Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

“မိုခါ” မုန်တိုင်းဒဏ်သင့်ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ (၂) (လျှပ်စစ်စွမ်းအားဝန်ကြီးဌာန)


04 Jun,2023

မြင့်စိုး(နတလ)

စစ်တွေမြို့မီးလင်းပြီ

          စစ်တွေမြို့မှာရောက်ရှိနေခိုက် မိမိတို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်  ဦးစီးဌာနများဖြစ်သော သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေး စားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနများသို့သွားရောက်ကာ အဆောက်အဦများ ပြန်လည်ပြုပြင်တည်ဆောက်နေမှုအခြေအနေကို ကြည်ရှုစစ်ဆေးခဲ့သည်။ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး စစ်တွေမြို့သို့ ရောက်ရှိစဉ် မှာကြားခဲ့သည့်အတိုင်း ဝန်ထမ်းအိမ်ရာများ၊ ရက်ကန်းနှင့်သက်မွေးပညာသင်တန်းကျောင်း၏ ကျောင်းသူအိပ်ဆောင်နှင့်စာသင်ဆောင်တို့ အမိုး များမိုးခြင်းကို ဦးစားပေးဆောင်ရွက်စေခဲ့သည်။ ရုံးတွေမှာ တပည့်များနှင့်တွေ့သောအခါ ရင်းနှီးမှု သဘောအရ၊ လောကဝတ်အရ နှုတ်ဆက်စကားဆိုဖြစ်သည်-

                   “သမီးတို့နေကောင်းကြလား

                   အိမ်တွေထိခိုက်ပျက်စီးမှုအခြေအနေ ဘယ်လိုရှိလဲ

                   ဘာအခက်အခဲတွေရှိကြလဲ

                   ဒီနေ့ဘာဟင်းချက်လဲ”

          နောက်ဆုံးမေးခွန်းကို မေးလိုက်ချိန်မှာတော့ တစ်ချို့က ချက်ချင်းမဖြေ၊ ပြုံး၍ ကြည့်နေသည်၊ တချို့ကတော့ဖြေသည်၊ ခေါက်ဆွဲပြုတ်လာသည်၊ ဘဲဥကြော်လာသည်စသည်ဖြင့်…… ။ မေးမဲ့သာ မေးရသည်၊ မီးသွေးမီးဖို၊ ထင်းမီးဖိုများနှင့် အချိန်လု၍ ထမင်းဟင်းချက်နေရမှတော့ ဘယ်ကလာပြီး ဖွယ်ဖွယ်ရာရာချက်နိုင်ပါတော့မည်နည်း။ မကြာမီ လျှပ်စစ်မီးတွေပြန်ရတော့မှာဖြစ်ကြောင်း၊ တယ်လီဖုန်းလိုင်းတွေကောင်းအောင်လည်း အင်တိုက်အားတိုက်ပြုပြင်ပေးနေကြကြောင်း အားပေး စကားဆိုခဲ့သည်။ ဆိုခဲ့သည့်အတိုင်းလည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းဒဏ်ကြောင့် မေလ ၁၄ ရက်နေ့မှစ၍ လျှပ်စစ်ဓါတ်အား ပြတ်တောက်သွားခဲ့သော မြို့ရွာဒေသများ၌ အမြန်ဆုံးမီးပြန်လည်လင်းစေရေး ကြိုးပမ်းဆောင်ရွက်နေပါသည်။

          ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့ကြီးသည်လည်းပဲ သစ်ပင်သစ်ကိုင်းများကျိုးကျ၊ လမ်းများပိတ်ဆို့၊ ဓါတ်မီးတိုင်များ အလဲလဲအကွဲကွဲဖြစ်နေသည့်အခြေအနေမှ မြို့တွင်းရှင်းလင်းရေးကို ဦးစားပေးဆောင်ရွက်ရင်း တစ်ဖက်က လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဝန်ထမ်းများ၏ နေ့၊ညကြိုးပမ်း ဆောင်ရွက်မှုများကြောင့် မေလ ၂၅ ရက်နေ့မှစ၍  ၅၀၀ KVA မီးစက်ဖြင့် လမ်းမကြီးအချို့အား မီးပေးနိုင်သည့်အခြေအနေရောက်ရှိစေခဲ့သည်။ ညလုံးပေါက်မပေးနိုင်သည့်တိုင် ရပ်ကွက်များသို့ မပေးနိုင်သေးသည့်တိုင် လောကာနန္ဒာဘုရားကြီးအတွင်း ရောင်တော်ဖွင့်မီးများကိုလည်းကောင်း၊ မြို့ကျက်သရေဆောင် နာရီစင်ကြီး နေရာအပါအဝင် မေယုလမ်းမကြီးတစ်လျှောက် ကားကြီးဝင်း အနီး မီးစက်ကြီးအဝိုင်းမှ နာရီစင်ထိလည်းကောင်း၊ နာရီစင်မှ ဘီလူးမချောင်းတံတား၊ ဆတ်ရိုးကျ ချောင်းတံတားလမ်းထိလည်းကောင်း၊ လမ်းမီးများလင်းစေခဲ့သည်။ တယ်လီဖုန်းအားသွင်းမှု အပါအဝင် အိမ်သုံးလျှပ်စစ်မီးအိမ်များ  အားသွင်းနိုင်ရေးအတွက်လည်း Charging Point နေရာများ အဖြစ် ကားကြီးဝင်း၊ မီးစက်ကြီးအဝိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့၊ ယဉ်ကျေးမှုပြတိုက်၊ ဘီလူးမ တံတားထိပ်၊ လောကနန္ဒာဘုရားရှေ့၊ လေယာဉ်ကွင်းလမ်းဆုံ၊ ကားကြီးဝင်းအနီး(ကျော်ဇံဆီဆိုင်ရှေ့) ဟူ၍ ၈ နေရာသတ်မှတ်ပြီး စီစဉ်ဆောင်ရွက်ပေးထားကြောင်း တွေ့ရသည်။

ရခိုင်ပြည်နယ်အတွင်းသို့ ဝင်ရောက်လာသော ဓာတ်အားကွန်ရက်စနစ်

          နိုင်ငံတော်မှ ဖြန့်ဝေပေးနေသော ဓာတ်အားစနစ်သည် ရခိုင်ပြည်နယ်အတွင်းသို့ အောက်ဖော်ပြပါလမ်းကြောင်းများအတိုင်း ဝင်ရောက်သွယ်တန်းဖြန့်ဝေပေးခဲ့သည်။

(က)    ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်းများ

          မင်းဘူး(မန်း) - အမ်း - မြောက်ဦး - ပုဏ္ဏားကျွန်း

          အမ်း - မအီ - ကျောက်ဖြူ

          ဥသျှစ်ပင် - တောင်ကုတ် - မအီ

          အသုတ် - ဂွ

(ခ)     ပုဏ္ဏားကျွန်းပင်မဓါတ်အားခွဲရုံမှ ၆၆ ကေဗွီဓာတ်အားလိုင်းဖြင့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့များသို့ ဖြန့်ဝေပေးပို့ခဲ့ပါသည်။

(ဂ)     ကျောက်ဖြူပင်မဓာတ်အားခွဲရုံမှ ၆၆ ကေဗွီဓာတ်အားလိုင်းဖြင့် ကျောက်ဖြူ၊ ကျောက်ဖြူ အထူးစီးပွားရေးဇုံ၊ ကျောက်ဖြူ(မဒေးကျွန်း)၊ ရမ်းဗြဲ၊ ဇင်ချောင်းသို့ ဖြန့်ဝေပေးပို့ခဲ့ပါသည်။

(ဃ)    တောင်ကုတ်ပင်မဓာတ်အားခွဲရုံမှ ၆၆ ကေဗွီဓာတ်အားလိုင်းဖြင့် တောင်ကုတ်၊ မအီ၊ သံတွဲ၊ သူဋ္ဌေး၊ ကျောက်ကြီးမြို့များသို့ ဖြန့်ဝေပါသည်။ ၃၃ ကေဗွီဓာတ်အားလိုင်းဖြင့် မြေပုံ၊ ပေါက်တော၊ တပ်တောင်၊ ကမ်းထောင့်ကြီးမြို့များသို့ ဖြန့်ဝေပေးပို့ခဲ့ပါသည်။

တာဝါတိုင်များ လဲပြို၊ လျှပ်စစ်ဓာတ်အားပြတ်တောက်

                    မေလ ၁၄ ရက်နေ့ ဝင်ရောက်တိုက်ခတ်ခဲ့သော မိုခါမုန်တိုင်းကြောင့် ၂၃၀ ကေဗွီ အမ်း - မြောက်ဦး - ပုဏ္ဏားကျွန်းဓာတ်အားလိုင်းတစ်လျှောက်၌ မြစ်ကျော်တိုင်များအပါအဝင် တာဝါတိုင် များကျိုးပြတ်လဲပြိုကာ ဓာတ်အားပြတ်တောက်ခဲ့ပါသည်။ ယင်းလိုင်းနှင့် ဆက်စပ်နေသော စစ်တွေ - ပုဏ္ဏားကျွန်း - ကျောက်တော် - မြောက်ဦး - မင်းပြား - မြေပုံ - ပေါက်တောမြို့များသည် လည်းကောင်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့များသည်လည်းကောင်း ဓာတ်အား ပြတ်တောက်သွားခဲ့ပါသည်။ အလားတူ ၆၆ ကေဗွီဓာတ်အားခွဲရုံများ၊ ၆၆ ကေဗွီဓာတ်အားလိုင်းများ သည်လည်းပဲ မြစ်ကျော်တိုင်များအပါအဝင် ချို့ယွင်းပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပါသည်။ ရခိုင်ပြည်နယ် အတွင်း မြို့နယ်ပေါင်း ၁၇ မြို့နယ်ရှိသည့်အနက် ၁၀ မြို့နယ်တွင် လျှပ်စစ်ဓာတ်အားချို့ယွင်း ပြတ်တောက်သွားခဲ့သည်။

စုဖွဲ့ပြင်ဆင်စေလွှတ်/လုပ်ငန်းများဆောင်ရွက်

          အဆိုပါပျက်စီးချို့ယွင်းမှုများအား အမြန်ဆုံးပြင်ဆင်ပြီး လျှပ်စစ်ဓာတ်အားပုံမှန်ပို့လွှတ် နိုင်ရေးအတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် အစားထိုးရန်လိုအပ်သော ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံဆက်စပ်ပစ္စည်းများ၊ ကရိန်းယာဉ်၊ အုပ်ချုပ်မှုယာဉ်များအပါအဝင် ယာဉ်ယန္တရားများ၊ အုပ်ချုပ်သူများ၊ ဝန်ထမ်းများနှင့် ကျွမ်းကျင်သူများ စုဖွဲ့ပြင်ဆင်စေလွှတ်ပေးခဲ့သည်။ ထိုသို့စေလွှတ် ရာတွင် ပြည်နယ်/တိုင်းဒေသကြီးအသီးသီးမှဝန်ထမ်းများ နေရာစုံ ဒေသစုံပါဝင်လာကြောင်းတွေ့ရ သည်။ ဒေသခံ စစ်တွေ၊ သံတွဲ၊ ကျောက်ဖြူမှ လျှပ်စစ်ဝန်ထမ်းများ၊ နေပြည်တော်တိုင်းရုံး၊ ပဲခူးအရှေ့အနောက်၊ ရှမ်းမြောက်/ရှမ်းတောင်၊ ရန်ကုန်နှင့်မန္တလေး၊ မကွေး၊ ဧရာဝတီ၊ မွန်၊ ကရင် စသည်ဖြင့် ….. ။ စက်ယာဉ်ယန္တရား ၆၂ စီး၊ လူအင်အား ၅၆၇ ဦးပါဝင်သော အဖွဲ့ ၁၆ ဖွဲ့သည် မြောက်ဦးနှင့် ပုဏ္ဏားကျွန်းမြို့များတွင် အခြေပြု၍လည်းကောင်း၊ ကရိန်းယာဉ် ၃၀ စီး၊ အုပ်ချုပ်မှုယာဉ် ၂၅ စီးနှင့် လူအင်အား ၅၉၁ ဦးပါဝင်သော အဖွဲ့ ၁၄ ဖွဲ့သည် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်မြို့များ၌ အခြေပြု၍လည်းကောင်း အင်တိုက်အားတိုက်ပြင်ဆင်ဆောင်ရွက်လျက် ရှိပါသည်။ ကျန်ဒေသများဖြစ်သည့် ပေါက်တော၊ မင်းပြား၊ မြေပုံ၊ ဘူးသီးတောင်၊ မောင်တောမြို့များ ၌လည်း သက်ဆိုင်ရာမြို့နယ်ရုံးနှင့် ဓာတ်အားခွဲရုံအဖွဲ့များက ပါဝင်ဆောင်ရွက်နေသည်။

          ဆောင်ရွက်ရသော လုပ်ငန်းပမာဏကလည်း ကြီးမားများပြားသည်။ အချို့နေရာများတွင် မြစ်ကျော်တာဝါတိုင်များကို ခဲရာခဲဆစ်ပြန်လည်စိုက်ထူရသကဲ့သို့၊ အချို့ရေလွှမ်းနေသောနေရာ များမှ ဓာတ်အားလိုင်းတိုင်များအား ပြန်လည်အစားထိုးတည်ဆောက်ရသည်မှာ မလွယ်ကူပါ၊ မြို့နယ်အလိုက်မြို့အလိုက် ၂၃၀ ကေဗွီလိုင်းများ၊ ၆၆ ကေဗွီလိုင်းများ၊ မြို့တွင်း ၁၁ ကေဗွီနှင့် ၄၀၀ ဗို့လိုင်းများ ပြန်လည်ကောင်းမွန်ရေးအတွက် ကျိုးပဲ့သွားသော တိုင်များအား အစားထိုးလဲလှယ်ခြင်း၊ လိုင်းတိုင်နှင့်ကြိုးများရှင်းလင်းခြင်း၊ ခွဲရုံများအလိုက်ပျက်စီးမှုများပြန်လည်အစားထိုးပြုပြင်ခြင်း၊ ထရန်စဖော်မာများစစ်ဆေးခြင်း၊ မီတာများစစ်ဆေးခြင်းကအစ လမ်းများရပ်ကွက်များအထိ အသေးစိတ်ပြန်လည်စစ်ဆေးဆောင်ရွက်ပေးကြရသည်။ တစ်အိမ်ချင်းစီအလိုက် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးကိုလည်း အထူးအလေးထား လုပ်ဆောင်ရပါသည်။

ဓာတ်အားလိုင်းပစ္စည်းများသယ်ယူ

          ပို့လွှတ်ရေးဓာတ်အားလိုင်းနှင့် ဖြန့်ဖြူးရေးဓာတ်အားလိုင်းများအတွက် လိုအပ်သောပစ္စည်း များကို စစ်ရေယာဉ်မုတ္တမနှင့် ပုဂ္ဂလိကရေယာဉ်ကြီးများ၊ တပ်မတော်ရေယာဉ်များ၊ မော်တော်ယာဉ် များဖြင့် သယ်ယူပို့ဆောင်ပေးခဲ့သည်။ တာဝါတိုင်များ၊ တာဝါသံဘောင်များ၊ ၁၀ မီတာ၊ ၁၂ မီတာ၊ ၁၅ မီတာ၊ ၁၈ မီတာကွန်ကရိတိုင်များ၊ ထရန်စဖော်မာများ၊ ကြွေသီးနှင့်ဆက်စပ်ပစ္စည်းများ စသည်တို့အပါအဝင်၊ ယာဉ်/ယန္တရားများကအစ သယ်ယူခဲ့ကြသည်။ ပြင်ပယာဉ်များဖြင့်လည်း ငှားရမ်းသယ်ဆောင်ခဲ့သည်။ ရေယာဉ်ဖြင့်သယ်ယူရသော ကွန်ကရိတိုင်များဆိုလျှင် ထောင်နှင့်ချီ၍ များပြားလှပါသည်။

လျှပ်စစ်မီးရရှိရေး ကြိုးပမ်းဆောင်ရွက်မှု

          ၂၃၀ ကေဗွီ အမ်း - မြောက်ဦး - ပုဏ္ဏားကျွန်းတွင် ဓာတ်အားလိုင်းတိုင် ၄၄၈ တိုင်အနက် ၁၄ တိုင်ပျက်စီးမှုကို ပြင်ဆင်လျက်ရှိရာ ဇွန်လပထမပတ်တွင် ပြီးစီးမည်ဟု ခန့်မှန်းထားပါသည်။ ထို့အတူ ၆၆ ကေဗွီ ပုဏ္ဏားကျွန်း - စစ်တွေသည် ၇၁၉ တိုင်အနက် ၂၂၂ တိုင်ပျက်စီးခဲ့ရာ ဇွန်လ ပထမပတ်တွင် ပြီးစီးပါမည်။ ၆၆ ကေဗွီ ပုဏ္ဏားကျွန်း - ကျောက်တော် ၅၉၁ တိုင်တွင် ၅၆ တိုင်ပျက်စီးမှုသည် ဇွန်လတတိယပတ်တွင် ပြင်ဆင်ပြီးစီးပါမည်။ ၆၆ ကေဗွီ ပုဏ္ဏားကျွန်း - မြောက်ဦး ၆၂၁ တိုင်တွင် ၅၄ တိုင်ပျက်စီး၊ ၆၆ ကေဗွီ ပုဏ္ဏားကျွန်း - ရသေ့တောင် ၁၀၅ တိုင်တွင် ၇ တိုင်ပျက်စီးမှုတို့အား ပြန်လည်ပြုပြင်လျက်ရှိရာ ဇွန်လစတုတ္ထပတ်တွင် ပြီးစီးမည်ဟုခန့်မှန်း ပါသည်။ ၆၆ ကေဗွီ ရသေ့တောင် - ဘူးသီးတောင်လိုင်းတွင် ၁၅၂ တိုင်အနက် ၂၇ တိုင်ပျက်စီးခဲ့ရာ ဇူလိုင်ပထမပတ်တွင် ပြင်ဆင်ပြီးစီးမည်ဟု ခန့်မှန်းထားပါသည်။ ဆိုရသော် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများအနေဖြင့် ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့ ကြီးကို ဇွန်လပထမပတ်အတွင်း မီးလင်းရေး ကြိုးပမ်းနေသကဲ့သို့ ဒေသတစ်ခုလုံးကိုလည်း ဇူလိုင်ပထမပတ်ထက် နောက်မကျဘဲ မီးလင်းစေရေးရည်မှန်းချက်အား ဆောင်ရွက်လျက်ရှိပါသည်။ ယင်းသို့ဖြစ်လာစေရေးအတွက်လည်း မြို့တွင်းဖြန့်ဖြူးရေးဓာတ်အားလိုင်း ၁၁ ကေဗွီနှင့် ၄၀၀ ဗို့အားလိုင်းများကိုပါ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များအလိုက် ပြင်ဆင်လျက်ရှိရာ မြို့နယ် အားလုံး၏ ပျမ်းမျှပြီးစီးမှုရာခိုင်နှုန်းမှာ မေလ ၃၁ ရက်နေ့အထိ ၈၀ ဒဿမ ၉ ရာခိုင်နှုန်းထိ ပြီးစီးအောင် ဆောင်ရွက်နိုင်ကြောင်း တွေ့ရသည်။

ဂုဏ်ယူပါသည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

          မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် လာရောက် ကူညီဆောင်ရွက်ကြသူများအနက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဝန်ထမ်းများသည် ဒုတိယလူဦးရေ အများဆုံးဖြစ်ပါသည်။ ၁၁၉၄ ဦးရှိပါသည်။ ကရိန်းယာဉ်တွေပေါ်မှာ၊ လမ်းမီးတိုင်တွေပေါ်မှာ၊ သစ်ပင်တွေပေါ်မှာ၊ လမ်းတွေပေါ်မှာ၊ အိမ်တွေရှေ့မှာ၊ ဘုန်းကြီးကျောင်းများနှင့် သာသနိက အဆောက်အအုံတွေထဲမှာ၊ ဘုရားစေတီဝင်းတွေထဲမှာ လျှပ်စစ်ဝန်ထမ်းများကို မြင်တွေ့နေရသည်။ နေ့/ညထမ်းဆောင်နေကြသည်။ ပင်ပန်းကြီးစွာ၊ စေတနာသဒ္ဓါထက်သန်စွာ ကူညီလုပ်ကိုင် ဆောင်ရွက်ပေးနေကြသောသူတို့၏ မွန်မြတ်သောစိတ်ဓာတ်နှင့် စွမ်းအားကိုလည်းလေးစားမိပါ သည်။ ရခိုင်ပြည်နယ်သူပြည်နယ်သားများကလည်း ကျေးဇူးတင်ဝမ်းမြောက်စွာဖြင့် အမြဲတမ်း အမှတ်တရရှိနေကြပါလိမ့်မည် ဂုဏ်ယူပါသည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ……. ။

 

(ဆက်လက်ဖော်ပြပါမည်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm