Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သဘာဝဘေးသင့် ဒေသများတွင် ရေသန့်စင်ခြင်းလုပ်ငန်း၊ သောက်သုံးရေဖြန့်ဖြူးခြင်းနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်


05 Jun,2023

နေပြည်တော် ဇွန်  ၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနဟာ မြို့ပြနှင့် ကျေးလက်အကြား ဖွံ့ဖြိုးမှု ကွာဟချက် ကျဉ်းမြောင်းစေရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး တို့အတွက် ဘက်စုံကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ဒါ့အပြင် ဝန်ကြီးဌာန၏ ပင်မလုပ်ငန်းတာဝန်များဖြစ်သည့် သမဝါယမဖွံ့ဖြိုးရေး၊ အသေးစားစက်မှုလက်မှုလုပ်ငန်း၊ ကျေးလက်အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေး လုပ်ငန်းများအပြင် နိုင်ငံတော်၏ မူဝါဒ၊ ဦးတည်ချက်များနှင့်အညီ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ သွင်းအားစုများ ထောက်ပံ့ပေးခြင်း၊ ဆီထွက်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းများမှာ ငွေကြေးအပါအဝင် သွင်းအားစု ထောက်ပံ့မှုနှင့် ဆိုလာရေတင်စနစ်ဆောင်ရွက်ပေးခြင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကန်ထရိုက်လယ်ယာစနစ် ဖော်ဆောင်ခြင်းများကိုလည်း သက်ဆိုင်ရာဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ပေးလျက် ရှိကြောင်း ယနေ့နေ့လယ်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ် (၁၆) သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ် နှစ်ပတ်လည် လုပ်ငန်းညှိနှိုင်းအစည်းဝေးနှင့် ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ရောဂါကပ်ဘေး ကျရောက်မှုနှင့် အခက်အခဲများကြားက ၂၀၂၂-၂၀၂၃ ဘဏ္ဍာ ရေးနှစ်အတွင်း ကုန်ထုတ်လမ်း/ တံတား၊ ကျေးလက်ဒေသရေရရှိရေး၊ ကျေးလက်ဒေသ မီးလင်းရေး လုပ်ငန်းများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း၊ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်း လုပ်ငန်းများအပြင် အသက်မွေးဝမ်းကျောင်း သင်တန်းများလည်း ဖွင့်လှစ်ပေးနိုင်ခဲ့တဲ့အတွက် ကျေးရွာပေါင်း (၂၃,၀၀၀) ခန့်က အိမ်ထောင်စုပေါင်း (၂.၆)သန်းခန့်ကို အမှန်တကယ် အကျိုးပြုနိုင် ခဲ့ကြောင်း၊ ဆိုင်ကလုန်းမုန်တိုင်း မိုခါဖြတ်သန်းတိုက်ခတ်ခဲ့သည့် ဒေသများမှာ    ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး ပြည်သူလူထု၏ လူမှုစီးပွားဘဝအပေါ် ထိခိုက်အကျိုး သက်ရောက်မှုတွေ ဖြစ်ပေါ်ခဲ့ ကြောင်း၊ မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့သည့် ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် အခြားဒေသတွေမှာ မိမိတို့ ဦးစီးဌာနရုံး အဆောက်အအုံတွေ၊ ဝန်ထမ်းအိမ်ရာတွေ၊ ဌာနပိုင်ယာဉ်စက်ကိရိယာ ပျက်စီးမှုရှိတာတွေကို အမြန်ဆုံး ပြုပြင်သွားကြဖို့ လိုအပ်ကြောင်း၊ အခက်အခဲများရှိပါကအချိန်နှင့်တစ်ပြေးညီ ဦးစီးဌာန(ရုံးချုပ်)နှင့် ဝန်ကြီးဌာနကို တင်ပြကြဖို့ မှာကြားလိုကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် “အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည် ထူထောင်ရေးလုပ်ငန်းကော်မတီ” ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ အထူး သဖြင့် မိုခါမုန်တိုင်းဒဏ်ခံစားခဲ့ရသော ဘေးဒဏ်သင့်ဒေသများမှာ ရေသန့်စင်ခြင်းလုပ်ငန်း၊ သောက်သုံးရေဖြန့်ဖြူးခြင်း၊ လာမယ့်မိုးရာသီ အချိန်မီ ထွန်ယက်စိုက်ပျိုးနိုင်ရန်နှင့် စိုက်ပျိုး မွေးမြူရေးလုပ်ကိုင်သူများ အဓိကလိုအပ်သည့့် မျိုးစေ့၊ မျိုး၊ မြေဩဇာစတဲ့ သွင်းအားစုများ၊ စက်ကိရိယာများ၊ ငွေကြေးအရင်းအနှီးများ ထောက်ပံ့ပေးခြင်း အပါအဝင် အသက်မွေးဝမ်းကျောင်း ဆိုင်ရာလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် အင်တိုက်အားတိုက် ဆောင်ရွက်ပေးကြဖို့ မှာကြားလို ပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်သည့်အခါ မိမိတစ်ဖွဲ့တည်း ဆောင်ရွက်လို့ မရနိုင်တာကြောင့် ဒေသအုပ်ချုပ်ရေးအဖွဲ့တွေ၊ ဒေသခံပြည်သူတွေ၊ သက်ဆိုင်ရာ ဌာနများနှင့် နီးနီးကပ်ကပ် ပူးပေါင်းလက်တွဲဆောင်ရွက်ကြဖို့ မှာကြားလိုပါကြောင်း ပြောကြားပါ သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ခေတ်အဆက်ဆက်က ဆောင်ရွက်ခဲ့ရာ ဒေသခံပြည်သူများအပါအဝင် ဝန်ကြီးဌာနအချင်းချင်း၊ ဦးစီးဌာနအချင်းချင်း ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ကြတာကို သုံးသပ်တွေ့ရှိရသော်လည်း ဒေသဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းတွေမှာ ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းပါဝင်မှု အားနည်းနေသေးတာကို တွေ့မြင်နေရပါကြောင်း၊ ဒါကြောင့် ပုဂ္ဂလိကကဏ္ဍ ပါဝင်ဆောင်ရွက်နိုင်တဲ့ ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးရန်နှင့် ၎င်းတို့ပူးပေါင်းပါဝင်မှုကို မြှင့်တင်ပေးရန်အတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် “ဒေသအခြေပြုဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း”ကို အကောင်အထည်ဖော်သွားဖို့ စီစဉ်လျက်ရှိပါကြောင်း၊ စီမံကိန်းအောင်မြင်မှု ရလဒ်ကောင်းများရရှိရေး ဦးစီးဌာနများအနေနှင့် ကျရာအခန်းကဏ္ဍကနေ တက်တက်ကြွကြွ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြဖို့ အထူးမှာကြားလိုပါကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့့် လယ်ယာစီးပွားမြှင့်တင်ရေးနှင့် တိုင်းဒေသကြီး/ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသများ၏ စီးပွားတိုးတက်မြင့်မားရေးကို ဆောင်ရွက်နိုင်ရန် ရည်မှန်းပြီး “နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ” တစ်ရပ်ထူထောင်ကာ စိုက်ပျိုးမွေးမြူရေးကို အခြေခံပြီး ကုန်ထုတ်လုပ်မှုကို မြှင့်တင်နိုင်ရေးလုပ်ငန်းများကို စီမံဆောင်ရွက်ပေးလျက်ရှိပေါကြောင်း၊ မိမိတို့ဝန်ကြီးဌာနက သမဝါယမဦးစီးဌာနအနေနှင့်လည်း မြစိမ်းရောင်(သမဝါယမစီမံကိန်း)နှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေကို ပါဝင်ဆောင်ရွက်နေတာဖြစ်လို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေနဲ့ သင်တန်းပို့ချခြင်းအပါအဝင် နည်းပညာပိုင်းဆိုင်ရာကိစ္စတွေမှာပါ အပြန်အလှန် ပူးပေါင်း ကူညီဆောင်ရွက်ကြဖို့ တိုက်တွန်းမှာကြားလိုပါကြောင်း၊

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှာ ဆောင်ရွက်ရမည့် တင်ဒါလုပ်ငန်းစဉ်များကို သတ်မှတ်အချိန်အတွင်း ပြီးစီးရေးဆောင်ရွက်သွားဖို့နှင့် မိမိသက်ဆိုင်ရာ အစိုးရအဖွဲ့များထံ လုပ်ငန်းခွင့်ပြုချက်ရရှိရေး တင်ပြသည့်အခါမှာလည်း ခွင့်ပြုချက် မြန်မြန်ရရှိရေး ဆောင်ရွက်သွားကြဖို့ မှာကြားလိုပါကြောင်း၊ ဒါ့ပြင် ယခုဘဏ္ဍာနှစ်အတွင်း လျာထားလုပ်ငန်းတွေကို သတ်မှတ်အချိန်အတွင်း အရည်အသွေး၊ စံချိန်စံညွှန်း ပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေးကို သက်ဆိုင် ရာ တိုင်းဒေသကြီး/ ပြည်နယ်များမှ တာဝန်ရှိသူအသီးသီးက ကြီးကြပ်ဆောင်ရွက်ကြဖို့ မှာကြား လိုပါကြောင်း၊ မိမိတို့ဆောင်ရွက်ပေးသည့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည် တည်တံ့ ခိုင်မြဲဖို့၊ စဉ်ဆက်မပြတ် အသုံးချနိုင်ဖို့အတွက် ဦးစီးဌာန(ရုံးချုပ်)၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဆင့်ကနေပြီး စောင့်ကြည့်စစ်ဆေး၊ အကဲဖြတ်ခြင်း လုပ်ငန်းစဉ်ကို အမြဲမပြတ် ဆောင်ရွက်ကြရန်နှင့် ဆောင်ရွက်ချက်များကိုလည်း စနစ်တကျ မှတ်တမ်းများထားရှိကြဖို့ မှာကြား လိုပါကြောင်း၊ စီမံကိန်းလုပ်ငန်းတွေကို ဆောင်ရွက်သည့်အခါ ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်ကြ ရန်၊ ငွေကြေးအလွဲသုံးစားမှုများ မဖြစ်ပေါ်စေရေး အဆင့်ဆင့် ကြီးကြပ်ကွပ်ကဲကြရန်နှင့် အဂတိ တရား ကင်းရှင်းစေရေး အထူးလိုက်နာဆောင်ရွက်သွားကြဖို့ မှာကြားလိုကြောင်း၊ မကြာခင် ကျရောက်မည့်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ (၁၁) နှစ် မြောက်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် နိုင်ငံတော်နဲ့ ကျေးလက်နေပြည်သူများ၏ အကျိုးကို ဆထက် ထမ်းပိုး ကြိုးပမ်းဆောင်ရွက်နိုင်ကြပါစေကြောင်း၊ ယခုလို နှစ်ပတ်လည်အစည်းအဝေးနှင့် ဆက်စပ် ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စာတမ်းဖတ်ပွဲနှင့် စီမံကိန်းများဆိုင်ရာ သုံးသပ် ဆွေးနွေးပွဲတို့ကိုလည်း နောက်ရက်များမှာ ဆက်လက်ကျင်းပသွားမည်ကို သိရှိရပါကြောင်း၊ ဤဆွေးနွေးပွဲများမှ ရရှိလာသော ရလဒ်များကို အသုံးပြုပြီး ပိုမိုကောင်းမွန်သော စီမံခန့်ခွဲမှုများ၊ လုပ်ငန်းဆောင်ရွက်မှုများ ဆောင်ရွက်သွားကြဖို့ မှာကြားလိုပါကြောင်း၊ ယခုလိုကောင်းမွန်သော အလေ့အကျင့်ကောင်းများကို နှစ်စဉ်ဆောင်ရွက်သွားကြဖို့ မှာကြားလိုကြောင်း ပြောကြားပါသည်။

          ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ကျေးလက်ရေရရှိရေး လုပ်ငန်း (၂၀၅၈) ခု၊ ကျေးလက်မီးလင်းရေးလုပ်ငန်း (၉၉၃) ရွာ၊ ကုန်ထုတ်လမ်း (၇၈၉) မိုင်၊ တံတား (၁၁၉၃) စင်း (၂၃၃၁၂) ပေ၊ ကျေးလက်အိမ်ရာ (၇၁) လုံး၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း (၁၃၉) ယူနစ်၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း VDP (၃၀၁၉) ရွာ၊ စံပြကျေးရွာစီမံကိန်း (၄၃) ရွာ၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (၃၆) ရွာ၊ Cash For Work စီမံကိန်း (၂၂၀) ရွာ၊ မြစိမ်းရောင်ဆီထွက်သီးနှံစီမံကိန်း (၄၉၈) ရွာ၊ ဆိုလာစိုက်ပျိုးရေ ရရှိရေးလုပ်ငန်း (၁၂၂) ရွာတို့၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ ကို ရှင်းလင်းတင်ပြသည်။

          ဆက်လက်၍  တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးများက မိမိတို့ တိုင်းဒေသကြီး/ ပြည်နယ်များအတွင်း ယခုဘဏ္ဍာရေးနှစ်တွင် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုများအား အသီးသီးရှင်း လင်းတင်ပြကြသည်။

          ဆက်လက်ပြီး အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ၏ တင်ပြချက်များအပေါ် သုံးသပ်ဆွေးနွေးတင်ပြပြီးနောက် ဆက်စပ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် များက ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက်  သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဦးစီးဌာနအချင်းချင်း ပေါင်းစပ်ဆောင်ရွက်နေမှု အခြေအနေများ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးတင်ပြကြသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် အတွင်း ဆောင်ရွက်ခဲ့သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကဏ္ဍအသီးသီးတွင် ထူးချွန်စွာ ဆောင်ရွက် နိုင်ခဲ့သည့် တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများ၊ ကျေးရွာများမှ ကော်မတီဝင်များနှင့် နိုင်ငံ့ ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်/ အောက်မြန်မာပြည်)တို့မှ ဖွင့်လှစ်ခဲ့သော သင်တန်းများ တွင် ထူးချွန်ဆုများရရှိခဲ့သည့် ဝန်ထမ်းများအား ဂုဏ်ပြုဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm