Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်


27 Apr,2023

နေပြည်တော်၊ ဧပြီလ(၂၇)ရက်

          သဘာဝဘေးအန္တရာယ်များဟာ အချိန်မရွေး၊ နေရာမရွေး၊ လူမျိုးမရွေး ရင်ဆိုင် ကြုံတွေ့ရနိုင်သည့်အတွက် ကြိုတင်တွက်ဆပြီး အမြဲတမ်းအဆင်သင့်ဖြစ်နေရန် ပြင်ဆင် ထားကြဖို့ လိုအပ်မှာဖြစ်ကြောင်း၊ ကမ္ဘာတဝှမ်း ရာသီဥတုပြောင်းလဲမှုနှင့်အတူ ဖြစ်ပေါ် လာနေသည့် သဘာဝဘေးအန္တရာယ်များ၏  သဘောသဘာဝများကို မျက်ခြေမပြတ် လေ့လာ နေရန်လည်းလိုအပ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ အညွှန်းကိန်း ၂၀၂၁ အရ ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေတွင် အမြင့်ဆုံးနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်းပါဝင်ကြောင်း၊ ဒါကြောင့် မိမိနိုင်ငံအတွင်းမှာ ရာသီကာလအလိုက်၊ ဒေသအလိုက်ဖြစ်ပေါ်လာနိုင်တဲ့ သဘာဝဘေးအန္တရာယ်များကို ခန့်မှန်း ပြီး မိမိတို့တွင် ရှိပြီးဖြစ်သော၊ ရရှိနိုင်သော စွမ်းအားအရင်းအမြစ်များကို အသုံးချပြီး ရင်ဆိုင်တုံ့ပြန်နိုင်မည့် အကောင်းဆုံးအစီအမံများကို ကြိုတင်ရေးဆွဲ ဆောင်ရွက်ထားရန် လိုအပ်ကြောင်း ယနေ့နံနက်ပိုင်းက ရုံးအမှတ်(၁၆)၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၌ ကျင်းပပြုလုပ်သည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင်  အသက်မွေးဝမ်းကျောင်း လုပ်ငန်းများပြန်လည်ထူထောင်ရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားခဲ့ခြင်းဖြစ်သည်။

          ဆက်လက်၍ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ကော်မတီ အနေဖြင့် သဘာဝဘေးဒဏ်သင့် ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ပေးနိုင်ရန်နှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေးမြှင့်တင်မှုများပြုလုပ် ပေးရန်တာဝန်ရှိသလို ယင်းလုပ်ငန်းများ ထိရောက်အောင်မြင်စွာ အကောင်အထည်‌ဖော်ဆောင် ရွက်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ခြင်း၊ အရေးပေါ်တုံ့ပြန်ခြင်း၊ ပြန်လည်ထူထောင်ခြင်း လုပ်ငန်းများဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ကြိုတင်ပြင်ဆင်ခြင်း အနေဖြင့် သဘာဝဘေး ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားအသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ထိခိုက် ပျက်စီးပါက ဆောလျင်စွာပြန်လည်ထူထောင်ရေးအတွက် မိုးဦးကျကာလတွင် ဖြစ်နိုင်သည့် သဘာဝဘေးအန္တရာယ်များကို မျှော်မှန်းပြီး ကြိုတင်ပြင်ဆင်စီမံထားခြင်းတို့အား ဒေသ အလိုက် စီမံဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ ဘေးအန္တရာယ်ကြောင့် အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများ ထိခိုက် ပျက်စီးမှုလျော့နည်းစေရေးအတွက် ဘေးမဖြစ်ပွားမီ၊ ဘေးဖြစ်ပွားစဉ်နှင့် ဘေးဖြစ်ပွား ပြီးနောက် ဆောင်ရွက် ရမည့်လုပ်ငန်းတွေကို ဒေသအလိုက် အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန်ထားရန်နှင့် ရေကြီးနစ်မြှုပ်မှုဖြစ်လေ့ရှိသည့် ဒေသများ တွင် ကျရောက်လာနိုင်သည့် ရောဂါပိုးမွှား အန္တရာယ်ကာကွယ်နှိမ်နင်းရေး၊ အချိန်မီပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် မျိုးစေ့များ စုဆောင်း ထားရှိရေး၊ ခေတ်မီစိုက်ပျိုး နည်းစနစ်ဖြင့် ပျိုးထောင်ခြင်း လုပ်ငန်းများ စီမံထားရှိရေး၊ ဘေးသင့်ကာလမှာ တိရစ္ဆာန်ရောဂါဖြစ်ပွားမှု ကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းများလည်း ကြိုတင်ပြင်ဆင် ထားရန် လိုအပ်ကြောင်း၊ လု်ပငန်းများ လျင်လျင်မြန်မြန် ဆောင်ရွက်နိုင်ဖို့အတွက် Task Force များ ဖွဲ့စည်းထားရန် လိုအပ်ကြောင်း၊ ယခင်နှစ်မှာ မိုးရွာသွန်းမှုနည်းပါးခြင်းနှင့် ယခုနှစ်တွင် အပူချိန်မြင့်မားလာခြင်းကြောင့်  ရေရှားပါးဒေသများတွင်ရေရရှိရေးအတွက် ကြိုတင် စီမံဆောင်ရွက်ထား ကြရန်လိုအပ်ကြောင်း၊ ဒါ့အပြင် ကျေးလက်နေပြည်သူများအတွက် ဒေသနှင့်သင့်လျော်သည့် လယ်ယာပြင်ပလုပ်ငန်းများ ဖန်တီးပေးခြင်း၊ အသက်မွေး ဝမ်းကျောင်းဆိုင်ရာနည်းပညာ အထောက်အကူပြုသင်တန်းများပေးခြင်းနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပေးခြင်း တို့ကိုလည်း ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ ကျေးလက်အသက်မွေးဝမ်းကျောင်းလုပ်ငန်း ဆိုင်ရာသင်တန်းများကိုလည်း တိုင်းဒေသကြီး/ ပြည်နယ်များမှာ သင်ကြားပေးလျက်ရှိရာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများမှာ ပြန်လည်ထူထောင်ရေးတွင် အရေးပါပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုနေပြည်တော်၊ လယ်ဝေးမြို့နယ် တွင် ယခုလ ၂၁ ရက်နေ့က သဘာဝဘေးတစ်ခုဖြစ်သည့် လေဆင်နှာမောင်း တိုက်ခတ်မှု ကြောင့် အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာတို့တွင် လူနေအိမ် (၂၃၂)လုံးနှင့် အခြားလူမှုရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ (၁၁၃)ဦး ထိခိုက်မှုများရှိခဲ့ပါကြောင်း၊ သဘာဝဘေးကျရောက်ခဲ့သည့် ယင်းကျေးရွာ(၂)ရွာအတွက် ကော်မတီဝင် ဝန်ကြီးဌာနများက စားသောက်ကုန်ပစ္စည်းများထောက်ပံ့ခြင်းနှင့် ကျေးလက် ရေပေးဝေရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်အကြီးအကဲမှလည်း အဆိုပါ ကျေးရွာများအမြန်ဆုံးပြန်လည် ထူထောင်နိုင်ရန် အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများအား သက်ဆိုင်ရာဌာနအလိုက် ဝိုင်းဝန်း ဆောင်ရွက်ပေးရန်မှာကြားခဲ့ပါကြောင်း၊ သို့ပါ၍ သက်ဆိုင်ရာ ဌာနများအနေဖြင့် ကျေးရွာ များ၏ လတ်တလောလိုအပ်ချက်များ ဖော်ထုတ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအား မည်ကဲ့သို့ဆောင်ရွက်သွားမည်ကို ဆွေးနွေးပေးကြဖို့ တိုက်တွန်းလိုပါကြောင်း၊ သဘာဝ ဘေးဒဏ်ခံရသည့် အခြားဒေသတွေမှာလည်း ဒီလိုပဲဆောင်ရွက်သွားကြဖို့ မှာကြားလို ပါကြောင်း၊   ဒါကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ကိုင်သူများ အဓိကလိုအပ်လျက်ရှိသည့် မျိုးစေ့၊ မြေဩဇာ စသောသွင်းအားစုများ၊ ထွန်ယက်စိုက်ပျိုးရန် စက်ယန္တရားများ၊ ငွေကြေး အရင်းအနှီးများ ထောက်ပံ့ပေးခြင်း၊ ဈေးကွက်ချိတ်ဆက်ရေးကိစ္စရပ်များ ဆောင်ရွက်ပေးခြင်း၊ ဖွံ့ဖြိုးရေး ဆိုင်ရာ အခြေခံအဆောက်အအုံများနှင့် အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်မြင့်မား အောင် ဆောင်ရွက်ပေးခြင်းစသည့် အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်တွေကို အထူးအလေးထား ပူးပေါင်းဆောင်ရွက်ပေးကြဖို့ ကော်မတီဝင်များအား တိုက်တွန်းမှာကြား လိုပါကြောင်း ဆွေးနွေးပြောကြားပါသည်။

ဆက်လက်၍ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများပြန်လည်ထူထောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား လည်းကောင်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က  အသက်မွေးဝမ်းကျောင်းပြန်လည် ထူထောင်ရေးလုပ်ငန်းကော်မတီ ပထမအကြိမ် လုပ်ငန်း ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ကော်မတီဝင်ဌာနများမှ အသက်မွေးဝမ်းကျောင်းပြန်လည်ထူထောင် ရေးလုပ်ငန်းများဆောင်ရွက်ပေးနိုင်ခဲ့မှုအခြေအနေများ၊ နွေရာသီရေရှားပါး ဒေသများအတွက် ဆောင်ရွက်ပေးခဲ့မှုများ၊ ရှေ့ဆက်ဆောင်ရွက်မည့် အခြေအနေများနှင့်  လက်တလောဖြစ်ပွား ခဲ့သည့် လေဆင်နှာမောင်းတိုက်ခိုက်ခံခဲ့ရသည့် ကျေးရွာ(၂)ရွာသို့ ထောက်ပံ့ဆောင်ရွက်ခဲ့မှု အခြေအနေများအားလည်းကောင်း၊ ဆက်လက်လက်ဆောင်ရွက်မည့် အစီအမံများအား လည်းကောင်း၊ တတ်ရောက်လာသောကော်မတီဝင်ဌာနအသီးသီးမှလည်း သက်ဆိုင်ရာ အခန်းကဏ္ဍများအလိုက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများ၊ သဘာဝဘေးသင့် ဒေသများကို ပြန်လည်ထူထောင်ရေး ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်တင်ပြကြရာ တင်ပြချက်များအပေါ် ကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ် ဖြည့်ဆည်းဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm