Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(၆၁) နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖော်ထုတ်ပြီး စနစ်ကျလယ်ယာမြေ(၇၉.၈၈)ဧက တောင်သူများထံ ပြန်လည်ပေးအပ် ပေါက်ပင်သာ-ဂွေးပင် ရွာအဝင်လမ်း နှင့် ရွာတွင်းလမ်း ဖွင့်လှစ်ခြင်း နှင့် ရှားတောယာယီရေထိန်းဆည် မှ ဆိုလာစနစ်ဖြင့် ရေစတင်ပေးဝေ


27 Feb,2023

နေပြည်တော်၊ ဖေဖော်ဝါရီ (၂၇)ရက်နေ့

(၆၁) နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂွေးပင်စံပြ ကျေးရွာ စနစ်ကျလယ်ယာမြေ(၇၉.၈၈)ဧက ဖော်ထုတ်ခြင်းလုပ်ငန်း အောင်မြင်စွာပြီးစီး၍ တောင်သူများထံ ပြန်လည်ပေးအပ်ခြင်း၊ ပေါက်ပင်သာ-ဂွေးပင် ရွာအဝင်လမ်း နှင့် ရွာတွင်းလမ်း ဖွင့်လှစ်ခြင်း၊ ရှားတောယာယီရေထိန်းဆည် မှ ဆိုလာစနစ်ဖြင့် ရေစတင်ပေးဝေခြင်း အခမ်းအနား များကို ဖေဖော်ဝါရီလ (၂၇)ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်မြို့နယ်ရှိ သတ်မှတ်နေရာများတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားများသို့ နေပြည်တော်ကောင်စီ ဥက္ကဌ ဦးတင်ဦးလွင်၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး ၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး နှင့် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရေအသုံးချသူများအဖွဲ့(WUG)ဝင် တောင်သူများ နှင့် ဒေသနေပြည်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဂွေးပင် စံပြကျေးရွာ ၌ ကျင်းပပြုလုပ်သည့် စနစ်ကျလယ်ယာမြေ(၇၉.၈၈)ဧက ဖော်ထုတ်ခြင်း လုပ်ငန်း အောင်မြင်စွာပြီးစီး၍ တောင်သူများထံ ပြန်လည်ပေးအပ်ခြင်းအခမ်းအနား တွင် နေပြည်တော်ကောင်စီ ဥက္ကဌ ဦးတင်ဦးလွင် က အဖွင့်အမှာစကားပြောကြားရာ၌ နိုင်ငံတော် အစိုးရ က တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် ပြည်သူ့လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် ဦးတည်ချက်ထားဆောင်ရွက်လျက်ရှိသကဲ့သို့ လယ်ယာကဏ္ဍ၏ ကုန်ထုတ် လုပ်မှု တိုးတက်ရေး နှင့် တောင်သူများ၏ ဝင်ငွေတိုးတက်ရေးကို တစ်ပြိုင်တည်းဖော်ဆောင်ပေး လျက်ရှိကြောင်း၊ ရှိပြီးမြေသယံဇာတ ရေသယံဇာတအရင်းအမြစ်များကို အကျိုးရှိ ထိရောက်စွာ အသုံးချ၍ စိုက်ပျိုးမြေတစ်ဧကချင်း၏ ထုတ်လုပ်မှုတိုးတက်ရေး ၊ သီးထပ် သီးနှံများ တိုးချဲ့ စိုက်ပျိုး နိုင်ရေး အတွက် မျိုး ၊ မြေ ၊ ရေ ၊ နည်း ဟူသော လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေး လိုအပ်ချက်များကို ဒေသအလိုက် ၊ လုပ်ငန်းအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက် ရှိရာတွင် စနစ်ကျ လယ်ယာမြေ ဖော်ထုတ်ပေးခြင်းကဲ့သို့သော လုပ်ငန်းများ၊ စိုက်ပျိုးရေ ရရှိရေး နှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများလည်း အပါအဝင်ဖြစ်ပါကြောင်း၊ ရေရရှိမှုအပေါ်မူတည်၍ စိုက်ပျိုးမြေ တိုးချဲ့ရန်မလိုပဲ လက်ရှိမြေပေါ်တွင် တစ်နှစ် သုံးသီးစိုက်ပျိုးထုတ်လုပ်နိုင်ပါက တောင်သူအတွက် ဝင်ငွေအကျိုးအမြတ် သုံးဆ ရရှိခံစားနိုင်ကြမည်ဖြစ်ကြောင်း၊ အကောင်အထည်ဖော် တည်ဆောက်ပြီး ဖြစ်သော စနစ်ကျ လယ်ယာမြေများ၊ လမ်းတံတားများ နှင့် ရေတင်လုပ်ငန်းများကို ရေရှည်အကျိုးရှိစွာ သုံးစွဲနိုင်ရေးနှင့် နောင်လာနောင်သားများအတွက် အမွေကောင်းအဖြစ် ချန်ရစ်ပေး နိုင်ရေး အတွက် ဒေသခံများ အနေဖြင့် ဝိုင်းဝန်းထိန်းသိမ်းအသုံးပြုသွားကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြား သည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ဒုတိယဝန်ကြီး ဦးမြင့်စိုး တို့က ဒေသ၏ လယ်ယာကုန်ထုတ်လုပ်ငန်းများ တိုးတက်လုပ်ကိုင်နိုင်ရေး ၊ တစ်နှစ်သုံးသီး စိုက်ပျိုး ထုတ်လုပ်နိုင်ရေး၊ လယ်ယာကုန်ထုတ်သမဝါယမအသင်းများ ထူထောင်လုပ်ကိုင်ရန်လိုအပ် ချက်များ၊ ဒေသနေပြည်သူများ ဝင်ငွေတိုးလုပ်ငန်းများ နှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ တွင် သက်ဆိုင်ရာဌာနများ နှင့် ဒေသခံပြည်သူများ ပူးပေါင်း ဆောင်ရွက်မှု ပိုမိုအားကောင်း လာစေရေး ကြိုးပမ်းသွားကြရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားကြသည်။

ထို့နောက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တို့မှ တာဝန်ရှိသူများ က ဖော်ထုတ်ပြီး စနစ်ကျလယ်ယာမြေများအား တောင်သူများထံ ပြန်လည်ပေးအပ်ရာ သက်ဆိုင်ရာတောင်သူကိုယ်စားလှယ်များကလက်ခံရယူကြသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တို့မှတာဝန်ရှိသူများနှင့် တောင်သူ ကိုယ်စားလှယ်တစ်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး နေပြည်တော်ကောင်စီ ဥက္ကဌ ၊ ဒုတိယ ဝန်ကြီးများ နှင့် အခမ်းအနားတက်ရောက်လာကြသူများက တောင်သူများထံ အပ်နှံပြီးဖြစ်သည့် စနစ်ကျလယ်ယာမြေ နှင့် GW-11 နွေစပါး စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးကြသည်။

စနစ်ကျလယ်ယာမြေများဖော်ထုတ် အသုံးပြုခြင်းဖြင့် ရေပေးမြောင်း၊ ရေနုတ်မြောင်းများမှ အလွယ်တကူ ရေသွင်းရေထုတ်ဆောင်ရွက်နိုင်ခြင်း၊ ကုန်ထုတ်လမ်းများပါဝင်သဖြင့် လယ်ယာသုံး စက်ကိရိယာများ ဝင်ထွက်ခြင်း၊ သွင်းအားစုများထည့်သွင်း နှင့် သီးနှံများ ရိတ်သိမ်း သယ်ယူခြင်း လုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်မှုကြောင့် သမားရိုးကျ ကွက်ဆင့်သောက် စိုက်ပျိုးခြင်းတွင် ကြုံတွေ့ကြရသည့် အခက်အခဲများကိုကျော်လွှားလိုကြသည့် တောင်သူများ၏ တင်ပြတောင်းဆိုမှုများ အရ စနစ်ကျ လယ်ယာမြေများ ဖော်ထုတ်အသုံးပြုနိုင်ရေးကို ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် နေပြည်တော်ကောင်စီ တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွကပေးလျက်ရှိရာ ယနေ့အထိ နေပြည်တော်ကောင်စီနယ်မြေအတွင်း စနစ်ကျ လယ်ယာ မြေ ဧက (၁၃၂၀၀)ကျော် ဖော်ထုတ်ပေးပြီးဖြစ်ကြောင်း သိရသည်။

တပ်ကုန်းမြို့နယ် ရှားတောကျေးရွာအုပ်စု ပေါက်ပင်သာ-ဂွေးပင်ရွာအဝင်ကွန်ကရစ်လမ်း နှင့် ရွာတွင်းလမ်း ဖွင့်လှစ်ခြင်း အခမ်းအနားကို ပေါက်ပင်သာ-ဂွေးပင်ရွာအဝင် ကွန်ကရစ်လမ်းထိပ် သတ်မှတ်နေရာတွင် ကျင်းပပြုလုပ်ရာ အခမ်းအနား တွင် နေပြည်တော်ကောင်စီ ဥက္ကဌ ဦးတင်ဦးလွင် က အဖွင့်အမှာ စကား ပြောကြားပြီး ဒုတိယဝန်ကြီး ဦးမြင့်စိုး ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။

ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဌ နှင့် အဖွဲ့သည် ရှားတောကျေးရွာအုပ်စု ပေါက်ပင်သာ-ဂွေးပင် ရွာအဝင် ကွန်ကရစ်လမ်း နှင့် ရွာတွင်းလမ်း တွင် ကျေးရွာနေပြည်သူများနှင့် ရင်းနှီးခင်မင်စွာတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး ၊ လူမှုစီးပွားတိုးတက်ရေးဆိုင်ရာများ အားပေး ပြောကြားခဲ့ကြသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန က ဂွေးပင်စံပြ ကျေးရွာ (Smart Village)စီမံကိန်းဖြစ်သော ရွာအဝင် ကွန်ကရစ်လမ်း နှင့် ရွာတွင်းလမ်းများ ဆောင်ရွက်ပေးခြင်းဖြင့် ရှားတောကျေးရွာအုပ်စု အတွင်းရှိ ပြည်သူများ၏ လူနေမှုအဆင့်အတန်းမြင့်မားလာမှုနှင့်အတူ အဆိုပါလမ်းများကို အသုံးပြု၍ စိုက်ပျိုးမြေဧက (၁၃၀၀)ကျော် ၏ သွင်းအားစု နှင့် သီးနှံများ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ အဆင်ပြေ ချောမွေ့ရေးကိုလည်း အကျိုးပြုနိုင်လျက်ရှိကြောင်းသိရသည်။

(၆၁) နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ရှားတောယာယီရေထိန်းဆည် မှ ဆိုလာစနစ်ဖြင့် ရေစတင်ပေးဝေခြင်း အခမ်းအနား တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦး နှင့် တောင်သူကိုယ်စားလှယ်တစ်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင် တို့က ရေတင်စက်ခလုပ်နှင့် ရေဖြန်းစက်ခလုပ် တို့အားနှိပ်၍ ရေစတင်ပေးဝေခဲ့ကြသည်။

ယခုဖွင့်လှစ်သည့် ရှားတောယာယီရေထိန်းဆည် သည် ဆင်သေချောင်းပေါ်တွင် ယာယီရေထိန်းဆည်တည်ဆောက်ကာ ကုန်းမြင့်ပိုင်း၌ တစ်နှစ် တစ်သီးသာ စိုက်ပျိုးနိုင်သည့် စိုက်ပျိုး မြေများအား နေရောင်ခြည်စွမ်းအင်သုံးဆိုလာစနစ်ဖြင့်ရေတင်၍ နွေသီးနှံ စိုက်ပျိုးနိုင်ရေး ဆောင်ရွက် ပေးခြင်း ဖြစ်ကြောင်း၊ အဆိုပါရေတင်စနစ်တွင် ပါဝင်သည့် စိုက်ပျိုးမြေ (၁၁၇.၉၁)ဧက တွင် တစ်နှစ် သုံးသီးစိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်ပေးခြင်းဖြင့် တောင်သူများ ဝင်ငွေသုံးဆရရှိခံစားနိုင်ရေး မျှော်မှန်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm