Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသေးစားစက်မှုလက်မှုထုတ်ကုန် နှင့် ထုပ်ပိုးမှုဆိုင်ရာစက်ပစ္စည်းများ ပြပွဲ၊ ပြိုင်ပွဲ၊ ဆွေးနွေးပွဲနှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲ အခမ်းအနားကျင်းပ


18 Mar,2023

နေပြည်တော် မတ်လ ၁၇ ရက်

              ၇၈ နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသေးစားစက်မှုလက်မှု ထုတ်ကုန်နှင့် ထုပ်ပိုးမှုဆိုင်ရာစက်ပစ္စည်းများ ပြပွဲ၊ ပြိုင်ပွဲ၊ ဆွေးနွေးပွဲနှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ဥပ္ပါတသန္တိစေတီတောင်ဘက် မုဒ်ရှေ့ရှိ တပေါင်းကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

              အခမ်းအနားတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးလှမိုးက ပြပွဲ၊ပြိုင်ပွဲနှင့် ဈေးရောင်းပွဲကို  အသေးစားစက်မှုလက်မှုလုပ်ငန်းများ အားပေး မြှင့်တင်ရန်နှင့် ဈေးကွက်ဖော်ဆောင်ပေးရန်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းသုံးနှင့် ထုပ်ပိုးမှု ဆိုင်ရာ စက်ပစ္စည်းများအား အသေးစားလုပ်ငန်းရှင်များမှ လေ့လာနိုင်စေရန်နှင့် ဒေသထွက် ကုန်ကြမ်းများကို အခြေခံပြီး မိသားစုဝင်ငွေတိုးပွားစေမည့် တစ်နိုင်တစ်ပိုင် အသေးစားစက်မှု လက်မှုလုပ်ငန်းပေါ်ထွန်းလာစေရန် ရည်ရွယ်၍ အသေးစားစက်မှု လက်မှုထုတ်ကုန်နှင့် ထုပ်ပိုးမှု ဆိုင်ရာစက်ပစ္စည်းများ ပြပွဲ၊ ပြိုင်ပွဲ၊ ဆွေးနွေးပွဲနှင့် ဈေးရောင်းပွဲ (နေပြည်တော်)ကို ကျင်းပပြုလုပ် ခြင်းဖြစ်ပါကြောင်း၊ ယခုဖွင့်လှစ်သော ပြပွဲတွင် ယွန်း၊ ရက်ကန်း၊ စားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းစသည့် ထုတ်ကုန်အမျိုးအစားအလိုက် ပြိုင်ပွဲများ ကျင်းပပြီး ဆုများရွေးချယ်ချီးမြှင့် ပေးသွားမှာဖြစ်သည့်အတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူဖြစ်စေမှာဖြစ်ပါကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ရည်မှန်းချက်ဖြစ်သည့် ကျေးလက်ဒေသထွက်ကုန်ကြမ်းများအပေါ် အခြေခံသည့် အသေးစား စက်မှုလက်မှုလုပ်ငန်းများနှင့် မြန်မာ့ရိုးရာ ယွန်း၊ ရက်ကန်း၊ ပန်း(၁၀)မျိုး အပါအဝင် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် တီထွင်ဆန်းသစ်နိုင်ရေး အားပေးကူညီရန်ဆိုသည့် အချက်ကိုလည်း ဖော်ဆောင်ရာရောက်မှာဖြစ်ပါကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများကို ကဏ္ဍအလိုက် တိုးတက်အောင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ဖြစ်စေနိုင်ပါကြောင်း၊ ဒါ့အပြင် အသေးစားစက်မှုလက်မှု လုပ်ငန်း ထုတ်ကုန် အမျိုးအစားအပေါ် မျိုးတူစုအဖွဲ့များ ဖွဲ့စည်းပေးပြီး ကျေးရွာတစ်ရွာထုတ်ကုန်တစ်ခု (One Village One Product) ထုတ်လုပ်သည့် ဒေသများကို ဖော်ဆောင်ပေးခြင်း၊  ထောက်ပံ့ကူညီပေးခြင်းတို့ကို ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များကို အောင်မြင်အောင် အကောင် အထည်ဖော်ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း ပြောကြားပါသည်။

          ဆက်လက်၍ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ MSME လုပ်ငန်းရှင်များ၏ ထုတ်ကုန်ပစ္စည်းများကို ယခုပြပွဲ တွင် အခမဲ့ ခင်းကျင်းပြသရောင်းချခွင့်ပြုထားသည့်အတွက် အလွန်ကောင်းမွန်သည့် အစီအစဉ် ကောင်းများဖြစ်ပါကြောင်း၊ စက်မှုဝန်ကြီးဌာန အနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ(MSME)ကို ဒေသအတွင်း စီးပွားရေးကွန်ရက်အတွင်း၌ တီထွင် ဆန်းသစ်မှု နှင့် ယှဉ်ပြိုင်မှုစွမ်းရည်ကောင်းများ မြင့်မားလာပြီး နိုင်ငံသားများ၏ အလုပ်အကိုင် အခွင့် အလမ်းများ တိုးပွားရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ MSME စီးပွားရေးလုပ်ငန်းများအနေဖြင့် ယခုကဲ့သို့ ဈေးကွက်ရရှိအောင် ဆောင်ရွက်ပေးသည့် ပြပွဲ၊ ပြိုင်ပွဲ၊ ဈေးရောင်ပွဲများတွင် ပါဝင်ပြသရောင်းချခြင်းဖြင့် စီးပွားရေးအရ အသိပညာများ ပိုမိုကြွယ်ဝလာပြီး မိမိတို့၏ စီးပွားရေးလုပ်ငန်းများအား စီမံရာတွင် ကျွမ်းကျင် ပိုင်နိုင်စွာ ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း ပြောကြားပါသည်။

              ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က နိုင်ငံတော်အနေဖြင့် အသေးစား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးဆောင်ရွက်နေချိန်တွင် ပြည်ထောင်စုနယ်မြေ အနေဖြင့် တစ်ဖက်တစ်လမ်းက အားဖြည့်ဆောင်ရွက်ပေးနေပါကြောင်း၊ အသေးစားစက်မှုလက်မှု လုပ်ငန်း(Micro)များသည် နိုင်ငံ့စီးပွားရေးမြှင့်တင်မှုနှင့် စီးပွားရေးတိုးတက်မှုအတွက် အခြေခံ လုပ်ငန်းများဖြစ်ပါကြောင်း၊ အရေအတွက်အနေဖြင့်လည်း အငယ်စား၊ အလတ်စား SME လုပ်ငန်း များထက် ပိုမိုများပြားသည်ကို တွေ့ရှိရပါကြောင်း၊ ဒါကြောင့် အသေးစားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်နေသည့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ လုပ်ငန်းဆ ောင်ရွက် မှုများ အောင်မြင်မှုရှိသည်ကို တွေ့ရှိရပါကြောင်း၊ အသေးစားစက်မှုလက်မှု ထုတ်ကုန်နှင့် ထုပ်ပိုးမှုဆိုင်ရာ လုပ်ငန်းများ အောင်မြင်နိုင်ရေးကိုလည်း ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုနယ်မြေအတွင်းရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး၊ ဈေးကွက်ရရှိရေး၊ လိုအပ်သည့်နည်းပညာပံ့ပိုးကူညီပေးနိုင်ရေး၊ ခေတ်မီ စက်ကိရိယာများ အသုံးပြုနိုင်ရေးတို့ကိုလည်း ကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ပြောကြားပါသည်။

              ထိုနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်() ဦးဇေယျာလင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးနှင့် နေပြည်တော် MSME Association ဥက္ကဋ္ဌ ဦးကျော်စွာဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးနောက် ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည် တော်များသည် “အသေးစား စက်မှုလက်မှုထုတ်ကုန်နှင့် ထုပ်ပိုးမှုဆိုင်ရာ စက်ပစ္စည်းများ ပြပွဲ၊ ပြိုင်ပွဲ၊ ဆွေးနွေးပွဲနှင့် ဈေးရောင်းပွဲ” အတွင်းရှိ ဆိုင်ခန်းများအား လှည့်လည်ကြည့်ရှုအားပေးကြသည်။

အဆိုပါ ပြပွဲ၊ ပြိုင်ပွဲ၊ ဆွေးနွေးပွဲနှင့် ဈေးရောင်းပွဲ၌ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များမှ အသေးစားစက်မှုလက်မှုဆိုင်ရာ ယွန်း၊ ရက်ကန်းနှင့် စားသောက်ကုန်၊ လူသုံးကုန်ဆိုင်ရာ ထုတ်ကုန်ပြခန်းပေါင်း (၄၉)ခန်းနှင့် ထုပ်ပိုးမှုဆိုင်ရာ စက်ပစ္စည်းပြခန်း(၁၇)ခန်း စုစုပေါင်းပြခန်း(၆၆)ခန်းကို မတ်လ(၁၇)ရက်နေ့မှ (၁၉)ရက်နေ့ထိ နေ့စဉ် နံနက်(၈)နာရီမှ ညနေ(၁၇:၃၀)နာရီထိ ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်၍ မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုအားပေးဝယ်ယူနိုင်ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့်အဖွဲ့သည့် နေပြည်တော်ရှိ ရုံးအမှတ် (၁၆)၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ စာတမ်းရှင်(၆)ဦးနှင့် ပြင်ပမှ MSME လုပ်ငန်းရှင်(၂)ဦးတို့၏ စားသောက်ကုန် လူသုံးကုန် အလှကုန် ယွန်းရက်ကန်းနှင့် ထုတ်ပိုးမှုပညာရပ်ဆိုင်ရာစာတမ်းများဖြစ်သည့် ကြက်သွန်နီအခြေခံ တန်ဖိုးမြှင့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာစာတမ်း၊ လက်ငင်ချည်ထုတ်လုပ်သုံးစွဲမှု ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာသုတေသနစာတမ်း၊ The Future of Packaging စာတမ်း၊ ထုတ်ပိုးမှုဖြင့် ဈေးကွက်ချဲ့ ထွင်ခြင်းစာတမ်း၊ Vacuum Freeze Dryer အသုံးပြု၍ တန်ဖိုးမြှင့် သဘာဝသစ်သီး ခြောက်များ စမ်းသပ်ထုတ်လုပ်ခြင်း၊ ထောပတ်သီးမှ အဆီအနှစ်(Oil Extract)များ ထုတ်ယူ၍ Herbal Cosmetic အလှကုန်ပစ္စည်းများ စမ်းသပ်သုတေသနပြုလုပ်ခြင်း၊ မြန်မာ့သစ်စေးအကြောင်းကို လေ့လာခြင်း နှင့် စမ်းသပ်သုတေသနပြုလုပ်ခြင်း၊ ပဲပုပ်မှစားသောက်ကုန်များ သုတေသနပြု စမ်းသပ်ထုတ်လုပ် ခြင်း စသည့် စာတမ်းဖတ်ကြားပွဲကို တက်ရောက်အားပေးကြည့်ရှုခဲ့ကြောင်းသတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm