Language : မြန်မာ | Eng
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး သမဝါယမစနစ် မွေးမြူရေးလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်


23 Mar,2023

နေပြည်တော် မတ် ၂၂

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် မတ်လ ၂၂ ရက်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်တင်ကိုကို၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် တောင်ကြီးမြို့၊ Green Gold ကော်ဖီစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက်သို့ သွားရောက် အားပေး ကြည့်ရှုကာ အသင်းတာဝန်ခံများ၏ လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ် သည်များ မှာကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးမြို့နယ်၊ နောင်ကားကျေးရွာ၊ အခြေခံ ပညာအထက်တန်းကျောင်း၊ ပညာမြင့်မိုရ်ခန်းမတွင် ခမ်းရတနာမွေးမြူရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းမှ အသင်းသား/ သူများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံရာတွင် သမဝါယမဦးစီး ဌာန၊ ပြည်နယ်ဦးစီးမှူးက ရှမ်းပြည်နယ်အတွင်း မွေးမြူရေးသမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက် နေမှုအခြေအနေများ ရှင်းလင်းတင်ပြသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ရှမ်းပြည်နယ် အတွင်း သမဝါယမစနစ်ဖြင့် ဆောင်ရွက်နေသည့် နွား၊ ဝက် မွေးမြူရေးလုပ်ငန်းများ အောင်မြင် အောင် ကြိုးပမ်းဆောင်ရွက်ကြရန်၊ ခြံလှောင်စနစ်ဖြင့် စနစ်တကျ မွေးမြူကြရန်၊ နွားစာအတွက် နေဗီယာမြက်များ စိုက်ပျိုးကြရန်၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရန်နှင့် သဘာဝ မြေဩဇာများ ရောနှောအသုံးပြုရန် မှာကြားသည်။

ဆက်လက်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက မွေးမြူရေးလုပ်ငန်း ဆိုင်ရာများအားလည်းကောင်း၊ ယွန်းလျှံ လယ်ယာအထောက်အကူပြုကုမ္ပဏီ တာဝန်ခံ ဦးအောင်မျိုးဦးက နွားစာမြက် စိုက်ပျိုးရေးဆိုင်ရာများအားလည်းကောင်း အသိပညာပေး ဟောပြော ခဲ့သည်။

ယင်းနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဦးစီးဌာနအလိုက် ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများ ရှင်းလင်းဆွေးနွေးပြောကြားသည်။

နောင်ကားကျေးရွာရှိ ခမ်းရတနာမွေးမြူရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းသည် အသင်းသား (၈၅) ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်နေပြီး နွားကောင်ရေ (၄၈၀)၊ ဝက်ကောင်ရေ (၂၅၀) မွေးမြူသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်ခဲ့ပြီး ကျေးရွာ(၆) ရွာ၊ အိမ်ခြေ (၇၃၅) အိမ်၊ လူဦးရေ (၃၀၅၀) ဦးနှင့် စိုက်ပျိုးဧက (၃၉၀) အတွက် အကျိုးပြုသည့် ကတ္တူကျေးရွာအုပ်စု၊ ပန်လွန်ကျေးရွာ၏ အရှည် ၂ မိုင် ၄ ဖာလုံရှိ ကျေးလက်ကုန်ထုတ်လမ်းနှင့် ပေ (၂၀) ကွန်ကရစ် တံတား တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်‌ဆေးကာ ဒေသခံများ၏ ဖွံ့ဖြိုးရေးလိုအပ်ချက်များ တင်ပြမှုအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တောင်ကြီးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်အကြား နမ့်တဘက်ချောင်းကူး အုတ်ခုံခံ သစ်သားတံတား အရှည် (၉၅) ပေ တည်ဆောက်နိုင်ရေး ဒေသခံများနှင့် ဆွေးနွေးခဲ့ပြီး တံတား တည်ဆောက်မည့် မြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ညောင်ရွှေ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ခဲ့ပြီး ကျေးရွာ (၅)ရွာ၊ စိုက်ဧက (၆၀၁) အတွက် အကျိုးပြုသည့် ပေ (၂၂၀၀) အရှည်ရှိ ကျိုင်းခမ်းရွာ ကျေးလက်ကုန်ထုတ် လမ်းအား ကြည့်ရှုစစ်ဆေးကာ ဒေသခံများ၏ ဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များအား ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ညောင်ရွှေမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော နောင်တောကျေးရွာအုပ်စု၊ လုံကုန်းကျေးရွာ ကွန်ကရစ်လမ်းခင်း ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးကာ ဒေသခံပြည်သူများ၏ ဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်သွယ်ရန်

Dial these numbers and email in case of any emergency

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၉၅ - ၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm