Language : မြန်မာ | Eng
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမဟူသည်


28 Jun,2022

သမဝါယမဟူသော စကားရပ်သည် မြန်မာနိုင်ငံ၌ သမဝါယမအသင်းများ စတင်တည်ထောင် သော ၁၉၀၅ ခုနှစ်တွင် အင်္ဂလိပ်ဘာသာစကား "ကိုအော့ပရေးရှင်း" (Co-Operation) ကို ဆီလျှော် အောင် ဘာသာပြန်ဆို၍ သုံးစွဲလာသည့် ပါဠိပျက်စကားရပ်တစ်ခုဖြစ်သည်။ လုပ်ငန်းတစ်ခုခုကို လူအများစုပေါင်းဆောင်ရွက်ကြရာ၌ ပါဝင်သောပုဂ္ဂိုလ်တိုင်းသည် မိမိ၏ ကာယ၊ ဉာဏ၊ လုပ်အား များကို မိမိစွမ်းနိုင်သည့် နေရာအသီးသီးမှ ရေသာခို လှေကြုံမလိုက်ပဲ အများနှင့် ညီတူညီမျှ အတူတကွ ပူးပေါင်းဆောင်ရွက်ကြရန်ဟူသော အဓိပ္ပါယ်ပါရှိသည်ဟုဆိုသည်။ သမဝါယမ စကားရပ်ကို မြန်မာ အဘိဓာန်က အများစုပေါင်း၍ ကုန်ထုတ်၊ ကုန်ရောင်း စသည့် လုပ်ကိုင်ကာ တရားသဖြင့်ရသည့် အကျိုးအမြတ်ကို မျှတစွာခံစားသည့်လုပ်ငန်းဟု အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။ သမဝါယမအသင်းများ သည် မည်သည့်လုပ်ငန်းများကို ဆောင်ရွက်ကြပါသနည်းဆိုသော် သမဝါယမအသင်းတွင် ပါဝင်ကြသည့် အသင်းဝင်၊ အသင်းသားတို့၏ စီးပွားရေးနှင့် လူမှုရေးလုပ်ငန်းများကို ဆောင်ရွက်ကြပါသည်ဟု ဆိုရ ပါမည်။ ဂျာမနီနိုင်ငံ၌ လယ်သမားများ၏ ငွေစုငွေချေး သမဝါယမအသင်းများကို ၁၈၆၂ ခုနှစ်က စတင်တည်ထောင်ခဲ့သူ ရဖိုက်ဆင့် (F.W Raiffeisen) ( ၁၈၁၈ - ၁၈၈၈ ) ဆိုသူက " အများအကျိုးကို တစ်ဦးစီကဆောင်ရွက်၍ တစ်ဦးစီအတွက် အများကဆောင်ရွက်သည်" (One for all – All for one) ဆိုသည့် သမဝါယမဆောင်ပုဒ်ကို တီထွင်ခဲ့ရာ ကမ္ဘာ့သမဝါယမလောကကို ယနေ့ထက်တိုင် တန်ဖိုးထား သုံးစွဲလျှက်ရှိကြပါသည်။

          လူသည် မွေးဖွားလာကတည်းက တသီးပုဂ္ဂလရပ်တည်၍ မရပဲ ပတ်ဝန်းကျင်လောကအပေါ် မှီခိုအားထားနေထိုင်ရလေရာ ကမ္ဘာဦးမှ ယနေ့တိုင် သမဝါယမသဘောမျိုး စုပေါင်းနေထိုင်လုပ်ကိုင် ဆောင်ရွက်သည့် ဓလေ့ရှိခဲ့ပါသည်။ သို့ရာတွင် ၁၈၄၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်တွင် အင်္ဂလန်နိုင်ငံ ရော့ခ်ဒေးလ်မြို့ တုတ်လိန်းလမ်းတွင် ရက်ကန်းသမား (၂၈)  ဦးတို့မှ ကုန်စုံဆိုင်ဖွင့်လှစ်အောင်မြင် ခဲ့ခြင်းမှ အစပြု၍ သမဝါယမဟူ၍ ပီပီပြင်ပြင်ဖြစ်ပေါ်လာကြောင်း သမိုင်းမှတ်တမ်းတင်ခဲ့ကြပါသည်။

          အင်္ဂလန်နိုင်ငံတွင် ၁၈၃၆ ခုနှစ်မှစ၍ လူတို့၏ စီးပွားရေးအခြေအနေများ ဆုတ်ယုတ်ကျဆင်း လာပြီး ၁၈၄၀ ပြည်နှစ်မှစ၍ ၁၈၄၉ ခုနှစ်အထိ စီးပွားရေးကပ်ဆိုက်ခဲ့ပါသည်။ အဆိုပါစီးပွားရေး ကပ်၏ဒဏ်ကို အဆိုးရွားဆုံးခံလိုက်ရသောဒေသများတွင် ချည်ထည်နှင့်သိုးမွေးထည်များ ရက်လုပ် သည့် "လင်ကရှိုင်းယား" (Lanca Shire) နယ်လည်းပါဝင်ခဲ့လေသည်။ ထိုအချိန်က အဆိုပါနယ်တွင် လူဦးရေ (၂၅၀၀၀) ခန့်ရှိသော ရောခ်ဒေးလ် ဟုအမည်တွင်သည့် မြို့ကလေးတစ်မြို့ရှိလေသည်။ ချည်ထည်ရက်လုပ်သော စက်ရက်ကန်းများသည် ထိုမြို့ကလေးသို့ ၁၈၂၀ ပြည်နှစ်တွင် ရောက်ရှိ လာပြီး ၁၈၃၁ ခုနှစ်တွင် သိုးမွေးထည်ရက်လုပ်သော စက်များလည်းရောက်ရှိလာလေသည်။ သို့ရာတွင် ထိုမြို့ကလေး၌ ၁၈၄၀ ပြည့်နှစ် ကျော်လွန်သည့်တိုင်အောင် သိုးမွေးထည်များကို လက်ရက်ကန်းများဖြင့် ဆက်လက်ရက်လုပ်နေခဲ့ကြလေသည်။ လက်ရက်ကန်းသမားများသည် စက်ယက်ကန်းများနှင့် ကြာရှည်ယှဉ်ပြိုင်လုပ်ကိုင်နိုင်စွမ်းမရှိသဖြင့် လက်ရက်ကန်းများကိုစွန့်လွှတ်ကာ စက်ရုံများတွင်ဝင်၍ အလုပ်သမားအဖြစ်လု်ပကြရလေသည်။ အချို့မှာအလုပ်လက်မဲ့ဘဝသို့ ကျရောက်ခဲ့ ရလေသည်။ စက်ရုံများတွင်ဝင်ရောက်လုပ်ကိုင်ကြသူများသည် အရင်းရှင်စနစ်ဆိုး၏ ဒဏ်ကို အလူးအလဲ ခံခဲ့ကြရလေသည်။ အထူးသဖြင့် အရင်းရှင်ကုန်စုံဆိုင်များ၏ အန္တရာယ်သည် အကြီးမားဆုံးနှင့် အဆိုးရွားဆုံးဖြစ်ခဲ့လေသည်။ အမျိုးအစားညံ့ဖျင်းသည့် ကုန်ပစ္စည်းများနှင့် ရောနှောထားသော စားသုံးကုန်များကို မတန်တဆဈေးကြီးပေး၍ ဝယ်ယူစားသုံးကြရလေသည်။ လုပ်ခလစာများလည်း တဖြည်းဖြည်းလျှော့ကျလာခဲ့လေသည်။ ထိုဒဏ်ကိုကြာရှည်ခံနိုင်စွမ်းမရှိသည့်အဆုံး အလုပ်သမားများကစက်ရုံများကို သပိတ်မှောက်ကြရာ သပိတ်ပြိုကွဲပြီး အလုပ်သမားအများ အပြား တို့ အလုပ်လက်မဲ့ ဘဝသို့ ကျရောက်ရပြန်သည်။ ထိုအချိန်က အလုပ်သမားများမခံအရပ်နိုင် အောင် ခံစားနေရသည့် ဆင်းရဲဒုက္ခများမှာ စားသုံးကုန်ဈေးနှုန်းများ အဆမတန် ကြီးမြင့်ခြင်း၊ အရောအနှော စားသုံးကုန်များကို အန္တရာယ်ကြီးမားစွာ ဝယ်ယူစားသုံးနေရခြင်း၊ လူနေထိုင်ရန် ပင်မသင့်လျော် သည့် နေအိမ်အခန်း များတွင် ပြွတ်သိပ်၍ နေထိုင်ရခြင်းဖြစ်သည်။ သို့ဖြစ်၍ ထိုဒုက္ခများမှ လွတ်မြောက်ရာလွတ်မြောက်ကြောင်း လမ်းစကို အလုပ်သမားတို့ ရှာကြံခဲ့ကြလေသည်။ အစည်း အဝေးများပြုလုပ်၍ မိမိတို့၏ ဘဝရပ်တည်မှုအတွက် လတ်တလောအရေးကြီးဆုံးလိုအပ်ချက်များ ကို ဆန်းစစ်ဖော်ထုတ်ကြလေ သည်။ ဤသို့ဖြင့် ရော့ခ်ဒေးလ်မြို့မှ စိတ်တူသဘောတူဖြစ်ကြသည့် ဖလန်နယ်ရက်ကန်သမား (၂၈) ဦးတို့သည် ကုန်စုံဆိုင်တည်ထောင်ရန် ငွေစုကြလေသည်။ မတည်ငွေ ရရှိရေးအတွက် တစ်ဦးလျှင် တစ်ပဲနိမှတသျှီလျှင်အထိ တတ်နိုင်သမျှအသီးသီးထည့်ဝင် စုဆောင်း ကြရာ တစ်နှစ်ကြာသောအခါ စတာလင်ပေါင် (၂၈) ပေါင် ရရှိခဲ့ကြလေသည်။ မတည်ငွေရရှိခဲ့ကြသော အခါ  "ချားလ်စ်ဟောက်ဝပ်သ်" (Charles Howarth) အမည်ရှိ ပုဂ္ဂိုလ်က ခေါင်းဆောင်လျှက် အောက် ဖော်ပြပါ ရည်ရွယ်ချက်များပါဝင်သော အသင်း၏စည်းမျဉ်းကိုရေးဆွဲကာ ရော့ခ်ဒေးလ် ကုန်စုံဆိုင် သမဝါယမအသင်းကို တည်ထောင် ခဲ့ကြလေသည် -

(၁)     စားသောက်ကုန်နှင့် အဝတ်အထည်ရောင်းချသည့် ကုန်စုံဆိုင်တစ်ခုကို တည်ထောင် ဖွင့်လှစ်ရန်

(၂)      အသင်းသားများနေထိုင်ရန်အတွက် နေအိမ်များကိုဝယ်ယူရန် (သို့မဟုတ်) ဆောက်လုပ် ရန်

(၃)     အလုပ်လက်မဲ့ဖြစ်နေကြသည့် အသင်းသားများ အလုပ်ရရှိစေခြင်းငှာ အသင်းက ဆုံးဖြတ်သတ်မှတ်သော ကုန်ပစ္စည်းထုတ်လုပ်သည့် အလုပ်ရုံများဖွင့်လှစ်ရန်

(၄)     အလုပ်လက်မဲ့အသင်းသားများနှင့် လုပ်ခနည်းသည့်အလုပ်သမားများ ဝင်ငွေရရှိစေရေး အတွက် စိုက်ပျိုးရေးလုပ်ကိုင်ရန် လယ်ယာမြေများကို ဝယ်ယူရန် (သို့မဟုတ်) ငှားရမ်းရန်

(၅)     လက်တွေ့ဆောင်ရွက်နိုင်သော အချိန်သို့ရောက်ရှိသည့်အခါ အသင်းက ကုန်ပစ္စည်း ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း၊ ပညာပေးခြင်း၊ စီမံခန့်ခွဲခြင်းစသည့် လုပ်ငန်း များကို လုပ်ကိုင်ရန် အစီအစဉ်ပြုလုပ်၍ ပြင်ပကိုမှီခိုအားထားခြင်းမပြုရသော စုပေါင်း ကျေးရွာတစ်ခု တည်ဆောက်ရန်

(၆)     အသင်းကဖွင့်လှစ်နိုင်သည့်အချိန်တွင် အရက်သေစာများကို ရောင်းချခြင်းမပြုသည့် ဟိုတယ် တစ်ခုဖွင့်လှစ်ရန်

          ဖလန်နယ်ရက်ကန်းသမား (၂၈) ဦးတို့သည် (၁) ဦးလျှင် စတာလင်ပေါင် (၁) ပေါင်ကျစီ ထည့်ဝင်စုဆောင်းထားသော မတည်ငွေ (၂၈) ပေါင်အနက်မှ ကုန်စုံဆိုင်ဖွင့်လှစ်ရန် ဂိုဒေါင်တစ်ခု၏ အောက်ထပ်ကို တစ်နှစ်စာအတွက် (၁၀) ပေါင်ပေး၍ ငှားရမ်းသည်။ ပရိဘောဂအတွက် (၂) ပေါင် သုံးစွဲသည်။ ကျန်ငွေ (၁၆) ပေါင်ဖြင့် ဆိုင်တွင်တင်ရောင်းရန် ကုန်ပစ္စည်းဝယ်သည်။ ဆိုင်စတင်ဖွင့်လှစ် သည့်နေ့က ဂျုံ၊ သကြား၊ ထောပတ်၊အုတ်မီးလ်ခေါ်သီးနှံတစ်မျိုးနှင့် ဖယောင်းတိုင်ဟူသော ပစ္စည်း(၅) မျိုးကိုသာ တင်ရောင်းနိုင်ခဲ့ကြသည်။ ရက်သတ္တတစ်ပတ်လျှင် (၂) ကြိမ်မျှ ညနေပိုင်းတွင်သာ ဖွင့်လှစ် ရောင်းချနိုင်ခဲ့ကြသည်။ အရောင်းစားရေးမခန့်ပဲ အသင်းသားများကိုယ်တိုင် အခကြေးငွေမယူပဲ အလှည့်ကျစနစ်ဖြင့် ဆိုင်ထိုင်ခဲ့ကြသည်။ ဆိုင်စတင်ဖွင့်လှစ်ချိန်မှ တစ်နှစ်လုံး တစ်ပိုင်တနိုင်သာ လုပ်ကိုင် ခဲ့ကြသည်။ ယင်းနောက်တွင် အမဲသား၊ သိုးသားများ တင်ရောင်းခဲ့ကြသည်။ နောက်ပိုင်းတွင် တဖြည်း ဖြည်းနှင့် အထည်အလိပ် အရောင်းဌာနဖွင့်လှစ်ခြင်း၊ အသင်းပိုင်ဂျုံစက်တစ်ခု တည်ထောင်ခြင်း၊ လက်ကားအရောင်းဌာနဖွင့်လှစ်ခြင်း၊ ဖိနပ်ချုပ်၊ အပ်ချုပ်လုပ်ငန်းဌာနများဖွင့်လှစ်ခြင်း စသည်ဖြင့် လုပ်ငန်းများ တိုးချဲ့ဖွင့်လှစ်ခဲ့ကြသည်။ နောက်ဆုံးတွင် အခြေခိုင်မာလျှက် နှစ်ပေါင်းများစွာ တိုးတက် ဖွံ့ဖြိုးသွားခဲ့ကြလေသည်။ သမဝါယမမော်ကွန်းကျောက်စာတိုင်မှာပင် ကမ္ဗည်းထိုးရသည်အထိ အောင်မြင် သွားကြသည်။ ယင်းသည်ကာ ကမ္ဘာသမဝါယမသမိုင်း၏ အစပင်ဖြစ်လေသည်။

          အထက်ဖော်ပြပါ ကမ္ဘာသမဝါယမ၏ သမိုင်းအစ ရော့ခ်ဒေးလ် သမဝါယမအသင်း အောင်မြင် ရခြင်းအကြောင်းတရားများကို ဆန်းစစ်ကြည့်ပါက မိမိတို့၏လိုအပ်ချက်များကို တိတိကျကျ ဆန်းစစ်၍ ရည်ရွယ်ချက် ( လမ်းပြမြေပုံ ) တိတိကျကျရှိခြင်း၊ ရည်ရွယ်ချက်ပေါက်မြောက်ရန် ပြင်းပြသောဆန္ဒ ရှိခြင်း၊ ရှေ့လောမကြီးပဲ မိမိတို့တတ်နိုင်သလောက်သာ တစ်ပိုင်တနိုင်လုပ်ကိုင်ဆောင်ရွက်ခြင်း၊ ဆန္ဒ တူသူများ စုပေါင်းမိခြင်း၊ ဆန္ဒတူသူများသာ စုစည်းမိ၍ ညီညွှတ်ခြင်း၊ စနစ်တကျလုပ်ကိုင်ဆောင်ရွက် တတ်ခြင်း၊ သမဝါယမအသင်းဖွဲ့စည်းရာတွင် မည်ကာမတ္တဖွဲ့စည်းခြင်းမဟုတ်ပဲ မိမိတို့၏ ရည်ရွယ်ချက် ပန်းတိုင်ရောက်ရှိရန် အလေးနက်ထားဖွဲ့စည်းခဲ့ခြင်း စသည့်အောင်မြင်ကြောင်းတရားများကို တွေ့ရှိ ရမည်ဖြစ်ပါသည်။ သမဝါယမလုပ်ငန်း လုပ်ကိုင်သူများ စံနမူနာထား အတုယူဖွယ်ရာဖြစ်ပါသည်။

          သို့ဖြစ်ပါ၍ မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်ရှိ ဖွဲ့စည်းပြီး၊ ဖွဲ့စည်းစဲ၊ ဖွဲ့စည်းလတ္တံ့သော သမဝါယမအသင်းများအနေဖြင့် ရော့ခ်ဒေးလ် ရှေ့ဆောင်လမ်းပြအသင်းကို စံနမူနာထား အတုယူ လျှက် သမဝါယမအသင်းမည်ကာမတ္တဖွဲ့စည်းခြင်းမဟုတ်ပဲ မိမိတို့၏ စီးပွားရေး၊ လူမှုရေး လိုအပ်ချက် များကို မိမိတို့ကိုယ်တိုင် စွမ်းဆောင်ရယူနိုင်ကြပါစေကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါသတည်း။

ကိုးကား ။                   ။ သမဝါယမနိဒါန်း၊ ရေးသူ - ဦးလှမောင်၊ ဒုတိယအကြိမ်ပုံနှိပ်ခြင်း၊ ၁၉၈၁ ခုနှစ်၊ စက်တင်ဘာလ

 ကြီးမြင့်နိုင် ( လွိုင်ကော် )


ဆက်သွယ်ရန်

Dial these numbers and email in case of any emergency

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၉၅ - ၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm