Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လူမှုစီးပွားဘဝမြင့်မားရေး သမဝါယမကဆောင်ရွက်ပေး


02 May,2023

နိုင်ငံတော်မှ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေးအတွက် ရှုထောင့် အဖုံဖုံ၊ ကဏ္ဍ အစုံစုံက အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ မျက်မှောက်ကာလတွင် ပို၍ဆောင်ရွက်ပေးလျက်ရှိနေသည်ကို သတိပြုမိပါသည်။ အမှန်လည်း ကျေးလက်လူမှုစီးပွား  ဘဝမြင့်မားမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပေသည်။ သယံဇာတပေါကြွယ်ဝတဲ့ အမိ နိုင်ငံအဖို့ ပြည်ပ ပို့ကုန်တင်ပို့မှုမှာ ကုန်ကြမ်းအဖြစ်သာ တင်ပို့မှုကများနေသည်ကို တွေ့နေရပါ  သည်။ ပြည်ပတင်ပို့မှုမှ နိုင်ငံတော်အတွက် နိုင်ငံခြားငွေများစွာရရှိအောင် ဆောင်ကြဉ်းပေးနေ  ခြင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များအား ပြည်ပသို့တင်ပို့နေခြင်းက အဓိကအပိုင်းမှ ပါဝင်နေသည်ဟုဆိုရပေမည်။

စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်တွေကို ကျေးလက်နေတောင်သူဦးကြီးများက စိုက်ပျိုး၊ မွေးမြူ၍ ထုတ်လုပ်ပေးလျက်ရှိခြင်းနှင့် ယင်းတို့၏အကျိုးဆက်ကြောင့်သာ နိုင်ငံတော်အတွက်  နိုင်ငံခြားငွေအမြောက်အများ ရရှိနေသည်ဟု သွယ်ဝိုက်၍ဆိုပါက ဆိုလို့ရပေမည်။ ပွဲစား၊ ကုန်သည်၊ Exporter များက စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များကို ပြည်ပနိုင်ငံများသို့တင်ပို့ နေသော်လည်း အဆိုပါတင်ပို့နေသည့် ကုန်ပစ္စည်းများသည် တောင်သူတစ်ဦးချင်းစီက ထုတ်လုပ်ခြင်းကြောင့် သင်္ဘောတင်ခွင့်ရနေကြသည်ဆိုတာကိုတော့ မမေ့မလျော့ကောင်းလှပါ။

တောင်သူဦးကြီးများ စိုက်ပျိုးကြသည့် စပါး၊ ပြောင်း၊ ပဲ၊ နှမ်း၊ ဖရဲ၊ ကြံ၊ ငရုတ် စသည့်သီးနှံ များ၊ နှစ်ရှည်ပင်မှ ထွက်ရှိသည့်သီးနှံများ ပြည်ပသို့တင်ပို့ခြင်းကြောင့် နိုင်ငံတော်အတွက် နိုင်ငံခြားငွေများစွာ ရရှိနေသော်လည်း တောင်သူဦးကြီးများ၏ လူမှုစီးပွားဘဝမြင့်မားမှုမှာကား ထင်သလောက် ရှေ့သို့ရောက်လာခြင်းမရှိနိုင်သေးသည်ကလည်း လက်တွေ့မှာအမှန်တွေ့နေရ ပြန်သည်။ နိုင်ငံအတွက် စားရေရိက္ခာပေါကြွယ်ဝနိုင်ရေးနှင့် နိုင်ငံခြားငွေများစွာရရှိနိုင်ရေး နေပူ မရှောင်၊ မိုးရွာမရှောင် စိုက်ရေးပျိုးရေးဘဝတွေကိုရုန်းကန်ရင်း အမိမြေ၊ အမိဒေသ၊ အမိပတ်ဝန်း  ကျင်ကိုမြတ်နိုးပြီး မိသားစုဘဝရှင်သန်နိုင်ရေး ကြိုးစားနေကြတဲ့ တောင်သူဦးကြီးများအတွက် အစုအဖွဲ့၊သမဝါယမ အသင်းများဖွဲ့စည်းပြီး အရင်းမပျောက်လည်ပတ်ရန်ပုံငွေများဖြင့် ယင်းတို့၏ လူမှုစီးပွားဘဝ မြင့်မားရေးအတွက် ဆောင်ရွက်ပေးနေခြင်းများကလည်း ထိုက်သင့်သလောက် အရာရောက်နေပြီဟု ဆိုချင်ပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျေးရွာတစ်ရွာထုတ်ကုန်တစ်ခုOne Village One Product (OVOP)အကျိုးတူလယ်ယာစနစ်၊ Contract Farming ကန်ထရိုက်လယ်ယာ၊ ဆန်စက်၊ ဆီစက်လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ကြပြီး အများအကျိုးအတွက် ထမ်းသယ်ပိုး လိုစိတ်ရှိသူ၊ သမဝါယမစနစ်ကိုယုံကြည်ပြီး စိတ်ပါဝင်စားသူများ အမှန်တကယ် အလုပ်လုပ် သူများဖြင့်သာ စည်းရုံးဖွဲ့စည်းခဲ့သည့် သမဝါယမအသင်းများကို မျက်မှောက်ကာလတွင် တိုးချဲ့ ဆောင်ရွက်လျက်ရှိနေသည်ဟု ကြားသိရ၍ ဝမ်းသာနေမိပါသည်။ မိမိတို့၏စိုက်ပျိုးရေး၊ မွေးမြူရေး  စသည်တို့ကို လုပ်ကိုင်ဆောင်ရွက်နေကြပြီး ရိုးဂုဏ်ကိုထိန်းသိမ်းကာ နိုင်ငံ့အတွက်အလုပ် အကျွေးပြုနေကြတဲ့ ကျေးလက်နေတောင်သူဦးကြီးများအား သမဝါယမဦးစီးဌာနဝန်ထမ်းများက အသင်းအဖွဲ့ဖြင့် ဆောင်ရွက်ရခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများ၊ စုပေါင်းဆောင်ရွက် ခြင်းကြောင့် အသင်းသားကိုယ်စီတိုးတက်မှု အလီလီရရှိလာခြင်းစသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့် စည်းရုံး၍ အများဆန္ဒနှင့်အညီ သမဝါယမအသင်းအဖြစ်ရှင်သန်ရပ်တည်နိုင်ရေး ဖွဲ့စည်းဆောင် ရွက်ပေးနေကြောင်းကြားသိရ၍လည်း များစွာဂုဏ်ယူနေမိပါသည်။

 ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် (ဧပြီလမှ ဖေဖော်ဝါရီလထိ) (၁၁)လ တာကာလအတွင်း လယ်ယာထုတ်ကုန်ကဏ္ဍမှ အမေရိကန်ဒေါ်လာ (၃၂၃၄.၂၀၂)သန်း၊ မွေးမြူရေး(ရေလုပ်ငန်းအပါ) ကဏ္ဍမှ ဒေါ်လာ(၆၆၃.၃၁၈)သန်း၊ ပေါင်းဒေါ်လာ (၃၈၉၇.၅၂)သန်း ပြည်ပသို့တင်ပို့ နိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏အချက်အလက်များအရ သိရှိရပါသည်။ သို့ဆိုရာ တောင်သူဦးကြီးများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များကြောင့် နိုင်ငံအတွက် နိုင်ငံခြားငွေများစွာရရှိနေသည်မှာ သိသာထင်ရှားစွာ တွေ့မြင်နေရပြီဖြစ်ပါသည်။ ပြည်တွင်း  စားသုံးမှုကိုထိန်းညှိရင်း ပြည်ပပို့ကုန်များ တိုးမြှင့်လုပ်ဆောင်နိုင်ခြင်းဖြင့် ပို့ကုန်ရငွေတိုးမြှင့်  လာမည်မှာ မြေကြီးလက်ခတ်မလွဲပင်။ နိုင်ငံအတွင်းစိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို ဘက်ပေါင်းစုံမှ ကူညီပံ့ပိုးပေးခြင်းဖြင့် ယခုထက်ပိုမို၍ နိုင်ငံခြားငွေရရှိလာစေရေး၊ ကျေးလက် နေပြည်သူများ၏ လူမှုစီးပွားဘဝပိုမိုမြင့်မားလာစေရေး၊ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်း များ ပိုမိုရရှိနိုင်စေရေးတို့ကိုရှေ့ရှု၍ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ ထူထောင်ပြီး အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည်မှာ အနာဂတ်မြန်မာ့စီးပွားရေးတိုးတက်မှုရဲ့ မောင်းနှင်အား သဖွယ် ရှိနေပေဦးမည်။

နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက်မတည်ငွေများ ထောက်ပံ့ပေးမှုတွင် ကယား၊ ချင်း၊ ရခိုင်ပြည်နယ်(၃)ခုအတွက် ကျပ်(၁၀)ဘီလီယံစီဖြင့် ကျပ်(၃၀) ဘီလီယံ၊ ကချင်၊ ကရင်၊ မွန်၊ ရှမ်း၊ တနင်္သာရီ(၅)ခုအတွက် ကျပ်(၈)ဘီလီယံစီဖြင့် ကျပ်(၄၀)ဘီလီယံ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းနှင့်ဒေသ ဦးစီးအဖွဲ့(၆)ခုအတွက် ကျပ်(၅)ဘီလီယံစီဖြင့် ကျပ်(၃၀)ဘီလီယံ စုစုပေါင်းကျပ်(၁၀၀) ဘီလီယံဖြင့် နိုင်ငံတော်မှ မတည်ထောက်ပံ့ပေးကာ အကောင်အထည် ဖော်ဆောင်ရွက်လျက် ရှိကြောင်းသိရပါသည်။ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အလိုက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့်သမဝါယမလုပ်ငန်းများ ဆောင်ရွက်သည့်အစုအဖွဲ့၊ သမဝါယမ အသင်းများအနေဖြင့်လည်း  ပြဋ္ဌာန်းထားသည့် ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိနေသည်မှာ များစွာအကျိုးရှိလှပေသည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနသည် တည်ဆဲ သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှုနှင့် အထွေထွေစီးပွားရေးဆိုင်ရာ သမဝါယမအသင်းများကို ဖွဲ့စည်းမှတ်ပုံတင်ပေးလျက်ရှိရာ  ၃၁-၃-၂၀၂၃ ရက်နေ့ထိ အသင်းသားပြည်သူ (၄.၂)သန်းဖြင့် သမဝါယမအသင်းပေါင်း (၃၈၇၆၀) ကျော် ဖွဲ့စည်းမှတ်ပုံတင်ပေးထားကြောင်း သိရှိရပါသည်။ ဖွဲ့စည်းပြီးသမဝါယမအသင်းအများစုမှာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျေးရွာတစ်ရွာထုတ်ကုန်တစ်ခု(OVOP)၊ အကျိုးတူလယ်ယာစနစ် ကန်ထရိုက်လယ်ယာ Contract Farming စသည့် လုပ်ငန်းများကို ဆောင်ရွက်ကြသည့် ကျေးလက်နေပြည်သူများ၏ ဆန္ဒနှင့်အညီဖွဲ့စည်းထား ကြောင်းလည်းသိရှိရပါသည်။ မျက်မှောက်  ကာလတွင် ဖွဲ့စည်းပေးလျက်ရှိသည့် သမဝါယမအသင်းများမှာ အသင်းသားများအကျိုးကို ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်သည့် အနေအထားမျိုးဖြစ်အောင် အလေးပေးဆောင်ရွက်  လျက်ရှိသည်မှာ မှန်ကန်ကောင်းမွန်လှပါသည်။ အချို့သော သမဝါယမအသင်းများမှာမူ အသင်း ကိုယ်တိုင် စီးပွားရေးဖွံ့ဖြိုးတောင့်တင်း ခိုင်မာလျက်ရှိနေသော်လည်း မူလပကတိ အခြေခံ  အုတ်မြစ်ပမာတည်ရှိနေသည့် အသင်းဝင်/ အသင်းသားတစ်ဦးချင်းစီအတွက် အကျိုးအမြတ်  ခွဲဝေပေးမှု အားနည်းနေသေးသည်ကိုလည်း သမဝါယမလောကသားအချို့၏ ပြောကြားချက်အရ သိရှိရပါသည်။ အသင်း၏ အကျိုးအမြတ်ရငွေသည် အသင်းသားများအတွက် ဦးတည်  ထောက်ပံ့ပေးရမည်ဖြစ်သကဲ့သို့ အသင်းရေရှည်ဖွံ့ဖြိုးရေးအတွက်လည်း ဆောင်ရွက်ကြရမည် ဖြစ်ပေသည်။ အသင်းသားများအကျိုးကိုထိရောက်စွာ ထောက်ပံ့ပေးခြင်းဖြင့် သမဝါယမအပေါ်  ပြည်သူတို့၏ ယုံကြည်မှုတိုးတက်လာမည်မှာလည်း ဧကန်မလွဲပေ။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက်မတည်ငွေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသဦးစီးအဖွဲ့များတွင် သမဝါယမကဏ္ဍမှ မြစိမ်းရောင် (သမဝါယမ)စီမံကိန်းကိုအကောင်အထည်ဖော် ဆောင်ရွက်နေခြင်းကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးစသည်တို့ကို လုပ်ကိုင်နေသည့် ကျေးလက်နေ သမဝါယမအသင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားလာမည်မှာ မုချဧကန်ပင်။ သို့ဆိုရာ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသဦးစီးအဖွဲ့များတွင် သမဝါယမကဏ္ဍမှ ဆောင်ရွက်မည့် မြစိမ်းရောင် (သမဝါယမ) စီမံကိန်းလျာထား တင်ပြထားမှု၊ အဆိုပါလျာထား တင်ပြမှုအနက်မှ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ အသင်းသားများလက်ဝယ်အရောက် ယင်းတို့လိုအပ်  သည်မျိုး၊ သွင်းအားစု၊ ထွန်ယက်ခ(ဆီဖိုး)၊ တိရိစ္ဆာန်အစာစသည့်ပစ္စည်းများကို အသင်းဒါရိုက်တာ  အဖွဲ့ဝင်များ၊ ကော်မတီအဆင့်ဆင့်တို့ကတာဝန်ယူ၊ တာဝန်ခံကြီးကြပ်မှုများဖြင့် ထောက်ပံ့  ဆောင်ရွက်နေမှုများမှာ ပုံပါဇယားများအတိုင်းရှိကြောင်း သမဝါယမဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်-

ပုံပါဇယားအရ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်(၈)ခု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီး (၃)ခုတို့တွင် သမဝါယမကဏ္ဍအတွက် ကျပ်(၁၂၃၅၃.၇၀)သန်း အဆိုပြုလျာထားခဲ့ပြီး ကျပ် (၈၉၀၅.၀၄) သန်း အကောင်အထည်ဖော်ဆောင်ရွက်ထားပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသည့် ကျပ်(3448.66)သန်းကိုလည်း လာမည့်ရာသီတွင် ကော်မတီအဆင့်ဆင့်၏ခွင့်ပြုချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်းသိရှိရပါသည်။ သမဝါယမကဏ္ဍမှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု(OVOP)လုပ်ငန်း၊ အရောင်းဆိုင်မြှင့် တင်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မြစိမ်းရောင် (သမဝါယမ) စီမံကိန်းလက်စွဲစာစောင်အား စနစ်တကျရေးဆွဲပြီး ကြီးကြပ်စီမံဆောင်ရွက်လျက် ရှိနေခြင်းကြောင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေးကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်တော့မည်ဖြစ်ပါသည်။

အချုပ်ဆိုရသော် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း များမှာ ကျေးလက်နေပြည်သူအများစုပါဝင်သည့် သမဝါယမအသင်းများမှတစ်ဆင့် တောင်သူ တစ်ဦးချင်းစီသို့ ထိရောက်သောပံ့ပိုးပေးမှုဖြစ်ခြင်း ၊ ငွေသားသက်သက်(သီးသန့်)  ထုတ်ပေးခြင်း  မဟုတ်ဘဲ လိုအပ်သည့် မျိုး၊ သွင်းအားစု၊ ထွန်ယက်ခ၊ လုပ်အားခများကိုသာထောက်ပံ့ပေးခြင်း၊ ထွက်ပေါ်လာသည့် စိုက်ပျိုး၊မွေးမြူရေးထုတ်ကုန်များအား ဈေးကွက်ချိတ်ဆက်ပေးမည့် အစီအစဉ်များပါရှိခြင်းတို့ကြောင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရေး အတွက် သမဝါယမဦးစီးဌာနအဆင့်ဆင့်နှင့် သမဝါယမအသင်းအဆင့်ဆင့်တို့က ဆောင်ရွက်ပေး  နေမှုများသည် နိုင်ငံစီးပွားရေးတိုးတက်မြင့်မားလာရေးတွင် အုပ်တစ်ချပ်သဲတစ်ပွင့်ပမာ ဆောင်ကြဉ်း ပေးလျက်ရှိနေသည်ကို မီးမောင်းထိုးပြလိုက်ရပါတော့သည်။         ။

Kဇင်သစ်

(မန်းတက္ကသိုလ်)

30.3.2023

17:00 pm


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm