Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ဒုတိယအကြိမ် စုပေါင်းရဟန်းခံ ရှင်ပြု သီလရှင်ဝတ် အလှူတော်မင်္ဂလာကျင်းပ


08 May,2023

နေပြည်တော် မေ ၇

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ ဒုတိယအကြိမ် စုပေါင်း ဒုလ္လဘရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာအခမ်းအနားကို မေလ ၇ ရက်နေ့က သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၆)၌ကျင်းပရာ နိုင်ငံတော်ကောင်စီဝင် များနှင့် ဇနီးများ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ဇနီး ဒေါ်ကြည်ကြည်မေ၊  ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ဒုတိယဝန်ကြီးများနှင့် ဇနီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

          စုပေါင်းရဟန်းခံ ပထမနေ့ မေလ ၆ ရက်နေ့တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ ရုံးအမှတ် (၁၆) မှစတင်၍ ရှင်လောင်းလှည့်ယာဉ်တန်း ထွက်ခွာလှည့်လည်ခဲ့ပြီး ဥပ္ပါတ သန္တိစေတီတော်မြတ်ကြီး၏ ညောင်ပင်တွင် နတ်ဒေဝါများ ကူညီစောင့်ရှောက်ပေးနိုင်ရန် မောင်ရှင် လောင်းများအား နတ်ပြခြင်း ပြုလုပ်ခဲ့သည်။ ထို့နောက် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား ဦးခိုက်၍ လက်ယာရစ်ပူဇော်ခဲ့ပြီးနောက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၆) တွင် ကြွရောက်လာသည့် မောင်ရှင်လောင်းများ၊ ရဟန်းလောင်းများ၊ သီလရှင်လောင်းများနှင့် ဧည့်ပရိသတ်များအား နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးကြသည်။

          မွန်းလွဲပိုင်းတွင် မင်္ဂလာဘိသိက်သွန်းခြင်း အခမ်းအနားကို ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး အမှူးရှိသည့် အကြီးအကဲများနှင့် မောင်ရှင်လောင်းများ၊ ဧည့်ပရိသတ်များ တက်ရောက်ကြပြီး ယဉ်ကျေးမှု မင်္ဂလာဘိသိက်အဖွဲ့မှ မင်္ဂလာဘိသိက်သွန်းခြင်း အခမ်းအနားပြုလုပ်သည်။ ထို့နောက် ဆံချမင်္ဂလာပြုလုပ်ရာ ဦးစွာ နမောတဿ (၃) ကြိမ် ရွတ်ဆိုကန်တော့၍ အခမ်းအနားကို ဖွင့်လှစ် ကြသည်။ ယင်းနောက် မောင်ရှင်လောင်းများက ဥပစ္ဇျယ်ဆရာတော် ဦးဂန္ဓမာလာအား ဩကာသ ကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ကြကာ ဆရာတော်ဦးဂန္ဓမာလာမှ မောင်ရှင်လောင်းများအား ဆုပေးချီးမြှင့်သည်။ ဆက်လက်၍ မောင်ရှင်လောင်းများ၊ ရဟန်းလောင်းများ၊ သီလရှင်လောင်းများ အား ဆံချမင်္ဂလာပြုလုပ်ကြသည်။

          ထို့နောက် ဦးပစ္ဇျာယ်ဆရာတော် ဦးဂန္ဓမာလာထံ ရှင်ပြုအစီအစဉ် ဆောင်ရွက်ပေးပါရန် တောင်းပန်လျှောက်ထားရာ ဦးပစ္ဇျာယ်ဆရာတော် ဦးဂန္ဓမာလာက ရှင်ပြုခြင်းအစီအစဉ် ဆောင်ရွက် ပေးပြီး ရဟန်းလောင်းများမှ ဆရာတော်ထံ သင်္ကန်းပေးခြင်း၊ ဆရာတော်ထံမှ သင်္ကန်းတောင်းခြင်း၊ သင်္ကန်းဝတ်ဆင်ခြင်း၊ ရှင်အဖြစ်တောင်းခံခြင်း၊ သရဏဂုံဆောက်တည် ရှင်ပြုခြင်းနှင့် ဥပစ္ဇျာယ် ယူခြင်းများ ဆောင်ရွက်ကြသည်။ ညပိုင်းတွင် ယဉ်ကျေးမှုမြန်မာဆိုင်းအဖွဲ့ဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြ သည်။

          စုပေါင်းရဟန်းခံရှင်ပြု ဒုတိယနေ့ မေလ ၇ ရက်နေ့တွင် သီရိဂန္ဓမာသပြေအေး မိုးကုတ် ဝိပဿနာကျောင်းတိုက်၌ ဥပသမ္ပဒကံဆောင်၍ ရဟန်းခံမင်္ဂလာပြုခြင်း၊ သိမ်ဝင်ခြင်းနှင့် သိမ်ဆင်း လောင်းခြင်းများ ဆောင်ရွက်ခဲ့ရာ ဦးပစ္ဇျာယ်ဆရာတော် ဦးဂန္ဓမာလာ ဦးဆောင်၍ ရဟန်းဘောင် ဝင်မည့် သာမဏေများ မင်္ဂလာသိမ်တော်သို့ သိမ်ဝင်ခြင်း၊ သိမ်ဆင်းခြင်းများ ဆောင်ရွက်ကြသည်။ ထို့နောက် ဦးပစ္ဇျာယ်ဆရာတော် ဦးဂန္ဓမာလာ ဦးဆောင်သော ရဟန်းများအား နိုင်ငံတော်ကောင်စီဝင် များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ဇနီး အမှူးရှိသည့် ဧည့်ပရိသတ်အပေါင်းတို့က လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းကြသည်။

          ယင်းနောက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၆) ၌ ရေစက်ချ အနုမောဒနာတရား နာကြားခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ဦးစွာဧည့်ပရိသတ်အပေါင်းက နမောတဿ (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး သီရိဂန္ဓမာသပြေအေးမိုးကုတ် ဝိပဿနာ ကျောင်းတိုက်ဆရာတော် ဦးဂန္ဓမာလာထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်တို့မှ ရွတ်ပွားသရစ္ဇျာယ်သော မေတ္တာသုတ် ပရိတ်တရားတော်များအား နာယူကြည်ညိုကြပြီး နိုင်ငံတော်ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ဒုတိယဝန်ကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ဇနီးအမှူးရှိသည့် ပရိသတ်များက ဆရာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုအစုစု ဆက်ကပ်လှူဒါန်းကြသည်။ သီရိဂန္ဓမာ သပြေအေး မိုးကုတ်ဝိပဿနာကျောင်းတိုက်ဆရာတော် ဦးဂန္ဓမာလာထံမှ အနုမောဒနာ တရား နာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။ ထို့နောက် ဗုဒ္ဓသာသနံ စိရံတိဌတု (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ဒုတိယအကြိမ် စုပေါင်းရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာအောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးအမှူးရှိသည့် အကြီးအကဲများက ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြသည်။ ထို့နောက် ဆရာတော်အရှင် သူမြတ်တို့အား နေ့ဆွမ်းနှင့် လှူဖွယ်ဝတ္တုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ဧည့်ပရိတ်သတ်များ အား နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် ဒုတိယအကြိမ် ဝန်ထမ်းမိသားစုများ စုပေါင်းရဟန်းခံ ရှင်ပြုအလှူတော်မင်္ဂလာတွင် ဒုလ္လဘရဟန်း (၅၈) ပါး၊ ရှင်သာမဏေ (၁၅) ပါးနှင့် သီလရှင် (၃၅) ပါး၊ စုစုပေါင်း (၁၀၈) ပါးတို့အား သာသနာ့ဘောင်သို့ သွတ်သွင်းခဲ့ကြောင်း သတင်း ရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm