Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်ကိုရီးယားနိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး ဆောင်ရွက်ချက်များအား လေ့လာခြင်း


20 Feb,2023

တောင်ကိုရီးယားနိုင်ငံသည် တည်နေရာအနေအထားအရ အရှေ့အာရှဒေသ၊ ကိုရီးယားကျွန်း ဆွယ်တွင် တည်ရှိပြီး ဧရိယာစတုရန်းကီလိုမီတာ (၁၀၀,၂၁၀)ကျယ်ဝန်းပြီး လက်ရှိ ၂၀၂၃ ခုနှစ်မှာ လူဦးရေ (၅၁.၃)သန်းရှိပြီး ကျေးလက်ဒေသမှာတော့ လူဦးရေ (၉.၆)သန်းရှိပါတယ်။ ၁၉၄၅ ခုနှစ်တွင် ဂျပန်လက်အောက်မှ လွတ်လပ်ရေးရရှိခဲ့ပြီး (၁၉၅၀-၁၉၅၃) ခုနှစ်တွင် ပြည်တွင်းစစ်ဖြစ်ပွားပြီးနောက် တောင်ကိုရီးယားနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံဟူ၍ (၂ ) နိုင်ငံ ကွဲသွားခဲ့ပါတယ်။ ၁၉၆၁ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ ပတ်ချုံဟီး အုပ်ချုပ်ခဲ့သည့်ကာလအတွင်း တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးမှာ စတင်တိုးတက်လာခဲ့ပါတယ်။ သဘာဝသယံဇာတရှားပါသောနိုင်ငံဖြစ်ပြီး ကျောက်မီးသွေး၊ တန်စတင်၊ ခဲနှင့် ထုံးကျောက်တို့သာ အဓိကထွက်ရှိပါတယ်။  ၁၉၆၀ပြည့်နှစ်မှာ တောင်ကိုရီးယားနိုင်ငံရဲ့ တစ်ဦးကျ ဝင်ငွေဟာ (၇၉)ဒေါ်လာမျှသာရှိတဲ့အတွက် ထိုစဉ်က အာဖရိကရှိ ဆာဟာရဒေသနဲ့ လက်တင်အမေရိက မှာရှိတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများထက်ပင် လျော့နည်းခဲ့တာတွေ့ရပါတယ်။

၁၉၅၃ ခုနှစ်မှ ၁၉၆၀ ပြည့်နှစ်ကာလများတွင် နိုင်ငံတကာထောက်ပံ့မှုများအပေါ်၌သာ အဓိက မှီခိုခဲ့ရပြီး အဲ့ဒီနှစ်တွေမှာ နိုင်ငံတကာအဖွဲ့အစည်းများရဲ့ထောက်ပံ့မှုသည် နိုင်ငံသွင်းကုန်ရဲ့ (၇၀) ရာခိုင်နှုန်းအထိရှိခဲ့ပါတယ်။ ထိရောက်သော စီးပွားရေးမူဝါဒများ ချမှတ်ဆောင်ရွက်နိုင်ခြင်း မရှိသေး သည့်ကာလဟုဆိုရပါမည်။

၁၉၆၀ ပြည့်နှစ် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များအနက် မြေယာပြုပြင်ပြောင်းလဲမှုကတော့ ထင်ရှားခဲ့ပါတယ်။ လယ်လုပ်သူ လယ်ပိုင်ဆိုင်ခွင့်ပေးခြင်းဖြင့် ၎င်းတို့ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင် ပေးရာရောက်ခဲ့သည့်အပြင် စီးပွားရေးဖွံ့ဖြိုးမှုအတွက်လည်း များစွာအထောက်အကူ ဖြစ်စေခဲ့ပါတယ်။ ဆင်းရဲမှုလျှော့ချရေးအတွက် လူမှုဖူလုံရေးအစီအစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သလို အခွန်များလျှော့ချခြင်း၊ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များအား ထောက်ပံ့ပေးသည့်အစီအစဉ် များကိုပါ ဆောင်ရွက်ခဲ့ပါတယ်။ စီးပွားရေးစီမံကိန်းများနှင့်အတူ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လယ်သမားများရဲ့ ဝင်ငွေ တိုးတက်ရရှိရေး၊ ဆင်းရဲမှုလျှော့ချရေး၊ ပို့ကုန်မြှင့်တင်ရေး၊ နည်းပညာ တိုးတက်ရေးနှင့် စွမ်းအင်ဖြည့်ဆည်းရေးတို့ကို အထူးဦးစားပေးဆောင်ရွက်ခဲ့တာတွေ့ရပါတယ်။

၁၉၆၁ခုနှစ်တွင် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် တပ်မတော်မှ အာဏာသိမ်းယူကာ ဘဏ္ဍာ ရေးမူဝါဒ(Fiscal Policy)နှင့် ငွေကြေးမူဝါဒများ (Monetary Policy)များ ချမှတ်ကျင့်သုံး၍ စီးပွားရေး ပြန်လည်ကောင်းမွန်စေရန် ကြိုးပမ်းခဲ့ပါတယ်။ ပထမငါးနှစ်စီမံကိန်းအနေဖြင့် အထည်လိပ်လုပ်ငန်း ကို ဦးစွာမြှင့်တင်ခဲ့ပြီး ၁၉၆၇ ခုနှစ်မှ ၁၉၇၁ ခုနှစ်များတွင်မူ ဒုတိယငါးနှစ် စီမံကိန်းကို ချမှတ်ခဲ့၍ အကြီးစားစက်မှုလုပ်ငန်းများကို မြှင့်တင်ခဲ့ပါတယ်။ ထို့ပြင် ပြည်ပနိုင်ငံများနှင့် ချိတ်ဆက်၍ ကုန်သွယ်ရေးကဏ္ဍကို ဖွင့်လှစ်အားပေးခဲ့ပါတယ်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှုအတွေ့အကြုံကောင်းများ”အဖြစ် ကျေးလက်ဘက်စုံဖွံ့ဖြိုးမှု (Integrated Rural Development-IRD) ဆိုင်ရာမူဝါဒများကို စတင်မိတ်ဆက်လာခဲ့ပြီး ၂၀၀၀ ပြည့်နှစ်တွင် IRD သည် ကျေးလက်ရပ်ရွာအဆင့်တွင် ပြည့်စုံသော ကျေးလက်ဖွံ့ဖြိုးရေးအစီအစဉ်ဖြင့် ကျေးလက်ဒေသလူနေမှုပတ်ဝန်းကျင်ကို ပိုမိုတိုးတက်ကောင်းမွန်စေခြင်း၊ ကျေးလက်ဒေသ စက်မှု ဖွံ့ဖြိုးစေခြင်းနှင့် လယ်ယာလုပ်ငန်းမဟုတ်သည့်ဝင်ငွေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်တွင် ကျေးလက်ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်ဖြင့် စက်မှုဖွံ့ဖြိုးရေးကို မြှင့်တင်ခြင်းနှင့် လူနေမှုပတ်ဝန်းကျင်နှင့် လူ့ဘဝအရည်အသွေးကို တိုးတက်ကောင်းမွန်စေရန် ဆောင်ရွက်ပေးနိုင်ခဲ့ ပါတယ်။

ကျေးရွာဖွံ့ဖြိုးမှုပုံစံ-၁၊ လူ့အဖွဲ့အစည်းဖွံ့ဖြိုးရေးအစီအစဉ်

ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုစီမံခန့်ခွဲရေးအဖွဲ့ (International Cooperation Administration–ICA)တို့မှ “ကျေးရွာဖွံ့ဖြိုးမှုပုံစံ-၁၊ လူ့အဖွဲ့အစည်းဖွံ့ဖြိုးရေးအစီအစဉ်” ကို ၁၉၅၈ခုနှစ်တွင်စတင်ခဲ့ပြီး လယ်သမားအများဆုံးနေထိုင်သောရွာများကို ရှေ့ပြေးအဖြစ် ရွေးချယ် ခဲ့ပါတယ်။ ဖွံ့ဖြိုးမှုအစီအစဉ်ပြင်ဆင်ရန်နှင့် ရွာသားများကိုယ်တိုင် အကောင်အထည်ဖော်နိုင်ရန် ရွာ အသီးသီးတွင် ဖွံ့ဖြိုးရေးအဖွဲ့များ ဖွဲ့စည်းခဲ့ကြပြီး အစိုးရက နည်းပညာနှင့် ငွေကြေးအကူအညီများ ပေးခဲ့ပါတယ်။ လူထုဖွံ့ဖြိုးမှုစီမံကိန်းများတွင် မိမိကိုယ်ကို ကူညီခြင်းနှင့် အထောက်အပံ့ရရယူခြင်း ဟူ၍ (၂)မျိုးရှိပြီး ပထမတစ်မျိုးမှာ ရပ်ရွာလူထု၏အားထုတ်မှု၊ အရင်းအမြစ်များနှင့် နည်းပညာ များဖြင့် ပြင်ပအကူအညီမပါပဲ ကိုယ့်အားကိုယ်ကိုးဖွံ့ဖြိုးရေး ဆောင်ရွက်ခြင်းဖြစ်ပြီး အထောက် အပံ့ရယူခြင်းဆိုသည်မှာ အစိုးရနှင့် အခြားအဖွဲ့အစည်းများမှ ရပ်ရွာလူထုသို့ထောက်ပံ့သည့် ငွေကြေး နှင့် နည်းပညာပိုင်းဆိုင်ရာအကူအညီများရယူ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ရပ်ရွာလူထုအနေဖြင့် ကိုယ်တိုင်ဖွဲ့စည်းနိုင်မှုနှင့် ဒီမိုကရေစီလုပ်ထုံးလုပ်နည်းများကို ကျေးလက်ဖွံ့ဖြိုးမှု လုပ်ငန်းစဉ်များမှ တစ်ဆင့်လေ့လာနိုင်စေပြီး ၎င်းလုပ်ငန်းစဉ်များနှင့် ဆက်စပ်စီမံကိန်းများမှတစ်ဆင့် ရပ်ရွာလူထု၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးတာဖြစ်ပါတယ်။

ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးရွာသစ်ဖြစ်တည်ရေးလှုပ်ရှားမှု

၁၉၆၂ခုနှစ်မှစ၍ အလျင်အမြန် စီးပွားရေးတိုးတက်လာခဲ့ပြီး ရလဒ်အဖြစ် ကျေးလက်နှင့်မြို့ပြ ဝင်ငွေကွာဟချက် ကြီးမားခဲ့ပါတယ်။ ၁၉၆၇ ခုနှစ်မှစ၍ လယ်ယာလုပ်ကိုင်သူအများအပြား မြို့ပြသို့ ပြောင်းရွှေ့လာခဲ့ခြင်းကြောင့် မြို့ပြနှင့် ကျေးလက်ကဏ္ဍနှစ်ခုလုံးအတွက် အလွန်ကြီးမားသော ဖိအားကို ဖြစ်စေခဲ့ပါတယ်။ ဒါ့ကြောင့် ကျေးလက်နေလူထုအား စိုက်ပျိုးရေးဖြင့် အသက်မွေးနိုင် ရေးအတွက် အခြေခံအုတ်မြစ်ချပေးရန်နှင့် လယ်ယာကဏ္ဍဝင်ငွေကို မြှင့်တင်ရန် ဗျူဟာတစ်ရပ် လိုအပ်လာခဲ့ပါတယ်။

“ဆယ်မာအူးလ်အွန်ဒုံ” (Saemaul Undong- SMU)

ကိုရီးယားဘာသာစကားတွင် “ဆယ်”သည် ယခင်အတွေ့အကြုံများအပေါ် အခြေခံ၍ အရှိန် အဟုန်ဖြင့် အသစ် ဖန်တီးခြင်းဖြစ်ပြီး “မာ” မှာမူ ဒေသနှင့် လူမှုရေးဆိုင်ရာ အဖွဲ့အစည်းဖြစ်ပါတယ်။ ထို့ကြောင့် ဆယ်မာအူးလ်အွန်ဒုံသည် ခေတ်မီဖွံ့ဖြိုးသည့်ကျေးရွာသစ် သို့မဟုတ် လူ့အဖွဲ့အစည်းအသစ် ဖြစ်တည်ရေး လှုပ်ရှားမှုပင် ဖြစ်ပါတယ်။ ကျေးရွာသစ် ဖြစ်တည်ရေးလှုပ်ရှားမှုသည် လူ့အဖွဲ့အစည်း ခေတ်မီဖွံ့ဖြိုးလာစေရေး အဓိကပံ့ပိုးရန်ဖြစ်ပြီး တစ်ဦးချင်း၏လူမှုဘဝအတွက်သာမက လူ့အဖွဲ့ အစည်းတစ်ရပ်လုံးပါဝင်နိုင်ရန် ရည်ရွယ်တာဖြစ်ပါတယ်။ ကျေးရွာသစ်ဖွံ့ဖြိုးရေးလှုပ်ရှားမှုကို သမ္မတ ပတ်ချုံဟီးလက်ထက်၊ ၁၉၇၀ ပြည့်နှစ်၊ ဧပြီလ (၂၂) ရက်နေ့တွင် စတင်ခဲ့ပြီး အခြေခံအဆင့်၊ မြှင့်တင်ခြင်းအဆင့်၊ တက်ကြွစွာအကောင်အထည်ဖော်မှုအဆင့်၊ ခိုင်မာမှုအဆင့်နှင့် အလိုအလျောက် တိုးတက်မှုအဆင့်ဟူ၍ အဆင့် ၅ ဆင့် ခွဲထားပါတယ်။

အစိုးရမှ ရှေ့ပြေးစီမံကိန်းနှင့် အခြေခံအဆင့်ကို ဆောင်ရွက်ပြီး ဒေသအစိုးရနှင့် ဒေသခံ ပြည်သူများက မြှင့်တင်ခြင်းအဆင့်ကို ဆက်လက်ဆောင်ရွက်ပါတယ်။ အခြေခံအဆောက်အုံဖွံ့ဖြိုးမှု၊ သဘောထားပြုပြင်ပြောင်းလဲမှု၊ ဝင်ငွေရစီမံကိန်း အစပျိုးခြင်း၊ ချေးငွေစီမံကိန်းစတင်ခြင်း၊ စီမံကိန်း တိုးချဲ့ခြင်း၊ မြို့ပြအထိ ဈေးကွက်ချဲ့ထွင်ခြင်း၊ လူမှုပတ်ဝန်းကျင်ဖွံ့ဖြိုးခြင်း၊ စီးပွားရေးဖွံ့ဖြိုးမှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးမြှင့်တင်ခြင်း၊ ကောင်းမွန်သောပတ်ဝန်းကျင်နှင့် စီးပွားရေးတည်ငြိမ်မှု အတွက်ဆောင်ရွက်ခြင်းနှင့် ပိုမိုကောင်းမွန်သည့် လူ့အဖွဲ့အစည်းဝန်းကျင်ကို ထူထောင်ခြင်းတို့ ဆောင်ရွက်ခဲ့ပြီး အဆင့် (၁)မှာ လေးနှစ်ခန့်ကြာမြင့်၍ အဆင့် (၂)နှင့် (၃)တို့မှာမူ သုံးနှစ်ကြာမြင့်ပြီး အဆင့်(၄)မှာ ဆယ်နှစ်ခန့်ကြာမြင့်ပါတယ်။ အဆင့်(၅)မှာ ကိုးနှစ်ခန့် ကြာမြင့်ခဲ့ပါတယ်။ အဆင့် (၁) ခုစီတွင် လက္ခဏာရပ်၊ စံနှုန်း၊ ရည်မှန်းချက်၊ စီမံကိန်း၊ ဖွဲ့စည်းပုံနှင့် လုပ်ဆောင်ချက်တို့ အမျိုးမျိုး ရှိပြီး စနစ်ကျနသည့် စီမံကိန်းတစ်ခုဖြစ်ပါတယ်။

ကျေးရွာသစ်ဖြစ်တည်ရေးလှုပ်ရှားမှု၏ အဓိကအင်အားစုတစ်ခုမှာ အစိုးရ၏ ပါဝင်မှုနှင့် ပံ့ပိုးမှု ဖြစ်ပါတယ်။ စိုက်ပျိုးရေးကဏ္ဍ ဝင်ငွေမြှင့်တင်နိုင်ရန် ဂျင်ဆင်း၊ ဆေးရွက်ကြီးကဲ့သို့သော ငွေ ရလွယ်သည့် စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခြင်း၊ ဖန်လုံအိမ်စိုက်ပျိုးနည်း ဆောင်ရွက် ပေးခြင်းအပြင် လယ်ယာလုပ်ငန်းပြင်ပ၌ လယ်သမားများ ဝင်ငွေတိုးတက်စေရန် စက်မှုလုပ်ငန်း များကို ကျေးလက်ဒေသများ၌ ဆောင်ရွက်စေခဲ့ပါတယ်။ စိုက်ပျိုးချိန်ပြီးဆုံးပါက စက်ရုံများ၌ လုပ်ကိုင်ခြင်းဖြင့် အလုပ်အကိုက်များရရှိ၍ ဝင်ငွေတိုးစေခဲ့ပါတယ်။ ဤသို့ဖြင့် ကျေးလက်နေ ပြည်သူများအား “လုပ်နိုင်ရမည်” ဟူသည့် “Can Do Spirit” စိတ်ကို မွေးမြူပေးနိုင်ခဲ့ပါတယ်။

စိုက်ပျိုးထွက်ကုန်ထုတ်လုပ်ရေး၊ အခြေခံအဆောက်အအုံကို မြှင့်တင်ရေးနှင့် သက်သာချောင် ချိရေးတို့ကို စီမံကိန်းများအဖြစ် ခွဲထုတ်ခဲ့ပါတယ်။ ရလဒ်အဖြစ် လယ်သမားမိသားစု၏ဝင်ငွေသည် ၁၉၇၁ ခုနှစ်တွင် မြို့ပြအလုပ်သမားဝင်ငွေ၏ ၇၈ ဒသမ ၈ရာခိုင်နှုန်းနှင့်ညီမျှနေရာမှ ၁၉၈၂ ခုနှစ်တွင် ၁၀၃ ဒသမ ၂ ရာခိုင်နှုန်းအထိမြင့်တက်လာပြီး (၁၀) နှစ်အတွင်း မြို့ပြနေအလုပ်သမားများ၏ ဝင်ငွေထက် မြင့်တက်လာခဲ့ပါတယ်။ ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှုမှာ ၁၉၆၇ ခုနှစ်တွင် ၃၄ ရာခိုင်နှုန်းရှိခဲ့ရာမှ ၁၉၈၉ခုနှစ်တွင် ၇ ရာခိုင်နှုန်းသာ ကျန်ရှိပါတော့တယ်။

ရရှိထားသောပြုပြင်ပြောင်းလဲမှုဆိုင်ရာအထောက်အပံ့များကို ထိန်းသိမ်းရေး၊ တိုးတက်စေရန် ဆောင်ရွက်ရေးတို့ကို ကိုယ်ထူကိုယ်ထစိတ်ဓာတ်ဖြင့်  ဦးစားပေးဆောင်ရွက်ခဲ့ကြပြီး ခေါင်းဆောင်မှု အတွက် သင်တန်းများပေးခြင်း၊ လေ့ကျင့်ရင်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ အချင်းချင်း အပြန်အလှန်သင်ယူခြင်း၊ ဆွေးနွေးပွဲများ ကျင်းပပေးခြင်း၊ အစုအဖွဲ့များအလိုက် ပြဿနာဖြေရှင်းမှု ပြုစေခြင်းတို့ဖြင့် အခက်အခဲများကိုလည်း ဖြေရှင်းစေခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်တွင် တောင်ကိုရီးယား နိုင်ငံ၏စပါး စိုက်ပျိုးမှုသည် တစ်ဟက်တာလျှင် မက်ထရစ် တန် ၅ ဒသမ ၁၈ ထွက်၍ ကမ္ဘာ့စံချိန်ကို ချိုးနိုင်ခဲ့ပါတယ်။

ကျေးရွာသစ်ဖြစ်တည်ရေးလှုပ်ရှားမှု အောင်မြင်ရသည့် အကြောင်းအရင်းများမှာ ကျေးရွာ ခေါင်းဆောင်များအနေဖြင့် ကြိုးပမ်းအားထုတ်မှုရှိခြင်းနှင့် အမြဲမပြတ်ခေါင်းဆောင်မှုပေးနိုင်ခြင်း၊ ခေါင်းဆောင်မှုနှင့်ဆက်စပ်သည့် ပညာအရည်အချင်းရှိခြင်း၊ ကျေးလက်နေပြည်သူလူထုအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် တက်ကြွစွာပါဝင်ဆောင်ရွက်ရန် အသိတရားရှိခြင်း၊ အစိုးရအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယှဉ်ပြိုင်မှုကို လှုံ့ဆောင်ပေးခြင်း၊ ခိုင်မာသော အထောက်အပံ့များ ပေးခြင်းနှင့် အဆင့်ဆင့် ခေါင်းဆောင်မှု အားကောင်းခြင်း၊ မဟာဗျူဟာများကို ထိရောက်စွာ အသုံးချ နိုင်ခြင်း၊ လူမှုပညာရေးစနစ်သစ်ကို ချမှတ်နိုင်ခြင်း၊ ဒေသခံနှင့် ပြည်သူလူထု၏ ဘုံအကျိုးစီးပွား အတွက် ထုတ်ကုန်နှင့်ဝင်ငွေမြင့်မားရန် ဆောင်ရွက်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။

စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ခြင်း”

အစောပိုင်း စီးပွားရေးစီမံကိန်းများသည် စိုက်ပျိုးရေးနှင့် အခြေခံအဆောက်အအုံတို့အပေါ် အသားပေးခဲ့ပြီး နောက်ပိုင်းတွင် အသေးစားစက်မှုလုပ်ငန်း၊ အီလက်ထရွန်နစ်၊ အကြီးစားနှင့် ဓာတု စက်မှုလုပ်ငန်းများစသည်ဖြင့် အစဉ်လိုက်အတိုင်း အသားပေးမှု ပြောင်းလဲလာခဲ့ပါတယ်။ အဆိုပါ မဟာဗျူဟာများအသုံးပြုခြင်းအားဖြင့် ပို့ကုန်အလေးပေးစီးပွားရေးမှာ တဖြည်းဖြည်းဖွံ့ဖြိုးတိုးတက် လာခဲ့ပြီး ၁၉၇၀ ပြည့်နှစ် နှောင်းပိုင်းကာလများမှစ၍ နိုင်ငံစီးပွားရေး၏ထုတ်လုပ်မှုကဏ္ဍတွင် လုပ်ငန်းကြီးများ၏ လွှမ်းမိုးမှုတဖြည်းဖြည်းလျော့ကျလာခဲ့ပြီး အသေးစားစက်မှုလက်မှု (SMEs) ကဏ္ဍ မှာ တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့ပါတယ်။

သမ္မတကင်ဒေးဂျုံလက်ထက်တွင် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအား ဆက်လက် တွန်းအားပေးဆောင်ရွက်ခဲ့ပြီး နိုင်ငံ၏ဖွံ့ဖြိုးမှုနှုန်းအား ၁၉၉၀ ပြည့်နှစ်တွင် ၉ ဒသမ ၈၁ ရာခိုင်နှုန်း၊ ၂၀၀၀ ပြည့်နှစ်တွင် ၈.၉၂%၊ ၂၀၁၀ ပြည့်နှစ်တွင် ၆.၅ %နှင့် ၂၀၁၇ ခုနှစ်တွင် ၃.၁%သို့ တိုးမြှင့်နိုင်ခဲ့၍ အာရှဒေသအတွင်း စီးပွားရေးဖြန့်ကြက်မှု အားကောင်းသော နိုင်ငံတစ်နိုင်ငံအဖြစ် ရောက်ရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒါ့ပြင် တောင်ကိုရီးယားနိုင်ငံအနေနဲ့ ၁၉၉၈ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ လုပ်သားဈေးကွက်ပြုပြင်ပြောင်းလဲမှု (Labour Market Reform)၊ ချေဘိုးပြုပြင်ပြောင်းလဲမှု (Chaebol Reform)၊ ဘဏ္ဍာရေးပြုပြင်ပြောင်းလဲမှု (Financial Reform)၊ ပြည်သူ့ဝန်ဆောင်မှုကဏ္ဍ ပြုပြုင်ပြောင်းလဲရေး (Public Sector Reform) တို့ကို ဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုပြုပြင်ပြောင်းလဲ ရေးတွေကို ခေတ်ရေစီးကြောင်းနဲ့ကိုက်ညီစွာ ဆောင်ရွက်နိုင်ခဲ့တာကြောင့် ယနေ့ခေတ်မှာတော့ ကမ္ဘာပေါ်မှာ ထင်ရှားပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေနိုင်ပြီ ဖြစ်ပါတယ်။

ဒါ့ပြင် ခေတ်မီနည်းပညာများ ဖွံ့ဖြိုးစေရေးအတွက်လည်း အစိုးရတာဝန်ရှိသူများ၊ ပညာရှင် များနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်း၍ စက်ရုပ်ကဲ့သို့သော စက်မှုအီလက်ထရွန်နစ်ဆိုင်ရာ လုပ်ငန်းများ၊ ဇီဝနည်းပညာရပ်များ၊ မိုက်ခရိုအီလက်ထရွန်နစ်များ၊ အနုဓာတုဗေဒများနှင့် အာကာသ ဆိုင်ရာအင်ဂျင်နီယာစသော ခေတ်မီနည်းပညာထုတ်ကုန်များ တိုးမြှင့်ရန် ဆောင်ရွက်ခဲ့ကြပါတယ်။ အီလက်ထရွန်နစ်၊ ချည်မျှင်နှင့် အထည်၊ သင်္ဘောတည်ဆောက်ရေးလုပ်ငန်း၊ မော်တော်ယာဉ်ထုတ်လုပ် ရေးလုပ်ငန်းနှင့် စတီးလုပ်ငန်းများသည် အရေးကြီးထုတ်ကုန်အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်။ နိုင်ငံ အတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပုံမှန်စီးဝင်နိုင်ရေးအတွက်လည်း အား‌ပေးဆောင်ရွက်ခဲ့သဖြင့် ပြည်ပပို့ကုန်တိုးမြှင့်မှု မြင့်မားလာခဲ့ပြီး နိုင်ငံ့ဝင်ငွေလည်း သိသာစွာတိုးတက်လာခဲ့ပါတယ်။ ထို့ပြင် ဓာတ်သတ္တုတူးဖော်ရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ခရီးသွားလုပ်ငန်းများတွင်လည်း အောင်မြင် မှုများ ရရှိခဲ့ပါတယ်။ ထိုသို့ အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့မှုများကြောင့် တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးသည် အာရှတိုက်၏စတုတ္ထအင်အားအကြီးဆုံးဖြစ်လာခဲ့ပြီး နိုင်ငံတကာ၌ အဆင့် (၁၁) နေရာသို့ ရောက်ရှိလာခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံ၏ ၂၀၁၇ ခုနှစ် GDP မှာ အမေရိကန် ဒေါ်လာ ၁၅၃၁ ဘီလီယံဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး အောင်မြင်ရ သည့် အကြောင်းအရင်းများကို ‌လေ့လာသုံးသပ်ခဲ့ရာ အောက်ပါအချက်များကို သတိပြုမိခဲ့ပါတယ်…

         (က)    ဆယ်မာအူးလ်အွန်ဒုံ (SMU) ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း Design ကောင်းမွန်ခြင်း၊ နိုင်ငံဆင်းရဲမှုလျှော့ချရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံအဆင့်လုပ်ငန်းစဉ်အဖြစ်

                    သတ်မှတ်ဆောင်ရွက်ခဲ့ခြင်း၊နိုင်ငံတကာသို့ မျှဝေပေးနိုင်သည်အထိ အောင်မြင်ခဲ့ခြင်း၊

         ( ခ )    သယံဇာတအရင်းအမြစ်ရှားပါးမှုကြောင့် လုပ်မှရမယ်၊ လုပ်ရင်ရတယ်၊ လုပ်ရင်ဖြစ်တယ်၊ လုပ်နိုင်တယ်ဆိုတဲ့ အသိစိတ်ဓာတ် နိုင်ငံသားအားလုံးတွင် ရှိခြင်း၊

         ( ဂ )    ကျေးရွာအားလုံးမှာရှိတဲ့ ခေါင်းဆောင်များရဲ့ ခေါင်းဆောင်မှုကောင်းမွန်ခြင်းနှင့် ယှဉ် ပြိုင်နိုင်စွမ်းကို အစိုးရမှ လှုံ့ဆော်မြှင့်တင်ပေးနိုင်မှု ရှိခြင်း၊

         (ဃ)    လယ်ယာပြင်ပအလုပ်အကိုင်ဖန်တီးပေးနိုင်ခြင်းဖြစ်တဲ့စက်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်ခြင်း။

မြန်မာနိုင်ငံနှင့် ဆယ်မာအူးလ်အွန်ဒုံ (SMU Model)

မြန်မာနိုင်ငံမှာ SMU ကျေးရွာသစ်စီမံကိန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနဲ့ Korea International Agency - KOICA ပူးပေါင်းပြီး ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ပြည်နယ်/ တိုင်းဒေသကြီး (၁၀) ခုမှာ ကျေးရွာပေါင်း (၁၀) ရွာကို အကောင်အထည်ဖော်ဆောင်ရွက် ခဲ့ပါတယ်။ စီမံကိန်းမှ ကျေးရွာနေပြည်သူများ ပူးပေါင်းပါဝင်ပြီး အခြေခံအဆောက်အအုံအပါအဝင် လူမှု ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဝင်ငွေတိုးတက်ရေး၊ စွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာ စီမံချက်ရေးဆွဲ၍ ပြည်သူများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ ကျေးရွာသူ/သားများ ပိုင်ရှင်စိတ်ဓာတ်ရှိခြင်းနှင့် ဆန္ဒအလျောက် ပူးပေါင်းပါဝင်လာခြင်း၊ SMU စိတ်ဓာတ်၊ ခေါင်းဆောင်မှု၊ ယှဉ်ပြိုင်ခြင်းနှင့် နိုင်ငံတော်အထောက်အပံ့ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်ခြင်းတို့မှာ SMUရဲ့အဓိကအနှစ်သာရဖြစ်ပါတယ်။

ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကို ၂၀၁၆ ခုနှစ်ကစပြီးဆောင်ရွက်ခဲ့ရာ ပထမဦးဆုံးအနေနဲ့ ကျေးရွာပေါင်း(၁၀၀)ရွာ ကို အမေရိကန်ဒေါ်လာ (၂၀,၀၀၀)နဲ့ညီမျှတဲ့ မြန်မာငွေကို ထောက်ပံ့ပေးခဲ့ ပါတယ်။ ဒီရန်ပုံငွေနဲ့ ပြည်သူတွေရဲ့ထည့်ဝင်ငွေပေါင်းပြီး ရွာရဲ့ ဖွံ့ဖြိုးရေး ၆၅ %၊ ဝင်ငွေတိုးပွားရေး ၃၅ %၊ စွမ်းဆောင်ရည် မြှင့်တင်ရေး ၅ % ခွဲဝေပြီး လုပ်ငန်းယှဉ်ပြိုင်စနစ်နဲ့ ဆောင်ရွက်စေပါတယ်။ ဒီလို ဆောင်ရွက်ချက်တွေကို အပြန်အလှန်အကဲဖြတ်၊ အမှတ်ပေးစည်းမျဉ်းနဲ့အညီ စနစ်တကျ ဆောင်ရွက်ခဲ့ပြီး စီမံကိန်း ထပ်မံထောက်ပံ့မှုအဖြစ် အဆင့် A ရှိတဲ့ရွာကို $ ၂၀,၀၀၀၊ အဆင့် B ရှိတဲ့ ရွာကို $ ၁၀,၀၀၀၊ အဆင့် C ချီးမြှင့်ငွေ ထပ်မံမရရှိဘဲ ကောင်းစွာကြိုးပမ်းဆောင်ရွက်နိုင်သော ကျေးရွာအား ထပ်တိုးဆုချီးမြှင့်ခြင်းစနစ်ဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ မြင်သာတဲ့ အကျိုး ရလဒ်များအနေဖြင့် လူမှုရေးအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးလာခြင်း၊ ဝင်ငွေတိုးပွားလာခြင်းများ ဖြစ်ပြီး မမြင်သာသောရလဒ်များအနေဖြင့် တန်ဖိုးမဖြတ်နိုင်တဲ့အချက်များကတော့ စိတ်ဓာတ်ပိုင်း ဆိုင်ရာ တိုးတက်ကောင်းမွန်လာခြင်း၊ အတွေးသစ်အမြင်သစ်ရှိလာခြင်း၊ အသင်းအဖွဲ့စိတ်ဓာတ်ရှိ လာခြင်း၊ ပူးပေါင်းပါဝင်ဆောင်ရွက်တတ်လာခြင်း၊ ကိုယ့်အားကိုယ်ကိုးစိတ်ရှိခြင်း၊ ပိုင်ရှင်စိတ်ဓာတ် ရှိလာခြင်းတို့ဖြစ်ပါတယ်။

ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်နေတဲ့ ခေတ်မီစံပြကျေးရွာ ထူထောင်ရေး (SMART Village) စီမံကိန်း၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း လုပ်ငန်း (RBF)၊ လူထုဗဟိုပြုစီမံကိန်း (Community Driven Development – CDD)၊ မြစိမ်းရောင် ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(Village Development Plan-VDP)များဟာလည်း SMU Model  ပုံစံအတိုင်းပဲ ဖြစ်ပါတယ်။ လူထုပူးပေါင်းပါဝင်မှုကို အခြေခံထားတယ်။ ကိုယ်တိုင် စီမံခန့်ခွဲ အကောင်အထည်ဖော်ပြီး ကိုယ်တိုင်တာဝန်ယူတတ်အောင် သင်ကြားပေးတယ်၊ တာဝန်ယူ၊ တာဝန်ခံရတယ်၊ ပွင့်လင်းမြင်သာဆောင်ရွက်ရတယ်၊ ကျေးရွာစိတ်ဓာတ်၊ ပိုင်ရှင်စိတ်ဓာတ်ဖြင့် စီမံကိန်းများကို တန်ဖိုးထားရတယ်၊ လူထု ပါဝင်လာအောင် စည်းရုံးဆောင်ရွက်တဲ့ Model များပဲ ဖြစ်ပါတယ်။

SMU စီမံကိန်းမှ နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းရွာတွင် စိုက်ပျိုး ပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းတစ်ခုကို ထောက်ပံ့ပေးခဲ့ပါတယ်။ ဒီသင်တန်းကျောင်းကနေပြီး “အောင်မြင်သောကျေးရွာတိုင်းတွင် ထူးချွန်ထက်မြက်သောခေါင်းဆောင် ကောင်းများရှိကြသည်”ဆိုသည့်အတိုင်း မိမိကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အနစ်နာခံ အပင် ပန်းခံပြီး ရှေ့ဆောင်လမ်းပြဆောင်ရွက်ပေးရမည့် ကျေးရွာခေါင်းဆောင်ကောင်းများ လေ့ကျင့် မွေးထုတ်ပေးလျက်ရှိပါတယ်။ သင်တန်းကျောင်းမှာ SMUကျေးရွာခေါင်းဆောင်တွေကို သင်တန်းပေး သလို မြစိမ်းရောင်ကျေးရွာများရဲ့ ကျေးရွာခေါင်းဆောင်များ၊ ကော်မတီဝင်များကိုလည်း သင်တန်းပေးခဲ့ ပါတယ်။ သင်တန်းဖွင့်ပွဲတွေ တက်ရောက်ခဲ့သလို၊ ကိုယ်တိုင်လည်း သင်တန်းဖွင့်ပွဲ၊ ဆင်းပွဲများမှာ ကျေးရွာခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးခဲ့ရတာတွေ ရှိခဲ့ပါတယ်။ သင်တန်းမှာ စီမံကိန်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ၊ ကျေးရွာခေါင်းဆောင်မှုဆိုင်ရာများကို သင်ကြားပေးတာဖြစ်ပါ တယ်။ သင်တန်းရဲ့အဓိက ထူးခြားချက်ကတော့ နေ့စဉ်သင်တန်းစချိန်မှာ နိုင်ငံတော်သီချင်း သီဆိုရ တာပဲ။ ကျွန်တော်လည်း သင်တန်းဖွင့်ပွဲတက်ရင်း လိုက်ဆိုရပါတယ်။ ဒါ အရေးကြီးတယ်။ နိုင်ငံတော် သီချင်းဟာ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေအတွက် အရေးကြီးတယ်။ အခြေခံမူတွေပါတယ်။ နိုင်ငံသားတာဝန်တွေပါတယ်။ ဆိုရင်း ကျွန်တော် ကြက်သီးတွေ ထမိပါတယ်။

သင်တန်းကျောင်းနဲ့ စီမံကိန်းရွာတွေမှာ တွေ့ရတဲ့ဆောင်ပုဒ်များကလည်း မှတ်သားစရာ ဖြစ် ပါတယ်-

             ၁။      ကျေးရွာသစ်လှုပ်ရှားမှုစိတ်ဓာတ်များ      

          (က) လုံ့လဝီရိယရှိခြင်း၊ (ခ) မိမိကိုယ်ကိုအားကိုးခြင်း၊ (ဂ) ပူးပေါင်းဆောင်ရွက်ခြင်း၊

၂။      “လုပ်ရင်ဖြစ်တယ်၊ လုပ်နိုင်တယ်၊ လုပ်ရမယ်

၃။      ကျေးရွာသစ်လှုပ်ရှားမှုဆိုသည်မှာ

          (က)    ဆင်းရဲခြင်းမှလွတ်မြောက်ပြီး ကောင်းမွန်စွာနေထိုင်နိုင်ရန် ဆောင်ရွက်သော   လှုပ်ရှားမှု ဖြစ်၏။

          ( ခ )    ပြည်သူလူထု၏ အသိဉာဏ်ဖွံ့ဖြိုးမှုအားအခြေခံသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံအဖြစ် လုပ်ဆောင်သောလှုပ်ရှားမှုဖြစ်သည်။

          ( ဂ )    ကျေးလက်နေပြည်သူများမှ ဒီမိုကရေစီကို လက်တွေ့ဖော်ဆောင်သော လှုပ်ရှားမှုဖြစ်သည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်စေဖို့ရာ အဓိကဖြစ်တဲ့ ကျေးလက်ဒေသနေပြည်သူများရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲနိုင်ဖို့၊ “လုပ်ရမယ်၊ လုပ်နိုင်တယ်၊ ငါတို့ကိုယ်တိုင်လုပ်မှ ရမယ်” ဆိုတဲ့ အတွေးအမြင်၊ အယူအဆကို ခံယူသိမြင်တတ်လာဖို့ကလည်း ပညာရေးကို ပြုပြင် ပြောင်းလဲသလိုပဲ အလွန်အရေးကြီးလှပါတယ်။ ဖွံ့ဖြိုးရေးစီမံချက်တွေမှာ စွမ်းဆောင်ရည်မြှင့်တင် ပေးခြင်းဆိုရာတွင် လုပ်တတ်၊ ကိုင်တတ်ဖြစ်အောင်သာမက စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက် ကောင်းမွန်အောင်၊ မိမိတို့ကျေးရွာဖွံ့ဖြိုးလာအောင် မိမိတို့ဘာသာလုပ်မှ ရမှာပါလားဆိုတဲ့ စိတ်ဓာတ် တွေ ဖြစ်ထွန်းခိုင်မာအောင် တွန်းအားပေးဆောင်ရွက်ပေးနိုင်ရန် အလွန့်အလွန်မှ အရေးကြီး ပါကြောင်း လေ့လာသုံးသပ်တင်ပြလိုက်ရပါတယ်။

ခန့်ဇော်(ကျေးလက်)

ရည်ညွှန်းကိုးကားချက် -        

(၁)     တောင်ကိုရီးယားပြည်သူ့သမ္မတနိုင်ငံ၏ကျေးလက်ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ချက်များ။

(၂)     အေးကိုကို၊ စိုက်ပျိုးရေး၏ “ကိုရီးယား-မြန်မာချစ်ကြည်ရင်းနှီးမှုဖြင့် ပူးပေါင်းဆောင်ရွက် နေသော မြန်မာဆေးမားအူးလ်အွန်ဒုန်းစီမံကိန်း” ဆောင်းပါး

(၃)     မှူးဇော်၏ “တောင်ကိုရီးယားနိုင်ငံ ဘာကြောင့် တိုးတက်အောင်မြင်ခဲ့သလဲ” ဆောင်းပါး

(၄)     Million Markers Website ရှိ တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးအကြောင်းအရာ

(၅)    The Saemaul Undong Movement in the Republic of Korea (ADB)

(၆)    Korea Development Institute မှ ထုတ်ဝေသော “ကိုရီးယားသမ္မတနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးတော်လှန်ရေးနှင့် “ဆဲမာအူး(လ်)အွန်ဒုန်” ၏ အခန်းကဏ္ဍ

(၇)    ပါမောက္ခ၊ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)၏ “ဆင်းရဲသည့်နိုင်ငံအဆင့်မှ ချမ်းသာဖွံ့ဖြိုးပြီး နိုင်ငံအဆင့်သို့ အတိုဆုံးအချိန်ကာလအတွင်း ရောက်ရှိစေခဲ့သည့်

         စီးပွားရေးဒီဇိုင်းမိုဒယ်ပုံစံ”


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm