  ယင်းနောက် လူမှုဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေး ပူးပေါင်း ဆောင်ရွက်မှုကဏ္ဍနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူနေမှုအဆင့်အတန်း ပတ်ဝန်းကျင် တိုးတက်ပြောင်းလဲရေးဆိုင်ရာကဏ္ဍတို့ကို အုပ်စုများခွဲ၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm