Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(၇၈) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နဝင်းချောင်းကူးတံတား၊ ကျေးရွာချင်းဆက်လမ်းများနှင့် ကုန်ထုတ်လမ်းဖွင့်ပွဲအခမ်းအနားများ ကျင်းပ


24 Mar,2023

နေပြည်တော် မတ် ၂၃

(၇၈) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ မကျီးပင်အုပ်စုအတွင်းရှိ ကျေးရွာတို့ကို ဆက်သွယ်ထားသော နဝင်းချောင်းကူး သံကူကွန်ကရစ်တံတားဖွင့်ပွဲအခမ်းအနား၊ ပုဏ္ဏမာ-ရွာတော်ကုန်ကျေးရွာချင်းဆက်လမ်း ဆက်သွယ် သောလမ်းနှင့် လယ်ဝေးမြို့နယ် အောင်ကြီးကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဖွင့်ပွဲအခမ်း အနား ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ မကျီးပင်အုပ်စုအတွင်းရှိ ကျေးရွာတို့ကို ဆက်သွယ်ထားသော နဝင်းချောင်းကူး သံကူကွန်ကရစ်တံတား ဖွင့်ပွဲအခမ်းအနား ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက (၇၈) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တပ်ကုန်းမြို့နယ်၊ မကျီးပင်အုပ်စုအတွင်းရှိ ကျေးရွာတို့ကို ဆက်သွယ် ထားသော နဝင်းချောင်းကူးသံကူကွန်ကရစ်တံတား ဖွင့်ပွဲအခမ်းအနားကို ကျင်းပခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျော့ချရေးလုပ်ငန်း များဟာ ကျေးလက်သယ်ယူပို့ဆောင်ရေး လွယ်ကူချောမွေ့မှုအပေါ် များစွာအခြေခံနေတာကြောင့် ကျေးလက်လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုဟာ အဓိကအရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေပါကြောင်း၊ ဒေသခံပြည်သူများ၏ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကုန်ထုတ်လုပ်ငန်းတွေ တစ်နှစ်ပတ်လုံးသယ်ပို့ရောင်းချနိုင်ဖို့ ရာသီမရွေးဆက်သွယ်သွားလာနိုင်သည့်လမ်းများလိုအပ်လျက် ရှိပါကြောင်း၊ ဒါ့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်သူ များ၏ လူမှုစီးပွားဘဝများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေး၊ မြို့ပြနှင့် ကျေးလက်ဒေသများ အကြား၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများအကြား ဖွံ့ဖြိုးမှု ကွာဟချက်များ ကျဉ်းမြောင်းစေရေး တို့အတွက် ရည်မှန်းချက်များ၊ မဟာဗျူဟာများ ရေးဆွဲချမှတ်ပြီး ကျေးလက်လမ်းတံတား ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများလည်း ရေးဆွဲချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာန အနေဖြင့် စဉ်ဆက်မပြတ် ကျေးလက်လမ်းကွန်ယက်များဖွံ့ဖြိုးစေရေးအတွက် သက်ဆိုင်သူ အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးလက်လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေ ချောမွေ့မှုဟာ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေးအတွက် များစွာအထောက် အကူပြုတာကြောင့် စံချိန်စံညွှန်း၊ အရည်အသွေးပြည့်မီတဲ့ ကျေးလက်လမ်းတံတားများ ဖြစ်ထွန်းပေါ်ပေါက် စေရေး၊ သဘာဝဘေးဒဏ်ခံနိုင်သော လမ်းများဖြစ်ပေါ်ရေး၊ ကျေးရွာများ အားလုံး ရာသီမရွေးဆက်သွယ်သွားလာနိုင်တဲ့ လမ်းတံတားများအဖြစ်ရည်မှန်းပြီး ကျေးလက် လမ်းဖွံ့ဖြိုးရေး မဟာဗျူဟာနှင့်ရင်းနှီးမြှုပ်နှံမှုအစီအစဉ် (၂၀၁၇-၂၀၃၀)ကို ရေးဆွဲပြီး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခု ၂၀၂၂-၂၃ဘဏ္ဍာရေးနှစ်တွင် နိုင်ငံအဝှမ်း ပြည်ထောင်စု၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ခွင့်ပြု ရန်ပုံငွေကျပ်(၂၈၄.၂၂၁)ဘီလီယံဖြင့် ကွန်ကရစ် လမ်း (၂၇၇)မိုင်၊ ကတ္တရာလမ်း(၁၅၂)မိုင် ကျောက်ချောလမ်း (၂၈၇)မိုင်၊ ဂဝံ/ဂျင်းလမ်း (၂၂၂)မိုင်၊ မြေသားလမ်း (၃၂၉)မိုင်၊ စုစုပေါင်း ကျေးလက်လမ်း အရှည် (၁၂၆၇)မိုင် နှင့် ကွန်ကရစ်တံတား (၃၂၃)စင်း၊ ကြိုး/ ဘေလီ (၁၆)စင်း၊ Box Culvert (၈၄၂)စင်းနှင့် ရေကျော် (၂၅)စင်း စုစုပေါင်း ကျေးလက်တံတား (၁,၂၀၆)စင်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ဖွင့်ပွဲ အခမ်းအနား ဆောင်ရွက်သည့် “နဝင်းချောင်းကူးတံတား”ဟာဆိုရင် တံတားအရှည် (၁၈၀) ပေ၊ တံတားအကျယ် (၁၈)ပေရှိပြီး သံကူကွန်ကရစ်ဘိုးပိုင်၊ သံကူကွန်ကရစ်ကြမ်းခင်းနှင့် သံကူကွန်ကရစ်ယက်မ တပ်ဆင် အသုံးပြုထားတဲ့ တံတားအမျိုးအစားဖြစ်ပါကြောင်း၊ တံတားခံနိုင်ဝန်အနေဖြင့် ယာဉ်တစ်စီးချင်း အလေးချိန် (၃၆) တန်အထိ ဖြတ်သန်းအသုံးပြု သွားနိုင်မှာဖြစ်ပါကြောင်း၊ ယခုလို စံချိန်စံညွှန်း နှင့်အညီ အဆင့်မြှင့်တင်တည်ဆောက်ထားသည့် ကျေးလက်လမ်း၊ တံတားများ ရေရှည်တည် တံ့ခိုင်မြဲစေရန်အတွက် ဒေသခံပြည်သူများအနေနဲ့ ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်သွားကြရန်နှင့် ယာဉ်များကို ခွင့်ပြုအလေးချိန်များအတိုင်း ဖြတ်သန်းမောင်းနှင်ကြဖို့ တိုက်တွန်းမှာကြား လိုပါ ကြောင်း ပြောကြားပါသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက် စေဖို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး အချိုးကျကျ ဖွံ့ဖြိုး တိုးတက်စေရေး ဆောင်ရွက်ရာတွင် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးဟာ အဓိကကျလျက်ရှိပါကြောင်း၊ ယခု နဝင်းချောင်းကူး တံတားတည်ဆောက်နိုင်မှုကြောင့် မကျီးပင်ကျေးရွာဘက်ကမ်းမှ ကျေးရွာ(၅) ရွာရှိ အိမ်ခြေ(၆၄၂) အိမ်၊ လူဦးရေ (၂၇၇၇ ) ဦးကို အကျိုးပြုမှာဖြစ်ပြီး ကျေးရွာတောင်သူများ စိုက်ပျိုးလုပ်ကိုင်လျက် ရှိသော ပဲ၊ ပြောင်း၊ နှမ်း ၊ ခရမ်းချဉ် စတဲ့ စုစုပေါင်း စိုက်ဧက (၅၀၀၀)ခန့်မှ ထွက်ကုန်၊ ထုတ်ကုန် များအား မြို့ပေါ်ဈေးကွက်သို့ အချိန်တိုအတွင်း ကုန်ကျစရိတ်သက်သာစွာဖြင့် ပို့ဆောင်နိုင်မှာ ဖြစ်ပါကြောင်း၊ ပူးပေါင်းဆောင်ရွက်ပေးခဲ့သည့် ဝန်ကြီးဌာနများနှင့် ဌာနဆိုင်ရာ အသီးသီးမှ တာဝန် ရှိသူများ၊ ဒေသခံပြည်သူများကို ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် တံတားရေရှည် တည်တံ့ခိုင်မြဲ အောင် ဒေသခံပြည်သူများမှလည်း ဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်းစောင့်ရှောက် ပေးစေလိုကြောင်း ပြောကြားပါသည်။

ယင်းနောက် ဒေသခံပြည်သူတစ်ဦးက တံတားတည်ဆောက်ပေးသည့်အတွက် ကျေးဇူးတင် စကား ပြန်လည်ပြောကြားပါသည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး မင်းနောင်၊ ကောင်စီအဖွဲ့ဝင် (၂) ဦးဇေယျာလင်း၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်နှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က နဝင်းချောင်းကူးသံကူကွန်ကရစ်တံတားသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြပြီး တက်ရောက်လာသော ဧည့်သည်တော်များက ကမ္ပည်းမော်ကွန်းကျောက်စာတိုင်အား အမွှေးနံ့သာရည်များပက်ဖြန်းကာ တံတားအားဖြတ်သန်းကြည့်ရှုကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းမှ ပုဏ္ဏမာ-ရွာတော်ကုန်းကျေးရွာ ဆက်သွယ်သော ကျေးရွာချင်းဆက်လမ်း ကတ္တရာ လမ်းဖွင့်ပွဲအခမ်းအနားသို့ ရောက်ရှိပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး မင်းနောင်၊ ကောင်စီအဖွဲ့ဝင်(၂) ဦးဇေယျာလင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးခန့်ဇော်နှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင် တို့က လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကတ္တရာလမ်းသစ်အား လှည့်လည် ကြည့်ရှုကြ ပါသည်။ အဆိုပါ ပုဏ္ဏမာ-ရွာတော်ကုန်းကျေးရွာချင်းဆက်လမ်းမှာ အရှည်တစ်မိုင် ၂ ဒသမ ၆ ဖာလုံ ရှိပြီး ကျေးရွာနှစ်ရွာမှ တောင်သူများ၏ စိုက်ပျိုးဧက ၃၃၀ ကျော်ကိုအကျိုးပြုပေးနိုင်မှာဖြစ်ကြောင်း သိရသည်။

ထို့မှတဆင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူ များသည် လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ အောင်းကြီးကုန်းကျေးရွာ ကုန်ထုတ်လမ်းဖွင့်ပွဲအခမ်း အနား တက်ရောက်ကြသည်။

အခမ်းအနားတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက မိမိတို့နိုင်ငံ့လူဦးရေ (၇၀%)ကျော်ဟာ ကျေးလက်ဒေသမှာနေထိုင်ကြသူများဖြစ်တဲ့ အတွက် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးနိုင်မှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါကြောင်း၊ ဒါ့ကြောင့် နိုင်ငံတော်အစိုးရ အနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချနိုင်ရေးတို့အတွက် မူဝါဒများ၊ ရည်မှန်းချက် များ၊ မဟာဗျူဟာများ ရေးဆွဲချမှတ်ပြီး ဘက်စုံ၊ ကဏ္ဍစုံဖွံ့ဖြိုးရေး အစီအစဉ်များကို မြန်ဆန် သွက်လက်စွာ အကောင်အထည်ဖော် ဆောင်ရွက်‌ပေးလျက်ရှိပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနသည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း၏ ရည်မှန်းချက်များနှင့် အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာများ၏ ရည်မှန်းချက်များနှင့်အညီ စဉ်ဆက်မပြတ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရရဲ့ ဦးစားပေး လုပ်ငန်းစဉ်တစ်ခုအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် ချမှတ်ထားရှိပါကြောင်း၊ ကျေးလက်နေပြည်သူများ၏ လူနေမှုဘဝ မြင့်မားတိုးတက်ရေးအတွက် လယ်ယာထွက်ကုန်များ လုပ်ငန်းခွင်မှကျေးရွာအရောက် အချိန်ကုန် သက်သာစွာ အလွယ်တကူ သယ်ယူပို့ဆောင်နိုင်ရေးတွက် ကုန်ထုတ်လမ်းများဖောက်လုပ်ပေးခြင်း၊ ဘေးကင်းလုံခြုံသော သောက်သုံးရေရရှိရေးအတွက် ဆောင်ရွက်ပေးခြင်း၊ ကျေးလက်မီးလင်းရေး လုပ်ငန်းများဆောင်ရွက် ပေးခြင်း၊ အခြားဒေသဖွံ့ဖြိုးရေးစီမံကိန်းများကို နှစ်စဉ်လျာထားဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ယနေ့ဖွင့်လှစ်ပေးတဲ့ မဒေါ့ပင်ကျေးရွာအုပ်စု၊ အောင်းကြီးကုန်းကျေးရွာ ကုန်ထုတ်လမ်းမှာ စိုက်ပျိုးဧက (၅၀၀)ကျော် အကျိုးပြုပေးနိုင်မှာ ဖြစ်ကြောင်း၊ ကိုယ့်အားကိုယ်ကိုးစိတ်ဓါတ်၊ မိမိတို့ ကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်လို စိတ်များ မွေးမြူကြစေလိုကြောင်း၊ ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်း များ တန်ဖိုးထားကြရန်နှင့် အကျိုးရှိရှိ အသုံးပြုကြစေလိုကြောင်း ပြောကြားပါသည်။

ယင်းနောက် ဒေသခံပြည်သူတစ်ဦးက ကုန်ထုတ်လမ်းဖောက်လုပ်ပေးသည့်အတွက် ကျေးဇူး တင်စကား ပြန်လည်ပြောကြားပါသည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး မင်းနောင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်နှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်တို့က ကုန်ထုတ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကုန်ထုတ်လမ်းဖောက်ထားမှု အခြေအနေများအား လှည့်လည် ကြည့်ရှုခဲ့ ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဖွင့်လှစ်ပို့ချလျက်ရှိသော လုပ်ငန်းခွင်ဝင်သင်တန်းသို့ ရောက်ရှိကာ သင်တန်း တက်ရောက်နေသော ဝန်ထမ်းသစ်များနှင့် တွေ့ဆုံပြီး ဝန်ထမ်းများထားရှိရမည့် စိတ်ဓါတ်၊ ခံယူချက်၊ ကျင့်ဝတ်များကို သိရှိနားလည်အောင် သင်ကြားပေးရန်နှင့် စေတနာကောင်းထား၍ ပြည်သူအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားပါသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ပျဉ်းမနားခရိုင်ရုံးရှိ ကျေးလက်လမ်း၊ တံတား သုတေသနဖွံ့ဖြိုးရေးဌာနခွဲသို့ ရောက်ရှိကြည့်ရှု စစ်ဆေးပြီး သုတေသနလုပ်ငန်းများဆောင်ရွက်ခြင်း၊ လမ်း၊တံတားလုပ်ငန်းသုံးပစ္စည်းများကို စနစ်တကျ ဓါတ်ခွဲစမ်းသပ်စစ်ဆေးခြင်းဖြင့် လမ်း၊ တံတားလုပ်ငန်းများ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ကြရန် နှင့် ဆောင်ရွက်ပြီး သုတေသနလုပ်ငန်းများကို အကျိုးရှိစွာ ပြန်လည်အသုံးသွား ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm