Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရနံ့မသင်းပေမဲ့ အဆင်းလှတဲ့ ချင်းတို့ဌာနေ တောင်ဇလပ်မြေ (၂)


07 Mar,2023

မြင့်စိုး(နတလ)

ပွဲတော်သီချင်းလေးတစ်ပုဒ်

လာဖို့ လာဖို့ ဖိတ်ခေါ် x x x ငါတို့ ငါတို့ ပွဲတော်

လာကြ လာကြ နွှဲပျော် x x x ငါတို့အမျိုးရဲ့ ပွဲတော်

ဒီမြေ ဒီရေ တောင်တန်းကြီးတွေ x x x ငါတို့အမျိုးရဲ့ ထာဝရသစ္စာမြေ

ဂုဏ်ယူလိုက်စမ်း x x x တောင်တန်းသားဘဝကို

အားမာန်တွေနဲ့ တို့အမျိုးရဲ့ပွဲတော်

တူညီစိတ်များ x x x မြှောက်တိုင်းလည်း မမြောက်ပါ

သစ္စာအမှန်တရား x x x ခြောက်တိုင်းလည်း မကြောက်ပါ

တောလုံးအနှံ့ဝယ် တောင်ဇလပ်ပန်းပွင့်ဝေ

တို့မောင်နှမများ ဆုံဆည်းကြပွဲတော်

          သီချင်းနာမည်လေးက ပွဲတော် …ဟူ၍ ဖြစ်သည်။ တေးပြုစာဆိုများကတော့ ဆလိုင်း ဂေလိန်းမောင် (မင်းတပ်) နှင့် ဆလိုင်းတမ်အောင်တို့ ဖြစ်ကြသည်။ ဆလိုင်းဂေလိန်းမောင်မှာ အခြားသူမဟုတ်ပါ။ ကျွန်တော် တာဝန်ထမ်းဆောင်ခဲ့ဖူးသော နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနကနေ လက်ထောက်ညွှန်ကြားရေးမှူး အဆင့်ဖြင့် အငြိမ်းစားယူသွားခဲ့သူ ဖြစ်ပေသည်။ တေးရေး ဆလိုင်းဂေလိန်းမောင်၊ တေးဆို တင့်တင့်ထွန်း တို့၏ ပုဂံလမ်းကစောင့်နေမယ် သီချင်းသည် နိုင်ငံကျော်ခဲ့၏။ ယခု ပွဲတော် သီချင်းကို အတူ ရေးစပ်ခဲ့သူ ဆလိုင်းတမ်အောင် ဆိုသည်ကလည်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ချင်းပြည်နယ်တွင် ညွှန်ကြား ရေးမှူးတာဝန် ထမ်းဆောင်နေသူ ဖြစ်သည်။ ပွဲတော်သီချင်း၏ တေးဆိုကတော့ တေးသံရှင် ဂျေနဗီ။

စိန်ရတု ချင်းအမျိုးသားနေ့ ကျင်းပ

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ ပြည်ထောင်စုဝန်ကြီးများ၊ ချင်းပြည်နယ်ဝန်ကြီးချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ဟားခါးမြို့ရှိ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော (၇၅) နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့ အခမ်းအနားကို တက်ရောက်ဂုဏ်ပြု အမှာစကားပြောကြားခဲ့သည်။ အခမ်းအနား သဘာ ပတိ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဟုန်းကီးက မိန့်ခွန်းပြောကြား ပြီးနောက် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၇၅) နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်။

          အခမ်းအနားအစီအစဉ်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ဂုဏ်ပြုအမှာစကား ပြောကြားပြီး (၇၅) နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့ အခမ်းအနား အတွက် လှူဒါန်းငွေကျပ် သိန်း ၂၀၀ ကို ချင်းပြည်နယ်ဝန်ကြီးချုပ်ထံ ပေးအပ်သည်။

          ယင်းနောက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အားကစားပစ္စည်းများကိုလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက မျိုးစေ့နှင့် ဓာတ်မြေဩဇာ များကိုလည်းကောင်း ပြည်နယ်အစိုးရ တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ကြသည်။

          ဆက်လက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူများနှင့် ဂုဏ်ထူးဆောင်ဆုရရှိသူများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့် တာဝန်ရှိသူများက ပေးအပ်ကြသည်။

          ထို့နောက် ချင်းတိုင်းရင်းသား၊ တိုင်းရင်းသူများက SAR LAM (အောင်ပွဲခံအက)၊ တီးတိန်ရိုးရာအကများဖြင့် ကပြဖျော်ဖြေပြီး တာဝန်ရှိသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

          ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် ချင်းရိုးရာယဉ်ကျေးမှုအဖွဲ့မှ ရိုးရာအကများဖြင့် ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြခန်းနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြခန်းတို့ကို လှည့်လည်ကြည့်ရှုကြသည်။

ချင်းအမျိုးသားနေ့ ပေါ်ပေါက်လာပုံ

          “ချင်းတိုင်းရင်းသားများ ပညာရေးမြှင့်တင်ရေးအဖွဲ့”ကို ၁၉၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် မေမြို့(ပြင်ဦးလွင်)၌ ဖွဲ့စည်းခဲ့ပြီး ချင်းတိုင်းရင်းသားတို့၏ ပညာမျက်စိကို အလင်းဖွင့်ကာ အမျိုးသားစိတ်ဓာတ် ရှင်သန်နိုးကြားလာအောင် ဖော်ဆောင်ပေးခဲ့ကြသည်။ ချင်းအမျိုးသား ခေါင်းဆောင် ဦးဝမ္မသူးမောင်က ဦးဆောင်၍ ၁၉၃၃ ခုနှစ်တွင် ချင်းတောင် ညီညွတ်ရေးအဖွဲ့ကို ဖွဲ့စည်းကာ ချင်းတိုင်းရင်းသားတို့၏ လူနေမှုဘဝ မြင့်မားရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ ချင်းတိုင်းရင်းသားများက ဗြိတိသျှကို ဆန္ဒပြ သပိတ် မှောက်ခဲ့ကြပြီး နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲများလည်း ဝင်ခဲ့ကြသည်။ ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက် ချင်းပြည်နယ် ဖလမ်းမြို့တွင် လူထု (၅၀၀၀) ကျော် တက်ရောက်၍ မြေရှင်ပဒေသရာဇ်စနစ်ကို ဖျက်သိမ်းရန် ထောက်ခံဆွေးနွေးခဲ့ကြပြီး ဖေဖော်ဝါရီလ (၂၀) ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။

          ဗြိတိသျှ နယ်ချဲ့ဆန့်ကျင်ရေးတွင် ဦးဆောင်ဆင်နွှဲခဲ့သူ ဗိုလ်ကြွမ်ဘိခ်နှင့် ဗိုလ်ခိုင်ကမ်း၊ ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည့် ချင်းအမျိုးသား ကိုယ်စားလှယ်များဖြစ်ကြသော ဦးလှူရ်မှုန်၊ ဦးထောင်ဇခုပ်နှင့် ဦးကီယိုမန်း၊ တောင်တန်းပြည်မ တစ်ချိန်တည်း လွတ်လပ်ရေး ပေးရန် တောင်းဆိုခဲ့ပြီး ရှေ့တန်းမှပါဝင်ခဲ့သော သတိုးမဟာစည်သူ လွတ်လပ်ရေးမော်ကွန်း ဝင် (ပထမအဆင့်) ဦးဝမ္မသူးမောင်၊ တပ်မတော်၏ တာဝန်များကို ရွပ်ရွပ်ချွံချွံထမ်းဆောင်ခဲ့ သဖြင့် နိုင်ငံတော်၏ အမြင့်ဆုံးစွမ်းဆောင်ရည်ဘွဲ့ဖြစ်သည့် အောင်ဆန်းသူရိယဘွဲ့ ချီးမြှင့်ခံ ရသော ဗိုလ်ကြီး သူရ အောင်ဆန်းသူရိယတိုက်ချွန်းတို့သည် ချင်းပြည်နယ်၏ အထင်ကရ မျိုးချစ်ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည်။

တောင်ဇလပ်ပန်းကောက် ဖိတ်ခေါ်သံ

          (၇၅) နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့ ကျင်းပပြုလုပ်နေစဉ် ရှေ့ကခုံလေးပေါ် မှာ ချထားသော အခမ်းအနားအစီအစဉ် စာရွက်နှင့်အတူ ကဗျာပို့စကဒ်လေး နှစ်ခုကို ဖတ်ခဲ့ရသည်။ ဆရာကျော်ဇင်ဦး(ဘဏ်)၏ ချင်းအမျိုးသားနေ့ အမှတ်တရ ကဗျာနှစ်ပုဒ်။ တစ်ပုဒ်က တောင်ဇလပ်ပန်းကောက် ဟု အမည်ပေးထားသည် -

ပေခုနစ်ထောင် တောင်တွေကြားမှာ

ဟားခါးမြို့လေး တည်ထားတယ်

နွေခေါင်ခေါင်တောင် အမောင်အေးလို့

စောင်ခြုံထွေးမှ နွေးရတယ်

ညီနောင်အစ်ကို အစ်မ နှမ

အလည်လာကြ ဖိတ်ခေါ်တယ်

တောင်ကြားတောင်စွယ် တောင်သွယ်တန်းဝယ်

တောင်ဇလပ်ပန်း ကြည့်ကြမယ်

ကြည့်မယ် …………ကြည့်မယ်

          ဆက်လက်၍ ဖိတ်ခေါ်သံ ဟု အမည်ရသော ကဗျာလေးကိုလည်း အောက်ပါအတိုင်း ဖတ်ရှုခံစားလိုက်ရသည် -

စတော်ဘယ်ရီသီးလေးစား

ချယ်ရီပင်အောက်က လမ်းကလေးမှာနား

တောင်တန်းများနှင့် အတူနေချင်လား

ဟားခါးမြို့ကို လာခဲ့ပါ…………

………..

ဟိုတောင်ထိပ်မှာ မိုးညိုညို့

ဒီတောင်ထိပ်မှာ မိုးညိုညို့

တောင်ခိုးညိုညို့ မှိုင်းပါလို့

ဆလိုင်းတို့ရဲ့ မြို့………

ခရီးစဉ်အတွင်း တွေ့ဆုံမှာကြားမှုများ

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၏ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့ထိ ခရီးစဉ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကလေးမြို့နှင့် စစ်ကိုင်းမြို့ များတွင်လည်းကောင်း၊ ချင်းပြည်နယ် ဟားခါးမြို့တွင်လည်းကောင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံကာ လိုအပ်သည်များ မှာကြားခဲ့သည်။ ယင်းသို့ မှာကြားရာ၌ အကြောင်းတရားများ ရှိ၍ အကျိုးတရားများ ဖြစ်ပေါ်လာခြင်းကို သေချာဂဃနဏ လေ့လာ သုံးသပ်နိုင်ကြစေရန်၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ၏ မဲမသမာမှုများ ဖြစ်ပေါ်လာပုံကအစ တပ်မတော်၏ တိုက်တွန်းစိစစ် အကြံပြုဆောင်ရွက်ချက်များ၊ မလွှဲမရှောင်သာ နိုင်ငံ့အာဏာ ရယူထိန်းသိမ်းပြီးနောက် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၁၂) ရပ် ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ဖြစ်ပေါ်ပြောင်းလဲ တိုးတက်မှုအခြေအနေများ၊ မိမိတို့ နိုင်ငံအပေါ် အာဆီယံနိုင်ငံများ၏ သဘောထား၊ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေး အတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ယနေ့အချိန်၌ NCA လက်မှတ်ရေးထိုးပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် စတုတ္ထအကြိမ် တွေေ့ဆုံဆွေးနွေးနေမှုများ၊ အရေးပေါ်ကာလ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ဆောင်ရွက်နေမှုများကို အကျယ်တဝင့် ရှင်းလင်းမှာကြားခဲ့သည်။

          တွေ့ဆုံပွဲအခမ်းအနားများတွင် ပညာရေးဝန်ထမ်းများအား ဂုဏ်ပြုအားပေးစကား ပြောကြား၍ ကလေးငယ်များအား သေချာပြုစုပျိုးထောင်ပေးကြရန်၊ လာမည့်ပညာသင်နှစ် တွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့၌ ကျောင်းများအားလုံး ဖွင့်လှစ်နိုင်ရေး ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြရန်လည်း တိုက်တွန်းမှာကြားခဲ့သည်။

          ထို့အပြင် မွေးမြူရေးဇုံများ ဖြစ်ပေါ်လာစေရေးနှင့် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင် အထွက်နှုန်း ရရှိစေရေး၊ ရေရှားပါးသော ဒေသများဖြစ်၍ မိုရေလှောင်စနစ် ကျင့်သုံးကြရေး၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ မြှင့်တင်နိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် အောင်မြင်ဖြစ်ထွန်းစေရန်အတွက် လူငယ်ထုကို စနစ်တကျ ပြုစုပျိုးထောင်ကြရေးကိုလည်း တာဝန်ရှိသူများအား တွေ့ဆုံမှာကြားခဲ့ပါသည်။

ချင်းတွင်း၊ မြစ်သာကို ကျော်ဖြတ်၍ တောင်ဇလပ်မြေကို နှုတ်ဆက်ခဲ့သည်

          ဖေဖော်ဝါရီလ ၁၉ ရက်နေ့က တပ်မတော်လေယာဉ်သည် နေပြည်တော်မှ နံနက် ၈ နာရီ စတင်ထွက်ခွာလာရာ ခန့်မှန်းမိနစ် ၅၀ မျှအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ သို့ ချင်းတွင်းမြစ်အနောက်ခြမ်း ယင်းမာပင်၊ ပုလဲဘက်မှပတ်ဝင်ပြီး ဆင်းသက်ခဲ့ခြင်း ဖြစ် သည်။ ချင်းတွင်းမြစ်ထဲမှာ ခုတ်မောင်းသွားလာနေကြသော စက်လှေလေးများ၊ သင်္ဘောများ ကို အစီအရီ တွေ့မြင်နေရသည်။ အညာမြေ အညာရနံ့ကို ခံစားရလိုက်ရသည့် တစ်ခဏ အချိန်လေးအတွင်းမှာပင် တေးပြုစာဆို ကိုလေးလွင်၏ ဂန္ထဝင်လက်ရာ၊ အဆိုတော် သန်းထွန်းလေး၏ မမေ့သောအညာ သီချင်းသည်လည်းကောင်း၊ ကျောက္ကာရွာနှင့် ရွှေကူနီ ဘုရားသည်လည်းကောင်း၊ မိုးညှင်းသံဗုဒ္ဓေစေတီနှင့် ဖိုဝင်တောင်တို့သည်လည်းကောင်း စိတ်အာရုံထဲမှာ ပြက်ပြက်ထင်ထင် ပေါ်လာခဲ့သည်။ ထိုမှ ဖေဖော်ဝါရီ ၂၀ ရက်နေ့ မုံရွာမှ ကလေးမြို့သို့ လေယာဉ်ဖြင့်အသွား မိနစ် ၃၀ ခန့်ကြာမြင့်ချိန်မှာ မြစ်သာမြစ်၊ နေရဉ္စရာမြစ် တို့က လာရောက်နှုတ်ဆက်ကြသည်။ မြစ်သာမြစ်ကို ပြောင်းပြန်စီးသောမြစ်ဟု ကျွန်တော်က အမှတ်သညာပြုထားပါသည်။ နေရဉ္စရာမြစ်နှင့် ပေါင်းဆုံ၍ ချင်းတွင်းမြစ်အတွင်းသို့ စီးဝင် သည်။ ထိုနေ့က ဆက်လက်ထွက်ခွာခဲ့သော ကလေး-ဟားခါးခရီးစဉ်ကတော့ တပ်မတော် ရဟတ်ယာဉ်နှင့် ဖြစ်သည်။ ကြာမြင့်ချိန် ၂၅ မိနစ်စွန်းစွန်းမျှသာ။

          ချင်းပြည်နယ်အတွင်းကို ဖြတ်သန်းမောင်းနှင် ဝင်ရောက်လာချိန်မှာတော့ ချင်းပြည် နယ်၏အသည်းနှလုံး ရိဒ်ရေကန်၊ ကုလားတန်မြစ်၊ ဘွေနူးမြစ်နှင့် ခေါနူးစုမ်တောင်၊ ဘုံတလာ ရေတံခွန်တို့၏ အလှကို ခံစားမြင်ယောင်လာမိသည်။ ဆိုရသော် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ မည်သည့်နေရာကိုကြည့်ကြည့် သဘာဝအလှများဖြင့် ခမ်းနားထည်ဝါ နေသည်။ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတအရင်းအမြစ်များ ကြွယ်ဝ သည်။ ထိုအလှတရားများနှင့် ကြွယ်ဝမှုများကို လက်ဆင့်ကမ်းအမွေခံယူမည့် လူ့စွမ်းအား အရင်းအမြစ်များ ရှင်သန်ထက်မြက်နေဖို့လည်း အလွန်အရေးကြီးပါသည်။ ယနေ့အချိန်အခါ မှာ နိုင်ငံအတွက် အရေးကြီးဆုံးကတော့ ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများပါမကျန် တည်ငြိမ်အေးချမ်းဖို့ပဲ ဖြစ်ပါ၏။ လက်တွဲညီညီ ဝိုင်းဝန်းကြိုးပမ်း တည်ဆောက်ကြပါစို့။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm