Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ယူရီးယားမြေဩဇာ ဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ အစည်းအဝေးနှင့် ဒေသအခြေပြု ကျေးလက်ဘက်စုံ ဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်ရေး အစည်းအဝေးများသို့ တက်ရောက်


10 May,2023

နေပြည်တော် မေ ၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် မေလ ၉ ရက်နေ့၊ နံနက်ပိုင်းက အဆိုပါရုံးအစည်းအဝေးခန်းမများ၌ ကျင်းပပြုလုပ်သော ယူရီးယားမြေဩဇာ ဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ အစည်းအဝေးနှင့် ဒေသအခြေပြု ကျေးလက်ဘက်စုံ ဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်ရေး အစည်းအဝေးများသို့ တက်ရောက်သည်။ အစည်း အဝေးများသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း၊ စိုက်ပျိုးရေးကုမ္ပဏီများနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ယူရီးယားမြေဩဇာ ဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ အစည်းအဝေးကို ကျင်းပရာ ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ကျေးလက်နေပြည်သူများရဲ့ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်ပေးရာမှာ အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်သည့် စိုက်ပျိုးရေးလုပ်ငန်းများအပေါ် များစွာမှီခိုနေကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့လည်း စီးပွားရေးဦးတည်ချက် (၄)ရပ် ချမှတ်ဆောင်ရွက် နေပြီး အဆိုပါဦးတည်ချက်များ အကောင်အထည်ဖော် ဖြည့်ဆည်းပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာန/ အဖွဲ့အစည်းများက ကဏ္ဍအလိုက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအနေဖြင့် စံချိန်စံညွှန်း ပြည့်ဝတဲ့ ဓာတ်မြေဩဇာများနဲ့ ပိုးသတ်ဆေးများကို ဈေးနှုန်းသက်သာစွာ အချိန်မီ ဖြန့်ဖြူးရောင်းချ နိုင်ရေး အလေးထား ဆောင်ရွက်နေပါကြောင်း၊ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုး‌ရေးဆေး လုပ်ငန်းရှင်များအသင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့နှင့် ချိတ်ဆက်ပူးပေါင်းပြီး ၂၀၂၃ ခုနှစ်၊ ဧပြီလကုန်အထိ ယူရီးယားမြေဩဇာ တန်ချိန် ၁၁.၂၂ သိန်း၊ ကွန်ပေါင်းမြေဩဇာတန်ချိန် ၁၁.၁၁ သိန်း၊ စုစုပေါင်း တန်ချိန် ၂၂.၃၃ သိန်းကို တင်သွင်းနိုင်အောင် စိစစ်ထောက်ခံ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ထို့ပြင် ပိုးသတ်ဆေးများ တင်သွင်းနိုင်အောင်လည်း ထောက်ခံပေးခဲ့ပါကြောင်း၊

ဦးဆောင်ကော်မတီအနေနဲ့ နှစ်ပတ်လျှင်တစ်ကြိမ် ရည်ညွှန်းဈေးနှုန်းများကို နေပြည်တော်/ တိုင်းဒေသကြီးအစိုးရအဖွဲ့များထံသို့ ၂၆-၁-၂၀၂၃ ရက်မှ စတင် ထုတ်ပြန်ပေးလျက်ရှိရာ ယခု အချိန်ထိ ၇ ကြိမ်မြောက်ရှိပြီဖြစ်ပြီး ယူရီးယား ၅၀ ကီလို တစ်အိတ်လျှင် ၇၆,၀၀၀ ကျပ်၊ ကွန်ပေါင်း တစ်အိတ်လျှင် ၁၂၀,၀၀၀ ကျပ်နှုန်းဖြင့် ရန်ကုန်အထိုင်ဈေးနှုန်းအဖြစ် ဖြန့်ဖြူးရောင်းချပေးလျက် ရှိပါကြောင်း၊ တောင်သူများအတွက် ပြင်ပပေါက်ဈေးအောက် ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်း လျော့ချ၍ ရောင်းချနိုင်အောင် စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုဆိုလျှင် နိုင်ငံတကာ ဈေးနှုန်းမှာ ယူရီးယားမြေဩဇာ ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၃၀၀ နဲ့ ၄၀၀ အကြား တည်ရှိ နေပြီး လာမည့်မိုးစပါးရာသီတွင် သက်သာသေဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေး မျှော်မှန်းထား ပါကြောင်း၊

ထို့အပြင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော နွေစပါးနှင့် ပဲတီစိမ်း စီမံကိန်း များအတွက် တောင်သူများ လိုအပ်သော သွင်းအားစုများ ဈေးနှုန်းသက်သာစွာ ပံ့ပိုးပေးနိုင်ရန် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ပြီး စိုက်ပျိုးဧက ၅၁၂,၂၈၂ ဧကအတွက် ယူရီးယားမြေဩဇာတန်ချိန် ၄၄,၅၅၃ တန်နဲ့ ကွန်ပေါင်းမြေဩဇာ တန်ချိန် ၃,၉၁၃ တန်ကို ဖြန့်ဖြူးရောင်းချပေးနိုင်ခဲ့ပါကြောင်း၊ လာမည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မိုးရာသီတွင် စိုက်ပျိုးမည့် စပါးအပါအဝင် အခြားသီးနှံ (၈) မျိုးအတွက် စိုက်ပျိုးရန်လျာထားဧက ၂၂.၄၈ သန်းရှိရာ ယူရီးယား၊ ကွန်ပေါင်း၊ တီစူပါနဲ့ ပိုတက် စုစုပေါင်းဓာတ်မြေဩဇာတန်ချိန် ၂.၈၇ သန်းခန့်နဲ့ ပိုးသတ်ဆေး မက်ထရစ်တန် ၃၄,၄၈၉ တန် လိုအပ်မည်ဟု စိုက်ပျိုးရေးဦးစီးဌာနမှ တွက်ချက်တင်ပြထားပါကြောင်း၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များ အသင်းအနေဖြင့်လည်း ယခုနှစ်မိုးရာသီအတွက် ဓာတ်မြေဩဇာတန်ချိန် ၁.၂ သန်းခန့်နဲ့ ပိုးသတ်ဆေးတန်ချိန် ၃၈,၈၅၀ တန်ကို ကနဦးခွင့်ပြု ထောက်ခံပေးနိုင်ရေး ဦးဆောင်ကော်မတီသို့ တင်ပြထားပါကြောင်း၊ တက်ရောက်လာကြသည့် ကော်မတီဝင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြပေးစေလိုကြောင်း၊ တောင်သူများ လိုအပ်သည့် သွင်းအားစုများနဲ့ အရင်းအနှီးများကို အချိန်မီရရှိရေး ကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားပါသည်။

ထို့နောက် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် တက်ရောက်လာသော ဝန်ကြီးဌာန ကိုယ်စားလှယ်များက လုပ်ငန်းဆောင်ရွက်နေမှုများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား သက်ဆိုင်ရာကဏ္ဍ အလိုက် ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ လုပ်ငန်းအခက်အခဲများအပေါ် ညှိနှိုင်းပေါင်းစပ် ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး ဒေသအခြေပြု ကျေးလက်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော် ရေး အစည်းအဝေးကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းကို အစိုးရအဆက်ဆက် အလေးထားဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ လက်ထက်မှာလည်း မြို့ပြနှင့်ကျေးလက် ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်း ရေး၊ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတို့ကို အထူးအလေးထား ကာ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် (၁၂) ချက် ချမှတ်ပြီး လုပ်ငန်းစဉ်များကို အချိတ်အဆက်မိမိ အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်ရန်၊ ကျေးလက် စီးပွားရေးလုပ်ငန်းများနှင့် ပုဂ္ဂလိက သမဝါယမလုပ်ငန်းများ တိုးတက်စေရေး ဆောင်ရွက်ရန်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ မြှင့်တင်ပေးရန်” လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ သွင်းကုန် အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေး ဒေသထွက်ကုန်ကြမ်းကို အခြေခံသည့် အသေးစား၊ အလတ်စား၊ အငယ်စား စီးပွားရေးလုပ်ငန်းများကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ဆောင်ရွက် ဖော်ဆောင်ရေး ဟူသော ဦးတည်ချက် ချမှတ်ဆောင်ရွက်နေပါကြောင်း၊

နိုင်ငံတော်ရဲ့ ရည်မှန်းချက်များ ပြည့်မီအောင်မြင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနက သမဝါယမလုပ်ငန်းများနှင့် သမဝါယမစနစ်ဖွံ့ဖြိုးရေး၊ ကျေးလက်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး၊ ကျေးလက်လူမှုစီးပွားဘဝဖွံ့ဖြိုးရေး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေး၊ ငွေကြေး အရင်းအနှီး ရရှိရေးနှင့် သွင်းအားစုကူညီပံ့ပိုးရေး၊ သုတေသနဖွံ့ဖြိုးမှုနှင့် နည်းပညာဖြန့်ဖြူးခြင်း၊ ကောင်းမွန်သောစီမံအုပ်ချုပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး စသည့် မူဝါဒများ ချမှတ်ကာ ဘက်စုံကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်နေပါကြောင်း၊ တရုတ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှာလည်း အခြေခံအဆောက်အအုံ ဖွံဖြိုးရေး၊ ကျေးလက်စီးပွား ခိုင်မာအားကောင်းစေရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် သဘာဝဘေးကာကွယ်ရေး ဆိုင်ရာ လုပ်ငန်းများမှာ အစိုးရ-ပုဂ္ဂလိက-ပြည်သူ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်နေပါကြောင်း၊ အဆိုပါနိုင်ငံများရဲ့ တူညီသောအချက်မှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် ပုဂ္ဂလိက ရင်းနှီး မြှုပ်နှံမှုများကို တိုးမြှင့်ပေးကာ ပြည်တွင်းပြည်ပဈေးကွက်ကို ချိတ်ဆက်ဆောင်ရွက်ပေးပြီး ဒေသ တွင်း ဈေးကွက်စီးပွားရေးစနစ် ခိုင်မာအောင် ဆောင်ရွက်ခြင်းပဲ ဖြစ်ပါကြောင်း၊

နိုင်ငံတော်အစိုးရအနေဖြင့် ငွေကြေး၊ အရင်းအနှီး၊ သွင်းအားစုများ ရရှိရေးအတွက် နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထူထောင်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သို့သော် ကျေးလက်ဖွံ့ဖြိုးရေး ဆောင်ရွက်ရာမှာ ပုဂ္ဂလိကလုပ်ငန်းရှင်များ ပါဝင်ဆောင်ရွက်နိုင်မှု၊ ပါဝင် ဆောင်ရွက်ရန် အခွင့်အလမ်းနည်းပါးမှုများ၊ ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ အားနည်း နေတာကို တွေ့ရပါကြောင်း၊ ဒီအားနည်းချက်များကို သင်ခန်းစာဖော်ထုတ်ပြီး ပုဂ္ဂလိကလုပ်ငန်းရှင် များရဲ့ အဓိကမောင်းနှင်အားကို အသုံးပြုကာ ကျေးလက် စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးအောင် လုပ်ဆောင်ရမည့်အစီအစဉ် ဒေသအခြေပြုကျေးလက်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း (Model) အသစ် ကို မိမိတို့ဌာနက ရေဆွဲခဲ့ပါကြောင်း၊ ယခုလို မူကြမ်းရေးဆွဲထားမှုအပေါ် ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ ဝန်ကြီးဌာနများနှင့် နိုင်ငံတော်က ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြစေလိုကြောင်း၊

မိမိတို့ဝန်ကြီးဌာနက ဦးစီးဆောင်ရွက်မည့် ဒေသအခြေပြု ကျေးလက်ဘက်စုံဖွံ့ဖြိုးရေးစီမံ ကိန်းဟာ မြန်မာနိုင်ငံ၏ ကျေးလက်ဒေသ စိုက်ပျိုးထုတ်လုပ်မှု၊ စားနပ်ရိက္ခာဖူလုံမှုတို့ကို မြှင့်တင် ပေးနိုင်ခြင်း၊ အစိုးရ-ပုဂ္ဂလိက-ပြည်သူ ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်လာစေခြင်းအပြင် စဉ်ဆက် မပြတ် ဖွံ့ဖြိုးရေးရည်မှန်းချက်များ ပြည့်မီအောင် ဆောင်ရွက်ရာတွင် ပြည့်စုံကြွယ်ဝသော၊ အားလုံး ပါဝင်နိုင်သော ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် ကျေးလက်ဖွံ့ဖြိုးရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်သော ပတ်ဝန်းကျင်ကောင်းများ ဖြစ်ပေါ်လာရေးအတွက် အထောက်အပံ့ကောင်းတစ်ခု ဖြစ်လာစေမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ဒေသအခြေပြု ကျေးလက်ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုး ရေးဆေးလုပ်ငန်းရှင်များအသင်း၊ မြန်မာ့ Awba ကုမ္ပဏီ၊ အောင်နိုင်သစ္စာကုမ္ပဏီ၊ ယွန်းလျှံကုမ္ပဏီ၊ စိုက်ပျိုးရေးကုမ္ပဏီများနှင့် ဦးစီးဌာနများမှ ကိုယ်စားလှယ်များက လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များ ရှင်းလင်းတင်ပြ ဆွေးနွေးကြသည်။

တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm