Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရနံ့မသင်းပေမဲ့ အဆင်းလှတဲ့ ချင်းတို့ဌာနေ တောင်ဇလပ်မြေ


06 Mar,2023

မြင့်စိုး(နတလ)

ရုန်းတောင်ခြေမှ အလင်းတန်းများ

          ချင်းပြည်နယ်နှင့်ပတ်သက်ပြီး ကျွန်တော် ပထမဆုံးရေးဖြစ်ခဲ့သော ဆောင်းပါးနာမည် ဖြစ်သည်။ ရုန်းတောင်ခြေမှ အလင်းတန်းများ....ဟူ၍။ အချိန်ကာလအားဖြင့် တွက်စစ်ကြည့် သော် ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလထဲမှာ ဟားခါးမြို့၌ ကျင်းပပြုလုပ်ခဲ့သော အဋ္ဌမအကြိမ် မြောက် ကျောင်းသားအားကစားပွဲတော်ကြီးကအပြန် ရေးခဲ့သည်ဆိုတော့ကာ၊ ‌ဪ....၂၅ နှစ်တောင် ကြာခဲ့ပြီမို့၊ ငွေရတုသို့ပင် တိုင်ခဲ့ချေပြီတကား။ စိတ်ထဲမှာတော့ မနေ့တစ်နေ့က အတိုင်းပင်။ သည့်နောက်မှာလည်း နတလဝန်ထမ်းဘဝဖြင့် ချင်းပြည်နယ် (မြောက်ပိုင်း) ဒေသများသို့ ၃/၄ ခေါက်မက ရောက်ခဲ့ပါသေးသည်။ ဟားခါးနှင့် ထန်တလန်ကြားက တီးမစ် (သီမြစ်) ချိုင့်ဝှမ်းဒေသအလှကို တစ်ဝကြီး ကြည့်ခဲ့ရဖူးသည်။ တီးတိန်နှင့် တွန်းဇံဒေသဘက် တွေမှာ တိမ်ပင်လယ်ကို မြင်ခဲ့သည်။ ဒေသခံတိုင်းရင်းသူ အချောအလှတွေပေါသော ဖလမ်း မြို့ကိုလည်း ရောက်ခဲ့သည်။ တီးတိန်မြို့ကိုအသွား ကားလမ်းပေါ်က မြောက်ယဉ်စွန်းတန်း ဖြတ်သောနေရာမှာ ဆရာတပည့်တွေ အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ကြတာကိုလည်း မမေ့။ ဆိုရသော် ချင်းပြည်နယ်၏ အလှများနှင့် အမှတ်တရများက နှစ်တွေဘယ်လိုပြောင်းပြောင်း၊ ဟောင်းသွားသည်၊ နွမ်းသွားသည်၊ ရိုးအီသွားသည်ဟူ၍ မရှိ။ အမြဲတမ်းလန်းဆန်းလတ်ဆတ် နေသည်သာ။ ချင်းပြည်နယ်ကို ကျွန်တော် ချစ်ပါသည်။ တောင်ဇလပ်ပန်းနီနီများနှင့် အောက်ချင်းငှက်တို့၏ သစ္စာတရားကို ကျွန်တော် တန်ဖိုးထားပါသည်။

          ယခုတစ်ခေါက်ကမူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ် နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၏ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ချင်းပြည်နယ်ခရီးစဉ်တွင် လိုက်ပါခွင့်ရခဲ့ခြင်း ဖြစ်၏။ အချိန်ရခိုက်မှာ ကျွန်တော် အပြေးအလွှား လှမ်းမျှော်ကြည့်မိသည်က ဟားခါးမြို့ကို စိုးမိုးထားသော ရုန်းတောင်ကြီးဆီကိုပဲ ဖြစ်၏။ ထိုတောင်ပေါ်မှာ တင့်တယ်သပ္ပါယ်စွာ စံနေတော်မူသည့် ကကုသန်စေတီတော်မြတ်၊ ဇေယျသိဒ္ဓိရုပ်ပွားတော်ကြီး၊ ပဉ္စဝဂ္ဂီ ၅ ဦး ဓမ္မစကြာတရားဦး နာနေသည့်ပုံတော်များနှင့် တောင်တန်းသာသနာပြု ဆရာတော်ဘုရားကြီး ဦးဥတ္တမသာရ ရုပ်တုတို့အား ရည်မှန်းဦးခိုက်လိုက်ပါသည်။ အမြင့်ပေ ၆၁၂၀ တွင် တည်ရှိနေသော ဟားခါးမြို့၏ အေးစိမ့်စိမ့်ရာသီဥတု၊ သွားရင်းလာရင်းနဲ့ ဖြိုးကနဲဖျတ်ကနဲ တွေ့မြင်နေရ သော ချင်းရိုးရာအိမ်လေးများ၊ ဂုဏ်ရှိန်ထည်ဝါလှသည့် ဦးဝမ္မသူးမောင် အားကစားကွင်းကြီး တို့က ကျွန်တော့်စိတ်အာရုံကို လွန်ခဲ့သည့်နှစ်များစွာဆီသို့ ပြန်လည်ဆွဲခေါ်သွားခဲ့ချေပြီတမုံ့။

ဟားခါးကျောင်းသားအားကစားပွဲတော်

          ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလထဲမှာ ဟားခါးကျောင်းသားအားကစားပွဲတော် ကျင်းပပြု လုပ်ခဲ့ရာ ဝန်ကြီးဌာနအလိုက် ပြခန်းများ ခင်းကျင်းပြသရပါသည်။ နယ်စပ်/ စည်ပင်ဟု ခေါ်မည်တွင်သော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင် သာယာရေးဝန်ကြီးဌာန ပြခန်းအတွက် နတလဦးစီးဌာနဘက်က ကျွန်တော်၊ စည်ပင်သာယာ ရေးဦးစီးဌာနဘက်က ဦးစိုးကိုကို (ညွှန်ကြားရေးမှူးချုပ်-ငြိမ်း)တို့က တာဝန်ယူ၍ အတူတကွ သွားရောက်လုပ်ကိုင် ဆောင်ရွက်ခဲ့ကြရပါသည်။ ကျောင်းသားအားကစားပွဲတော်ကြီး ဖွင့်ပွဲ၊ ပိတ်ပွဲအပါအဝင် စုစုပေါင်း (၁) လခန့် ကြာမြင့်ခဲ့သည်ဟု ထင်ရ၏။ အနုပညာရှင်များစွာကို လည်း တွေမြင့်ခဲ့ရသည်။ ရုပ်ရှင်ဘက်က ကျော်ရဲအောင်၊ ဝေဠုကျော်၊ နန္ဒာလှိုင်၊ အိန္ဒြာ ကျော်ဇင်တို့ ပါဝင်ခဲ့သလို ဂီတဘက်ကလည်း အကော်ဒီယံအုန်းကျော်နှင့် သက်ငုံဖူးတို့ သားအဖ၊ သီရိကိုကို၊ မီမီဝင်းဖေ၊ မို့မို့ဇော်ဝင်းတို့ ပါဝင်ခဲ့ပါသည်။ ညဘက်ဖျော်ဖြေပွဲမှာ ကြည့်ရှုနားဆင် ခံစားခဲ့ရသလို နေ့ခင်းနေ့လည်များတွင် ဟားခါးမြို့၏ ချင်းရိုးရာ အထည် ဆိုင်လေးတွေမှာ ရိုးရာစားသောက်ဆိုင်လေးတွေမှာ သူတို့အဖွဲ့ကို ဟိုမှာတစ်စု၊ သည်မှာ တစ်စု မြင်နေရ၏။ တွေ့ဆုံခဲ့ကြရ၏။

          မှတ်မှတ်ထင်ထင်ရှိခဲ့တာ တစ်ခုကတော့ ကျွန်တော်တို့အဖွဲ့ မြို့မသာသနာပြုစာသင် တိုက်သို့ သွားရောက်ပြီး ပဓာနနာယကဆရာတော် အရှင်တေဇောသာရ အား ဖူးမြော်ကြချိန်၊ သူတို့အားလုံးကလည်း လာရောက်ဖူးမြော်ချိန် တွေ့ဆုံခဲ့ခြင်းကိုပဲ ဖြစ်၏။ ထိုစာသင်တိုက် တွင် ချင်းပြည်နယ်၏ ပထမဦးဆုံးသော ပါဠိပထမပြန်စာမေးပွဲကို ၁၉၉၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သည်။ ဆရာတော် အရှင်တေဇောသာရသည် ဒေါက်တာ အရှင်တေဇောသာရ ဖြစ်လာတော်မူခဲ့ပြီး နိုင်ငံတော်က ၂၀၁၁ ခုနှစ်တွင် ဆက်ကပ်သည့် ဓမ္မကထိကဘုဇနဟိတဓရ ဘွဲ့တော်ကိုလည်း လက်ခံရရှိသည့် တောင်တန်းသာသနာပြု ဆရာတော် ဖြစ်သည်။ ယခုခရီးစဉ်အတွင်း ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်း၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ ပြည်ထောင်စုဝန်ကြီးများ၊ ချင်းပြည်နယ်ဝန်ကြီးချုပ်၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဟားခါးမြို့နယ်ရှိ ဘာသာရေးခေါင်းဆောင်များ၊ မြို့မိမြို့ဖများအား တွေ့ဆုံအမှာစကားပြောကြား၍ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ပါသည်။ ယင်းနောက် ဟားခါးမြို့ ဇေတဝန်ဘုန်းတော်ကြီး ကျောင်း၌ သီတင်းသုံးနေတော်မူလျက်ရှိသည့် ဆရာတော်ဒေါက်တာ ဘဒ္ဒန္တတေဇောသာရ အမှူးပြုသော သံဃာတော်များအား သွားရောက်ဖူးမြော် ကြည်ညိုကြကာ သင်္ကန်းပရိက္ခရာ၊ နဝကမ္မအလှူငွေ ဆေးဝါးများနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။ စာရေးသူကျွန်တော်က ဆရာတော်အား ၁၉၉၈ ခုနှစ်တွင် မြို့မသာသနာပြုစာသင်တိုက်၌ စတင်ဖူးမြော်ခဲ့ရပုံ၊ ၂၀၁၂-၂၀၁၃ ခုနှစ်များတွင် လက်ရှိသီတင်းသုံးနေသည့် ဇေတဝန် ကျောင်း၌ ထပ်မံဖူးမြော်ခဲ့ပုံတို့အား ပြန်လည်လျှောက်ထားခဲ့ပါသည်။ ကျွန်တော်ဆောင်းပါးများ ရေးသားပူဇော်ခဲ့သည်ကိုလည်း ဆရာတော်က အမှတ်ရနေပါ၏။

ခွာရုံ (သို့မဟုတ်) ခွာလွန်း

          ယနေ့ ဟားခါးမြို့၏ ဖွံ့ဖြိုးစည်ပင်နေမှုက ၁၉၉၈ ခုနှစ်တွင် ကျွန်တော်တွေ့မြင်ခဲ့ရဖူးသော ဟားခါး၊ ၂၀၁၂/၂၀၁၃ ခုနှစ်များတွင် ကျွန်တော်ထပ်မံရောက်ရှိခဲ့သော ဟားခါးတို့နှင့် မတူအောင် ကြီးထွားများပြားနေသည်မှာ မှန်ပါသည်။ သို့သော် တည်ငြိမ်အေးချမ်းမှုကတော့ ယခင်ကျွန်တော်ရောက်ခဲ့ကြုံခဲ့ဖူးသော ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံတို့ နှင့်မတူတော့သည်မှာလည်း အလွန်သေချာပါသည်။ ၁၉၉၈ ခုနှစ်သည်ပင်လျှင် ချင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (CNF) တရားဥပဒေဘောင်အတွင်း မရောက်လာသေးပါ။ သို့တစေ ဟားခါးမြို့နှင့်ပတ်ဝန်းကျင်ကို ကျွန်တော်တို့အဖွဲ့ သွားခဲ့လာခဲ့ဖူးသည်။ နေရာတော်တော်များများကို ရောက်ခဲ့ဖူးသည်။

          ထိုသို့သွားလာရောက်ရှိခဲ့သော နေရာများထဲမှာ မြို့ဟောင်းရပ်ကွက်ရှိ ခွာရုံကျောင်း တိုက်လည်း ပါဝင်ပါသည်။ ယင်းကျောင်းတိုက်ထဲက ပြည်လုံးချမ်းသာ ဆုတောင်းပြည့် ကိုးနဝင်း စေတီအား ဖူးမြော်ကြည်ညိုခဲ့သည်။ ထိုစဉ်က ဆရာတော်ကြီး အရှင်သီရိန္ဒသည် ချင်းပြည်နယ် သံဃာ့နာယကအဖွဲ့၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တော်မူနေပါသည်။ ဆရာတော်ကြီးက မိန့်တော်မူသည်များထဲမှာ ၁၉၆၀ ပြည့်နှစ်တွင် မြို့ဟောင်းရပ်ကွက်သို့ စတင်ကြွလာခဲ့ပုံ၊ ဘုန်းကြီးကျောင်းမရှိသေးဘဲ နွားခြံ သေးသေးလေးတစ်ခု၌ သီတင်းသုံး နေထိုင်ခဲ့ပုံ၊ ဟားခါးမှ ဖလမ်း၊ တီးတိန်၊ တွန်းဇံမြို့များသို့ လည်းကောင်း၊ ထိုမှ အိန္ဒိယနယ်စပ် ရွာများအထိလည်းကောင်း၊ ခြေကျင်ကြွ၍ သာသနာပြုခဲ့ပုံ၊ ကလေး၊ ဂန့်ဂေါဘက်သို့လည်း ခြေကျင်ကြွခဲ့ပုံ၊ လမ်းမှာ ဆွမ်းကိစ္စ အဆင်ပြေစေရန် ဝေယျာဝစ္စတွေ အေးငြိမ်းစေရန် ပြောင်းဖူးပေါက်ပေါက်များ လှော်၍ ဘုဉ်းပေးသွားရပုံများ ပါဝင်ပါသည်။ ဆရာတော်ကြီး၏ ၁၉၆၀ မှ ၁၉၆၄ ခုနှစ်ထိ (၄) နှစ်တာ သာသနာပြုကာလ ကြာမြင့်လာခဲ့ချိန်၌ ဒေသခံ ချင်းတိုင်းရင်းသားများသည် တစ်အိမ်လျှင် ပျဉ်တစ်ချပ် ဝါးတစ်လုံး စုဆောင်းလှူဒါန်း၍ ဘုန်းကြီးကျောင်း ဆောက်လုပ်ပေးခဲ့ကြောင်းလည်း သိခွင့်ရခဲ့သည်။ ထိုကာလက အိမ်ခြေ ၂၃ အိမ်သာ ရှိသေးသော ခွာလွန်းရပ်ကွက်တွင် ဆောက်လုပ်ခဲ့သည့် ဘုန်းကြီးကျောင်းဖြစ်၍ ခွာလွန်းကျောင်းဟု ခေါ်တွင်လာခဲ့ရာမှ ကာလရွေ့လျားလာသောအခါ ခွာလွန်းမှ ခွာရုံ ဖြစ်လာခဲ့ကြောင်း ဆရာတော်ကြီးက အမိန့်ရှိခဲ့ပါသည်။ ချင်းဘာသာအားဖြင့် ခွာဆိုသည်မှာ ရွာကိုခေါ်ပြီး လွန်းက အဟောင်းဟု အဓိပ္ပါယ်ရသည်။ သို့ဖြစ်လေရာ ရွာဟောင်းဟု သညာပြု ရမည်ဖြစ်ပြီး ရွာဟောင်းမှ မြို့ဟောင်းအဖြစ်သို့ ပြောင်းလဲလာခြင်း ဖြစ်တန်ရာ၏။

          တောင်တန်းသာသနာပြုဆရာတော်ကြီး ဦးဥတ္တမသာရ၊ ခွာရုံဆရာတော်ကြီး အပါအဝင် အရှင်ဒေါက်တာတေဇောသာရ ကဲ့သို့ တောင်တန်းသာသနာပြုဆရာတော်များ၏ သာသနာ ထွန်းကားပြန့်ပွားရေး ဆောင်ရွက်ခဲ့မှုများကို ကြည်ညိုသဒ္ဒါပွား၍ ရုန်းတောင်ခြေမှ အလင်းတန်းများ ဆောင်းပါးကို ရေးသားခဲ့ခြင်း ဖြစ်သည်။ ကျွန်တော် နောက်တစ်ခေါက် ဟားခါးမြို့သို့ ပြန်လည်ရောက်ရှိချိန်မှာတော့ ခွာရုံဆရာတော်ကြီး ဦးသီရိန္ဒက ပျံလွန်တော်မူ ခဲ့လေပြီ။

ချင်းအမျိုးသားနေ့မှာ ပါဝင်ဆင်နွှဲခဲ့ကြ

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ဦးဆောင်သောအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှတစ်ဆင့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ချင်းပြည်နယ် ဟားခါးမြို့သို့ ဆက်လက်ထွက်ခွာခဲ့ကြသည်။ ဖေဖော်ဝါရီလ ၂၀ ရက်နေ့သည် ချင်းပြည်နယ် ၏ ချင်းအမျိုးသားနေ့ဖြစ်သည်။ ဟားခါးမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ချင်းအမျိုးသားနေ့ကို ဒေသခံ ချင်းတိုင်းရင်းသား သွေးချင်းများနှင့်အတူ ကျွန်တော်တို့အားလုံး ရင်းနှီးချစ်ကြည်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။

(ဆက်လက်ဖော်ပြပါမည်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm