Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တက္ကသိုလ်များ၊ ကောလိပ်များ၊ သမဝါယမသင်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေးနှင့် ဒေသထွက်ကုန်များအား တန်ဖိုးမြှင့်ထုတ်လုပ်ဆောင်ရွက်သွားမည်


17 May,2022

နေပြည်တော် မေ ၁၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုအောက်ရှိ သမဝါယမ တက္ကသိုလ်များ၊ သမဝါယမကောလိပ်များ၊ သမဝါယမသင်တန်းကျောင်းများ ဖွင့်လှစ်ခြင်းနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၁၆) နေပြည်တော်၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက မြန်မာလူငယ်များ၏ အနာဂတ်များ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ပညာရေးသည် အဓိကဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနတွင် သမဝါယမ တက္ကသိုလ်များ၊ သမဝါယမကောလိပ်များ၊ ရက်ကန်းကျောင်းများ၊ ပုဂံယွန်းကောလိပ်၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းများ၊ သမဝါယမ စာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်း ကျောင်းများ ရှိပါကြောင်း၊ အဆိုပါကျောင်းများမှ အသိပညာရှင် အတတ်ပညာရှင်များ မွေးထုတ်ပေး နိုင်ရေး ဖွင့်လှစ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ တာဝန်ရှိသူအသီးသီးက စဉ်ဆက် မပြတ် ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။

ထို့နောက် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ပါမောက္ခချုပ်နှင့် သမဝါယမ နှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) တို့မှ ပါမောက္ခချုပ်တို့မှ သင်တန်းများ ဖွင့်လှစ်ပို့ချ ပေးနိုင်မှုအခြေအနေများ၊ ယခု Semester တွင် ဖွင့်လှစ်သွားမည့် သင်တန်း(၄)ခုနှင့် သင်တန်း နည်းပြ ဆရာ/ ဆရာမများအတွက် Capacity Building and Training of Trainer on Pedagogy သင်တန်းများ ဖွင့်လှစ်ထားရှိမှုများ၊ စာသင်ဆောင်များနှင့် စားရိပ်သာများ စီစဉ်ဆောင်ရွက်ထားမှု အခြေအနေများ၊ ပညာရေးတက္ကသိုလ်များနှင့် ပူးပေါင်းပြီး သင်တန်းများ ဖွင့်လှစ်မည့်အခြေအနေ များ၊ Free Online Courses များ၊ Certificate in Business သင်တန်းများ၊ Entrepreneur of Business Management သင်တန်းများနှင့် ကျောင်းသားကျောင်းသူများအတွက် လုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား တင်ပြဆွေးနွေးပါသည်။

ဆက်လက်၍ သမဝါယမကောလိပ် (ဖောင်ကြီး)၊ သမဝါယမကောလိပ် (မန္တလေး) နှင့် ပုဂံ ယွန်းပညာကောလိပ်တို့မှ ကျောင်းအုပ်ဆရာမကြီးများက ကျောင်းအပ်လက်ခံပေးနေမှု အခြေအနေ များ၊ ဖွင့်လှစ်သွားမည့် သင်တန်းများ၊ သင်ကြားပို့ချပေးမည့် ဘာသာရပ်များနှင့် ကျောင်းသား ကျောင်းသူများ၏ နေထိုင်စားသောက်ရေး အဆင်ပြေစေရန် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေ များအား တင်ပြကြပါသည်။

အဲဒီနောက် တက်ရောက်လာကြသော ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်နှင့် ညွှန်ကြားရေးမှူးချုပ်များက တက္ကသိုလ်များ၊ ကောလိပ်များနှင့် သင်တန်းကျောင်းများ ဖွင့်လှစ်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ပံပိုးဆောင်ရွက်ပေးမည့်ကိစ္စများအား ဝိုင်းဝန်းဆွေးနွေး ကြပါသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ကျောင်းသားကျောင်းသူများ၏ နေထိုင် စားသောက်ရေး အဆင်ပြေစေရန် မိမိတို့က တတ်နိုင်သမျှ နည်းလမ်းရှာ ဆောင်ရွက်ပေးသွားရမည် ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူအသီးသီးက  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရမည်ဟု လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ယနေ့ ညနေပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ ကျေးလက်နေတောင်သူများ၏ လူမှုစီးပွား ဘဝ မြင့်မားလာစေရန် ဒေသထွက်ကုန် သစ်သီးဝလံများအား ကုန်ကြမ်းအဖြစ်မှ Value Added တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် အဆင့်မြှင့်တင်ထုတ်လုပ်နိုင်ရန်နှင့် လုပ်ငန်းလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသော မြန်မာရွှေသစ်သီးဝလံကုမ္ပဏီလိမိတက် (Myanmar Golden Produce Co.,ltd) ပိုင် သစ်သီးဝလံများ တန်ဖိုးမြှင့်ထုတ်ကုန်ပြုလုပ်သည့် စက်ရုံသို့ ရောက်ရှိပြီး Managing Director မှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ လုပ်ငန်း လိုအပ်ချက်များအား တင်ပြရာ ပြည်ထောင်စုဝန်ကြီးက စက်ရုံသို့သွင်းလာသည့် သရက်စိုက် တောင်သူသမဝါယမအသင်းများမှ စိန်တလုံးအပါအဝင် သရက်သီးများအား လက်ခံဆောင်ရွက် သည့်အတွက် စက်ရုံသာမက သမဝါယမအသင်းသား သရက်စိုက်တောင်သူများပါ အကျိုးဖြစ်ထွန်း နိုင်ကြောင်း၊ သရက်ခွံစွန့်ပစ်များအား တိရိစ္ဆာန်အစာ ထုတ်လုပ်နေမှုကို တိုးချဲ့ဆောင်ရွက်နိုင်ပါက ပိုမိုအကျိုးရှိနိုင်ကြောင်း၊ မူလစက်ရုံစွမ်းအား တစ်နေ့ တန် (၆၀) ထုတ်လုပ်နိုင်ရာမှ Production Line တိုးချဲ့ရန် လိုအပ်သော အရင်းအနှီးအား ရွှေကမ္ဘာငွေစုငွေချေး သမဝါယမအသင်းထံမှ သက်သာသော အတိုးနှုန်းဖြင့် ရယူဆောင်ရွက်ခဲ့ရာ ယခု တစ်နေ့တန် (၁၈၀) ခန့် ထုတ်လုပ် နိုင်ကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများအနေဖြင့် နေ့စဉ်လုပ်သား (၁၅၀) ခန့် အလုပ်အကိုင် ဖန်တီးပေးနိုင်ကြောင်း သိရသည်။

သစ်သီးဝလံများ တန်ဖိုးမြှင့်ထုတ်ကုန်ပြုလုပ်သည့် စက်ရုံမှ သရက်သီး၊ သရက်ပြင်၊ သရက် နံပြင်၊ သရက်မန်းကျည်းဂျယ်လီ၊ သရက်ပင်မှည့်ဂျယ်လီ၊ သရက်သီးအနှစ် စသည်ဖြင့် (၇) မျိုးခန့် Value Added ထုတ်လုပ်ပြီး ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက် ဆလိုဗက်ကီးယားနိုင်ငံ၊ ဒူဘိုင်းနိုင်ငံ၊ တူရကီနိုင်ငံနှင့် ယူရိုနိုင်ငံများသို့ ပေးပို့နိုင်ကြောင်း သိရှိရသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သစ်သီးဝလံများ တန်ဖိုးမြှင့်ထုတ်ကုန် ပြုလုပ်သည့် စက်ရုံ အတွင်း နိုင်ငံခြားသို့ ကုန်စည်ထုတ်လုပ်တင်ပို့သည့် လုပ်ငန်းစဉ်အဆင့်ဆင့်အား ကြည့်ရှုလေ့လာ ခဲ့ရာ တာဝန်ရှိသူများမှ လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း သတင်းရရှိပါသည်။

 

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm