Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်


26 May,2023

နေပြည်တော် မေ ၂၅

          ၂၀၂၃ ခုနှစ်၊ မေလ (၁၄) ရက်နေ့တွင် တိုက်ခတ်ခဲ့သော မိုခါဆိုင်ကလုန်းမုန်တိုင်းသည် ရခိုင် ကမ်းရိုးတန်းမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး မုန်တိုင်းလမ်းကြောင်းရှိ ရခိုင်၊ ဧရာဝတီ၊ ချင်း၊ မကွေး၊ စစ်ကိုင်း၊ မန္တလေးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့မှာ မုန်တိုင်းဒဏ်ကို သိသိသာသာ ခံစားခဲ့ရပါ ကြောင်း၊ မုန်တိုင်းဒဏ်ကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ လူနေအိမ်များ၊ ဌာနဆိုင်ရာ အဆောက်အဦများ၊ သာသနိကအဆောက်အဦများ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများ၊ ဆေးရုံ ဆေးခန်းများ၊ ဆက်သွယ်ရေး တာဝါတိုင်များ၊ လမ်းတံတားများ၊ ဈေးများ ပျက်စီးခဲ့ကြောင်း၊ သဘာဝဘေးမဖြစ်မီ ကြိုတင်မျှော်မှန်းကာ အစီအမံများ ပြင်ဆင်ခဲ့သည့်အတွက် ဆိုးရွားစွာ ပျက်စီး ဆုံးရှုံးမှုများ မဖြစ်ပေါ်ခဲ့သော်လည်း ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ပါကြောင်း၊ အဆိုပါ သဘာဝဘေးသင့် ဒေသများမှ ပြည်သူများ မူလအခြေအနေ ပြန်လည်ရောက်ရှိသည်အထိ မိမိတို့ လုပ်ငန်းကော်မတီမှ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ယနေ့မွန်းလွဲပိုင်းက နေပြည်တော် ရှိ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ သဘာဝဘေးအန္တရာယ် မကျရောက်မီနှင့် ကျရောက်ပြီးချိန်များမှာ လိုအပ်သည့် အရေးပေါ် စီမံ ခန့်ခွဲခြင်း၊ တုန့်ပြန်ခြင်း၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အသင့်ပြင်စုဖွဲ့ထားရှိခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိုယ်စီလုပ်ငန်းတာဝန်များအား ကော်မတီဝင် သက်ဆိုင်ရာဌာန အသီးသီးမှ ပြင်ဆင်ဆောင်ရွက်ထားသည်ကို တွေ့ရှိရကြောင်း၊ အလားတူ မိမိတို့ဝန်ကြီးဌာန အနေဖြင့် မုန်တိုင်းဒဏ်ခံဒေသများအတွက် ကြိုတင်ပြင်ဆင်မှုများအနေနဲ့ ရခိုင်ပြည်နယ်၊ စစ်တွေ မြို့သို့ ရေသန့်စင်ကားများ ကြိုတင်စေလွှတ်ခြင်း၊ ထပ်မံစေလွှတ်ခြင်း၊ ရေသန့်ဆေးပြားများ၊ ကလိုရင်းများ၊ Hygiene Kits များ၊ Life Straw Community ရေသန့်စင်စနစ်နှင့် ရေပုံးများအား စနစ်တကျ ကြိုတင်ဖြန့်ခွဲထားရှိခြင်း၊ လိုအပ်ချက်များအရ ထပ်မံပေးပို့ခြင်းများကို ဆောင်ရွက်ခဲ့ပါ ကြောင်း၊ သဘာဝဘေးကြောင့် စက်ရေတွင်းများ ရေနစ်မြုပ်ခဲ့သည့် ရေတွင်း/ ရေကန်များတွင် တွင်းဆေး/ တွင်းမှုတ် ဆောင်ရွက်ကာ ရေရရှိရေး‌ ဆောင်ရွက်ပေးခြင်း၊ ကျေးရွာတွင်း လမ်း/ တံတားများ၊ ကုန်ထုတ်လမ်း/ တံတားများ ပျက်စီးဆုံးရှုံးခြင်း၊ ကျေးလက်မီးလင်းရေးလုပ်ငန်းများ ထိခိုက်ပျက်စီးခြင်းများ ရှိပါကလည်း ဝန်ကြီးဌာနအနေဖြင့် အမြန်ဆုံး ပြန်လည်ဆောင်ရွက်ပေး နိုင်ရန် ခွင့်ပြုရန်ပုံငွေများမှ လုပ်ထုံးလုပ်နည်းနှင့်အညီ သုံးစွဲနိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်း၊ မိမိတို့ကော်မတီဝင် ဝန်ကြီးဌာန၊ ဦးစီးဌာနများအနေဖြင့်လည်း သဘာဝဘေးအန္တရာယ် ကျရောက် ဖြစ်ပွားပါက ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များအား အစီအမံများ၊ စနစ်တကျ ရေးဆွဲထားရှိပြီး ကော်မတီသို့ တင်ပြထားသည်ကို တွေ့ရှိရပါကြောင်း၊ ယခုအချိန်တွင် မုန်တိုင်းဒဏ်ခံခဲ့ရသော တိုင်း ဒေသကြီး/ ပြည်နယ်များ၊ မြို့နယ်များအား သိရှိရပြီးဖြစ်သည့်အတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များအား မိမိတို့ သက်ဆိုင်ရာကဏ္ဍအလိုက် အမြန်ဆုံး ဆောင်ရွက်ကြရန် အထူး အလေးထား မှာကြားလိုပါကြောင်း၊ ထိခိုက်ပျက်စီးဆုံးရှုံးမှုပေါ် မူတည်၍ နေရာဒေသများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ဦးစားပေးအဆင့် သတ်မှတ်ကာ တစ်ဆင့်ချင်း စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန် မှာကြားလိုပါကြောင်း၊ ကော်မတီဝင် ဝန်ကြီးဌာန၊ ဦးစီးဌာနများမှ စာရင်းဇယားများ စနစ်တကျပြုစု၍ ဌာနဘတ်ဂျက်မှ သုံးစွဲမည့်ငွေ၊ ထပ်မံလိုအပ်ငွေ များ ခွဲခြားဖော်ပြကာ ကော်မတီသို့အမြန်တင်ပြနိုင်ရေးနှင့် ကော်မတီမှ ဆက်လက်တင်ပြတောင်းခံ နိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

          ထို့နောက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးက အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ရှင်းလင်းဆွေးနွေးသည်။

          ဆက်လက်ပြီး လုပ်ငန်းကော်မတီ အတွင်းရေးမှူးကိုယ်စား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မုန်တိုင်းသင့်ဒေသများတွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့မှုများ၊ လက်ရှိဆောင်ရွက် နေမှုများ၊ ဆက်လက်ဆောင်ရွက်ပေးမည့် လုပ်ငန်းများအားလည်းကောင်း၊ တက်ရောက်လာကြ သော စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနများအပါအဝင် ဦးစီးဌာနများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက မုန်တိုင်းသင့်ဒေသများတွင် အမှန် တကယ် ဆောင်ရွက်ပေးနေသည့် အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် အကြံပြုချက်များအားလည်းကောင်း ဝိုင်းဝန်းရှင်းလင်းဆွေးနွေးကြသည်။

          ယင်းနောက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက တက်ရောက်လာသူများ၏ ဝိုင်းဝန်းဆွေးနွေးအကြံပြုမှုများ အတွက် ကျေးဇူးတင်ပါကြောင်း၊ မုန်တိုင်းသင့်ဒေသများမှာ သက်ဆိုင်ရာဌာနများအလိုက် ဆက်လက် ဆောင်ရွက်မည့် အစီအမံများကို ကော်မတီဝင် အချင်းချင်းပူးပေါင်းညှိနှိုင်း‌၍ အချိန်နှင့်တစ်ပြေးညီ အောင်မြင်အောင် ဆောင်ရွက်ကြရန်၊ စိုက်ပျိုးရာသီအမီ ဆောင်ရွက်ပေးရမည့်လုပ်ငန်းများကို အချိန်မီ ဆောင်ရွက်ပေးကြရန်၊ အခက်အခဲများရှိပါက တင်ပြကြရန်နှင့် လုပ်ငန်းတိုးတက်မှု အခြေ အနေများကို အချိန်နှင့်တစ်ပြေးညီ တင်ပြကြရန် မှာကြားခဲ့သည်။

ဆက်လက်ပြီး သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများ၏ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုများ အမြန်ပြန်လည်ထူထောင်ရေး အစည်းအဝေးကို အဆိုပါရုံး အစည်းအဝေးခန်းပ၌ပင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက မိမိနှင့် ဒုတိယဝန်ကြီးတို့မှ မုန်တိုင်းသင့်ဒေသ ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် ခဲ့ပါကြောင်း၊ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော ဦးစီးဌာနများ၏ ရုံးနှင့် အိမ်ရာ အဆောက်အဦများ၊ ရေရရှိရေး၊ မီးလင်းရေး၊ လမ်း၊ တံတား ပြန်လည်ပြုပြင်ရေးလုပ်ငန်း များ အမြန်ဆောင်ရွက်နိုင်ရန် အားလုံး တက်ညီလက်ညီဖြင့် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပြီး ပြုပြင်စရိတ်အား ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မုန်တိုင်းသင့်ဒေသများရှိ ဝန်ထမ်းများ ရုံးတက်နိုင်ရေး၊ နေထိုင်ရေး၊ သက်သာချောင်ချိရေး အတွက်လည်း ဆောင်ရွက်ပေးထားကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အခက်အခဲ များရှိပါက တင်ပြပေးရန်နှင့် ဖြေရှင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များမှ ပါမောက္ခချုပ်များက မိမိတို့သက်ဆိုင်ရာကဏ္ဍ အလိုက် ရုံးနှင့် အိမ်ရာ အဆောက်အဦများ၊ လမ်းတံတားများ၊ ရေရရှိရေးလုပ်ငန်းများ၊ မီးလင်းရေး လုပ်ငန်းများ၏ ပျက်စီးဆုံးရှုံးမှုအခြေအနေများ၊ ရုံးနှင့်အိမ်ရာအဆောက်အဦ အမိုးများကို မေလကုန် အပြီး ပြုပြင်ရန် အစီအစဉ်များ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြန်လည်ပြင်ဆင်တည်ဆောက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံး အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm