Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

“မိုခါ” မုန်တိုင်းဒဏ်သင့်ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ (၁)


03 Jun,2023

မြင့်စိုး(နတလ)

ရခိုင်ဒေသ စစ်တွေခရီးစဉ်

          ၂၀၂၃ ခုနှစ်၊ မေလ ၁၉ ရက်နေ့ (၀၉:၂၅) နာရီချိန်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးထံမှ တယ်လီဖုန်းဖြင့် ညွှန်ကြားချက် တစ်ခုလက်ခံရရှိခဲ့သည်။ (၁၀:၀၀) နာရီချိန်တွင် နေပြည်တော်လေဆိပ်မှ တပ်မတော်လေယာဉ်တစ်စီး စစ်တွေသို့ ထွက်ခွာမည်၊ ခဏစောင့်ဖို့ ပြောထားပေးမည်၊ မီအောင်လိုက်သွားပါရန် ဟူ၍……။ နေပြည်တော်လေဆိပ်သို့ ကျွန်တော်ရောက်ပြီးမကြာမီ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ လျှစ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအေးကျော်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်တို့ ရောက်လာကြသည်၊၊ သူတို့လည်း အတူလိုက်ပါရမည်။ ဘာအတွက် စစ်တွေသို့ သွားရမည်ကို အထူးပြောရန်ပင် မလိုတော့ပါ။ မေလ ၁၄ ရက်နေ့ နံနက်ပိုင်းမှစ၍ စစ်တွေအပါအဝင် ရခိုင်ပြည်နယ် မြို့ရွာဒေသအများအပြားသည် “မိုခါ” မုန်တိုင်း ဝင်ရောက်တိုက်ခတ်ခြင်းခံရသည်။ ရခိုင်ပြည်နယ် (၁၇) မြို့နယ်ရှိသည့်အနက် စစ်တွေ၊ ရသေ့တောင်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး ဒေသများက ထိခိုက်ပျက်စီးမှုများပြားပြီး အချို့မြို့နယ်များက ကံကောင်းထောက်မစွာ ထိခိုက်ပျက်စီးမှု နည်းခဲ့သည်။ နိုင်ငံတော်အစိုးရ၏ ကြိုတင်ပြင်ဆင် စီမံလမ်းညွှန်ထားမှု များကြောင့် အသက်အန္တရာယ်ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်ခဲ့သည်ကိုတော့ အားလုံးအသိပဲ ဖြစ်သည်။

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များ

          နိုင်ငံတော်အကြီးအကဲ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မေလ ၁၅ ရက်နေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများလိုက်ပါ၍ စစ်တွေမြို့သို့ ရောက်ရှိခဲ့သည်။ အရေးပေါ် စီမံခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ပြန်လည် ထူထောင်ရေးဆိုင်ရာ ကိုယ်စီလုပ်ငန်းတာဝန်များ ပေးအပ်နိုင်ရေး လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းပြင် ရခိုင်ပြည်နယ်အား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မူလ အခြေအနေထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားရန်၊ အများပြည်သူ အများဆုံး အသုံးပြုသည့်လမ်းများကို ဦးစားပေးရှင်းလင်းပေးရန်၊ လမ်းပန်းဆက်သွယ်ရေးကို အမြန်ဆုံး ပြန်လည်ကောင်းမွန်အောင် ဦးစားပေးဆောင်ရွက်ရန်၊ ဆက်သွယ်မှုပြတ်တောက်ခဲ့သည့် ဒေသများတွင် ဆက်သွယ်မှုကွန်ရက်များ ပြန်လည်ကောင်းမွန်စေရေး အမြန်ဆုံးပြန်လည် ပြုပြင်ပေးရန်၊ အခြေခံပညာအထက်တန်းကျောင်းများအပါအဝင် ကျောင်းများအားလုံး ပြန်လည် ပြုပြင်ဆောင်ရွက်ရန်၊ ရေတွင်းရေကန်များ သန့်ရှင်းမှုရှိစေရေး ရေသန့်ဆေးများ လိုက်လံခပ်ပေးရန်နှင့် ရေတွင်းရေကန်ပတ်ဝန်းကျင်များ သန့်ရှင်းစေရေး ရေဆိုးရေညစ်များ အညစ်အကြေးများကို အမြန်ဆုံးရှင်းလင်းရန်တို့နှင့် စပ်လျဉ်း၍ လမ်းညွှန်မှာကြားခဲ့သည်။ ထိုနေ့မှာပင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ရခိုင် ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန်အတွက် ငွေကျပ်သိန်းပေါင်း ၇၀၀၀၀ နှင့် ထောက်ပံ့ရေးပစ္စည်းများကို ပေးအပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူခဲ့ပါသည်။

          မိုးလေဝသသတင်းများအပေါ် အလေးထား၍ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှု၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် မုန်တိုင်း မကျရောက်မီကာလအတွင်း စစ်တွေ၊ မြောက်ဦး၊ မောင်တော၊ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်နှင့် အမ်းမြို့နယ်များရှိ သဘာဝဘေးဒဏ်ခိုလှုံရာ Shelter များသို့ ဒေသခံ ပြည်သူ ၂၃,၇၀၀ ဦးကိုလည်ကောင်း၊ အခြားဘေးလွတ်ရာနေရာများသို့ ဒေသခံပြည်သူ ၆၂၆,၈၄၉ ဦးကိုလည်းကောင်း ပြောင်းရွှေ့ပေးနိုင်ခဲ့သည်။ IDP စခန်းများတွင် ရောက်ရှိ နေသူများအနက် ၆၂,၃၁၉ ဦးကိုလည်း ဘေးလွတ်ရာသို့ ရွှေပြောင်းပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

မုန်တိုင်းဒဏ်ကို ရင်ဆိုင်အံတုခဲ့ရသည့် အုန်းပင်များ

          ကျွန်တော် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့စဉ် အချိန်ကာလ၌ ရန်ကုန်မှတစ်ဆင့် စစ်တွေသို့ လေယာဉ်ဖြင့် အကြိမ်ပေါင်းများစွာ သွားလာခဲ့ဖူးပါသည်။ ထိုစဉ်က လေယာဉ် လမ်းကြောင်းသည် ဖရုံကာကျွန်းပေါ်မှ ဖြတ်မြဲ၊ ကျွန်တော်ကလည်း အနောက်ဖရုံကာ ကျွန်းပေါ်မှ ဆံတော်ရှင်စေတီကို ရည်မှန်း၍ ဦးခိုက်မြဲ၊ အလယ်ဖရုံကာကျွန်းပေါ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဆောက်လုပ်ပေးထားသော မြင့်ဂါ-ဖဒူ ကားလမ်းကို လှမ်း၍ကြည့်စမြဲ။ ထိုမှ ပင်လယ်ရေပြင်ကို နှိမ့်ဆင်းလိုက်ချိန်မှာ သာယာလှပသော စစ်တွေပွိုင့်နှင့် ကမ်းခြေက ကြိုဆိုနေမြဲဖြစ်သည်။

          ယခုတစ်ခေါက်မှာတော့ တပ်မတော်လေယာဉ်သည် နေပြည်တော်မှထွက်၍လားမသိ၊ ဖရုံကာကျွန်းကို ကျွန်တော်ကြည့်ခွင့်မရတော့၊ လှပသော စစ်တွေပွိုင့်နှင့် ကမ်းခြေကလည်း ကြိုလင့်မနေတော့။ လေယာဉ်ပေါ်က လှမ်းမြင်နေရသော မြင်ကွင်းက စိတ်ချမ်းမြေ့ဘွယ်ရာ မရှိ၊ အမိုးလန်နေသော အဆောက်အဦများ၊ အကိုင်းအခက်အရွက်အလက်များ ကျိုးပြတ် လွင့်စင်ပြီး ထီးထီးဖြစ်နေသော သစ်ပင်များ၊ အမြစ်မှပြိုလဲသွားသော သစ်ပင်ကြီးများ၊ မြေပြင်ပေါ်မှာ ပြန့်ကျဲနေသည့် သစ်တိုသစ်စ သွပ်ပြားအပိုင်းအစများ ဖြစ်သည်။ ထူးခြား သည့် မြင်ကွင်းတစ်ခုကတော့ မိုခါမုန်တိုင်းဒဏ်ကို ရင်ဆိုင်အံတုခဲ့သည့် အုန်းပင်များအား မပြိုမလဲ မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။

          ထိုမြင်ကွင်းနှင့်တစ်ဆက်တည်းမှာပင် နိုင်ငံတော်အကြီးအကဲ၏ စစ်တွေခရီးစဉ်၌ လမ်းညွှန်ချက်တစ်ခုကို အမှတ်ရမိပါသည်။ ယင်းလမ်းညွှန်ချက်မှာ “ယခုမုန်တိုင်းတိုက်ခတ် ချိန်တွင် အုန်းပင်များ ပြိုလဲမှုမရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ မိမိအနေနှင့် ရခိုင်ပြည်နယ် နှင့် ကမ်းရိုးတန်းဒေသများသို့ ရောက်ရှိသည့်အခါတိုင်းတွင် အုန်းပင်များနှင့်လမုပင်များသည် သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်သည့်အတွက် ကမ်းစပ်တစ်လျှောက်နှင့် ဒေသ အတွင်း ဖြစ်နိုင်သမျှ အရေအတွက်များများ စိုက်ပျိုးထားရှိရန် တိုက်တွန်းမှာကြားခဲ့ကြောင်း၊ ယခုသဘာဝဘေးအန္တရာယ်တွင် တွေ့ကြုံခဲ့ရသည်များကို သင်ခန်းစာယူ၍ သဘာဝဘေးဒဏ် ခံနိုင်သည့် လေကာပင်များနှင့် အုန်းပင်များကို တိုးချဲ့စိုက်ပျိုးဆောင်သွားရန် လိုကြောင်း” လမ်းညွှန်မှာကြားခဲ့ပါသည်။

ကြီးကြပ်ကွပ်ကဲမှုခံယူ

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဦးဆောင်သော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အနေဖြင့်လည်း မုန်တိုင်းမဝင်ရောက်မီကာလကပင် လိုအပ်သည်များ ကြပ်မတ်ကွပ်ကဲ စီမံ ဆောင်ရွက်ပေးခဲ့သည်။ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မေလ ၁၇ ရက်နေ့ တွင် စစ်တွေမြို့သို့ ရောက်ရှိပြီး ရခိုင်ဒေသအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ မေလ ၁၉ ရက်နေ့တွင် ပြန်လည်ထွက်ခွာခဲ့ပါသည်။ မိုခါမုန်တိုင်းတိုက်ခတ်မှုဒဏ်ခံခဲ့ရသည့် ရခိုင်ဒေသ မြို့ရွာများ ယခင်မူလအခြေအနေထက် သာလွန်ကောင်းမွန်အောင် ပြန်လည်ထူထောင် ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။ ယင်းသို့ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုထိရောက်မြန်ဆန် သွက်လက်စေရေးအတွက် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့က ကြီးကြပ်ကွပ်ကဲ စီမံ ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် မုန်တိုင်းသင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကျရောက်သော ဒေသများအဖြစ် ကြေညာ၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်ရန်အလို့ငှာ တပ်မတော်အရာရှိကြီးများအား တာဝန်ပေး စေလွှတ်ခဲ့သည်။ ယင်းအရာရှိကြီးများ၏ မြို့နယ်အသီးသီးတွင် ဆောင်ရွက်ချက်များ ကိုလည်း ပြည်ထောင်စုဝန်ကြီးများက ကွပ်ကဲမှုယူ၍ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးတို့ကလည်း တပ်ပိုင်း ဆိုင်ရာ ကွပ်ကဲမှုနှင့် လိုအပ်သည့် ကူညီစောင့်ရှောက်မှုများ ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။

 

ကော်မတီများ ဖွဲ့စည်းဆောင်ရွက်

          ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၏ ဦးဆောင်မှုဖြင့် ပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းထားရှိပြီးဖြစ်ရာ သဘာဝဘေးအန္တရာယ်မကျရောက်မီ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့သည်။ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုရုံး Command Post အား မေလ (၇) ရက်နေ့ကတည်းက ဖွင့်လှစ်ခဲ့ပြီး ခရိုင် ၇ ခု၊ မြို့နယ် ၁၇ မြို့နယ် တွင်လည်း ဖွင့်လှစ်ခဲ့ပါသည်။ သဘာဝဘေးအန္တရာယ်ခိုလှုံရာ Shelter များကို ဆောင်ရွက် ထားရှိခဲ့သည်။ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဒေသခံပြည်သူများအား မြို့နယ်အလိုက် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည်။ ပြည်သူများ သဘာဝဘေးကြုံတွေ့ ချိန်၌ အုပ်ချုပ်ထောက်ပံ့မှုများပေးနိုင်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့အရေးပေါ်ရန်ပုံငွေဖြင့် စားရေရိက္ခာနှင့် စက်သုံးဆီအပါအဝင် ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများ ကြိုတင်ဝယ်ယူ ပြင်ဆင်ဆောင်ရွက်ခဲ့ကြသည်။

          မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခတ်ချိန်မှ ယနေ့အချိန်ထိလည်း ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ကော်မတီ (၆) ရပ်ကို ဖွဲ့စည်းဆောင်ရွက် ခဲ့သည်။ ယင်းကော်မတီများမှာ စားရေရိက္ခာများ လက်ခံထိန်းသိမ်းဖြန့်ဖြူးရေးလုပ်ငန်း ကော်မတီ၊ စက်ယာဉ်ယန္တရားများ လက်ခံထိန်းသိမ်းဖြန့်ဖြူးရေးလုပ်ငန်းကော်မတီ၊ စက်သုံးဆီနှင့် အထွေထွေလက်ခံ ထိန်းသိမ်းဖြန့်ဖြူးရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေး ပစ္စည်းများ လက်ခံထိန်းသိမ်းဖြန့်ဖြူးရေး လုပ်ငန်းကော်မတီ၊ တည်ဆောက်ရေးပစ္စည်းများ ထိန်းသိမ်းဖြန့်ဖြူးရေး လုပ်ငန်းကော်မတီ၊ အလှူငွေများ လက်ခံထိန်းသိမ်းဖြန့်ဖြူးရေး လုပ်ငန်းကော်မတီတို့ ဖြစ်သည်။

ဒုတိယဝန်ကြီးများ ရောက်ရှိတာဝန်ထမ်းဆောင်

          ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်ကြုံတွေ့ခဲ့ရပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ဘာသာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ စစ်တွေမြို့သို့ ရောက်ရှိတာဝန်ထမ်းဆောင်လျှက် ရှိပါသည်။

          အထက်ဖော်ပြပါ ဝန်ကြီးဌာနအသီးသီးမှ ပြည်ထောင်စုဝန်ကြီးများသည်လည်းပဲ မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခိုက်ပြီးစအချိန်၌ စစ်တွေမြို့သို့ ရောက်ရှိတာဝန်ထမ်းဆောင် ခဲ့ကြပြီးဖြစ်သည်။ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ မုန်တိုင်းသင့်ဒေသများ၌ လမ်းပန်းဆက်သွယ်ရေးက အစပြု၍ တယ်လီဖုန်းဆက်သွယ်မှုလိုင်းများ အမြန်ပြန်လည် ကောင်းမွန်ရမည်။ ရေလမ်း၊ ကုန်းလမ်း၊ လေကြောင်းလိုင်းတွေ မြန်မြန်ပြန်ပွင့်ရမည်။ မီးတွေ လင်းရမည်၊ စာသင်ကျောင်းတွေ ဖွင့်ရမည်။ သာသနိကအဆောက်အဦများနှင့် ဘုရား စေတီများ ပြန်လည်ပြုပြင်ရမည်၊ စိုက်ရေးပျိုးရေးလုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်းများ ပြန်လည်ထူထောင်ပေးရမည်၊ ပျက်စီးသွားသော လမ်းတံတားများ အမြန်ဆုံးပြန်လည် ပြုပြင်ကြရမည်၊ သန့်ရှင်းသောသောက်သုံးရေများ ဖြန့်ဝေပေးနိုင်ရမည်။ စားရေရိက္ခာများ ကူညီထောက်ပံ့ပေးနိုင်ရမည်။ ထိုသောအခါ တပ်မတော်(လေ)နှင့် တပ်မတော်(ရေ)တို့၏ အခန်းကဏ္ဍက အလိုလိုပါဝင်လာတော့သည်။ တပ်မတော်လေယာဉ်များ တစ်စင်းပြီး တစ်စင်း တက်ချီဆင်းချီဖြင့် လိုအပ်သည့် ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင် ပေးသလို တပ်မတော်(ရေ)အနေဖြင့်လည်း စစ်ရေယာဉ်(မုတ္တမ)ကအစ ရေယာဉ်အစင်းပေါင်း များစွာဖြင့် ရခိုင်ဒေသပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌ ပါဝင်လာခဲ့သည်။ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ လေယာဉ်များ၊ ရေယာဉ်များ၊ ပုဂ္ဂလိကရေယာဉ် ကြီးများ၊ ဖော်ကျွန်း၊ ဆန်းရှိုင်းတို့ကဲ့သို့ သင်္ဘောကြီးများကလည်း တာဝန်ကျေကြသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့များ အနေဖြင့်လည်း ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ အင်အားများ ရာထောင်ချီ၍ စုဖွဲ့ရောက်ရှိလာကြပြီး လုပ်အားဒါနပြုနေကြ သည်မှာ မြင်သူတိုင်းက သာဓုခေါ် ဝမ်းမြောက်ခဲ့ကြရသည်။

 

(ဆက်လက်ဖော်ပြပါမည်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm