Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးလက်ဒေသစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ စာတမ်းဖတ်ပွဲကျင်းပ


06 Jun,2023

နေပြည်တော် ဇွန် ၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်ဒေသစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စာတမ်းဖတ်ပွဲကို ယနေ့နံနက် ၉ နာရီ အချိန်က နေပြည်တော်ရှိ ရုံးအမှတ်(၃၆) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ကျေးလက်ဖွံ့ဖြိုးရေး မဟာဗျူဟာမူဘောင် (၅)ရပ်ချမှတ်ပြီး ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နေသလို သုတေသနလုပ်ငန်း (Research and Development) ကိုလည်း တစ်ဖက် တစ်လမ်းက ဆောင်ရွက်နိုင်သည့်အတွက် မိမိအနေဖြင့် ဝမ်းသာ ဂုဏ်ယူမိပါကြောင်း၊ ယခု စာတမ်းဖတ်ပွဲကျင်းပနိုင်ခြင်းဟာ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သက်သည့် အသိပညာရပ်များ တိုးတက်လာစေရန်၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် ပိုမိုတိုးတက် မြင့်မားလာစေရန်နှင့် သုတေသန တွေ့ရှိချက်များအပေါ် အခြေခံပြီး လက်တွေ့အသုံးချမယ့်နည်းလမ်းတွေ အသိပညာဖလှယ် နိုင်စေရန် စသည့် ရည်ရွယ်ချက်များချမှတ်ပြီး ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စာတမ်းရှင်များ၏ တင်ပြချက်များအပေါ် တက်ရောက်လာသူများမှ ပွင့်ပွင့်လင်းလင်း အမြင်ချင်းဖလှယ်ဆွေးနွေး သွားကြရန်နှင့် ဆွေးနွေးပွဲမှတဆင့် ကျေးလက်ဖွံ့ဖြိုးရေးဆိုင်ရာများကို အဖြေရှာသုံးသပ်ပြီး ထွက်ပေါ်လာသည့် ရလဒ်များအပေါ်အခြေခံ၍ နိုင်ငံတော်နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးစေရေးအတွက် စဉ်ဆက်မပြတ်ကျေးလက်ဖွံ့ဖြိုးရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် သွားကြစေလိုကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဦးဆောင်ကာ စာတမ်းများဖြစ်သည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းလည်ပတ်မှုနှင့် ရန်ပုံငွေဆုံးရှုံးမှု လျော့နည်းသက်သာစေရေး ဆောင်ရွက်မှုအပေါ် လေ့လာချက်စာတမ်းအား ညွှန်ကြားရေးမှူး ဒေါက်တာဇာနည်မင်းကလည်းကောင်း၊ ကျေးလက်ဒေသသန့်ရှင်းသော သောက်သုံးရေရရှိမှုကို Basic Service မှ Better Service စနစ်သို့ ကူးပြောင်းဆောင်ရွက်မှုလေ့လာချက်စာတမ်းအား ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဒေါ်ဝင့်ဝါဖြူကလည်းကောင်း၊ ဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက် ရာတွင် စာရင်းစစ်ကန့်ကွက်ချက်များ လျော့နည်းရေးအတွက် ဌာနတွင်း စီမံခန့်ခွဲကြီးကြပ် ဆောင်ရွက်မှု လေ့လာချက်စာတမ်းအား ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးကလျာလှိုင်က လည်းကောင်း၊ လူသားတိုင်းလက်လှမ်းမီပြီး ယုံကြည်စိတ်ချရသည့် မဟာဓာတ်အားလိုင်းပြင်ပ ကျေးလက်မီးလင်းရေးစနစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးအတွက် စိန်ခေါ်မှုများအပေါ် လေ့လာချက် စာတမ်းအား လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ) ဦးတင်ထွန်းအောင်ကလည်းကောင်း၊ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများအား အကျိုးရှိထိရောက်သော သင်တန်း များအဖြစ် ဖွင်လှစ်ပေး၍ ဈေးကွက်ရရှိရေးချိတ်ဆက်ဆောင်ရွက်ခြင်း လေ့လာချက်စာတမ်းအား ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းကလည်းကောင်း၊ ကျေးလက်ဖွံ့ဖြိုးရေးဆောင်ရွက်ရာတွင် ထိရောက်ကောင်းမွန်ပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန် စောင့်ကြည့်စစ်ဆေးခြင်းစနစ်အပေါ် လေ့လာသုံးသပ်ချက်စာတမ်းအား ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီလာစိုးကလည်းကောင်း အသီးသီး ဖတ်ကြားတင်ပြကြရာ တက်ရောက်လာသူများမှ ပွင့်ပွင့်လင်းလင်း အမြင်ချင်းဖလှယ်ဆွေးနွေး ကြပါသည်။

ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ် လမ်းညွှန်အမှာစကားပြောကြားကာ စာတမ်းဖတ်ပွဲအခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်းသိရသည်။

အဆိုပါ ကျေးလက်ဒေသစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စာတမ်းဖတ်ပွဲကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ)များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm