Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး နောင်တရားမြို့ သဘာဝမြေဩဇာစက်ရုံ တည်ဆောက်ရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေး


27 Jan,2023

နေပြည်တော် ဇန်နဝါရီ ၂၆

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့သည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် ခန္တားစမ်း အာလူးစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းအစုအဖွဲ့၏ ထည့်ဝင်ငွေတို့ဖြင့် သဘာဝမြေဩဇာစက်ရုံ တည်ဆောက်ရေးလုပ်ငန်းကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်း မြို့နယ်၊ နောင်တရားမြို့တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယင်းစက်ရုံ တည်ဆောက် ရေးလုပ်ငန်းခွင်သို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ ပြည်နယ်ဦးစီးမှူးများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ကြည့်ရှုစစ်ဆေးသည်။

ထိုသို့စစ်ဆေးရာတွင် စက်ရုံတာဝန်ခံနှင့် ဒေသဦးစီးဥက္ကဋ္ဌ ဦးခွန်ရဲထွေးတို့က တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းပြောကြားမှုအပေါ် ဒုတိယဝန်ကြီးက စက်ရုံအတွက် လိုအပ် သော ကုန်ကြမ်းများရရှိရေး၊ ထုတ်လုပ်ခွင့်လိုင်စင်ရရှိရေး၊ ဒေသခံတောင်သူများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ရေး စီစဉ်ဆောင်ရွက်ရန်နှင့် သတ်မှတ်အချိန်မီပြီးစီးရေး မှာကြားပြီး တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။

နောင်တရား သဘာဝမြေဩဇာစက်ရုံအနေဖြင့် တန်(၄၀) ကျ စက်ရုံဖြစ်ပြီး တည်ဆောက်ပြီးစီး လျှင် တစ်နေ့ သဘာဝမြေဩဇာ ၂၅ ကီလိုအိတ် ၁၆၀၀ ထွက်ရှိမည်ဖြစ်ပြီး နောင်တရား၊ ပင်လောင်း၊ ပင်းတယမြို့နယ်တို့မှ တောင်သူများအတွက် အကျိုးဖြစ်ထွန်းစေမည် ဖြစ်သည်။ သဘာဝမြေဩဇာ ထုတ်လုပ်ရာတွင် နွားချေး၊ ကြက်ချေး၊ တိရစ္ဆာန်အရိုး၊ စပါးခွံ၊ ဒိုလိုမိုက်တို့ဖြင့် ထုတ်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စန္တားခမ်းနောင်တရား အာလူးစိုက်ပျိုးရေးနှင့် အထွေ ထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းက ဆောင်ရွက်နေသော အားလူး အအေးခန်းသိုလှောင်ရုံများ အား လှည့်လည်ကြည့်ရှုရာ အသင်းတာဝန်ခံက လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။

အအေးခန်စက်ရုံအနေဖြင့် အာလူးမျိုးတန်ချိန် (၂၀၀၀) သိုလှောင်နိုင်ပြီး တစ်နှစ်လျှင် စိုက်ပျိုး ရာသီ(၃)ကြိမ် သိုလှောင်စိုက်ပျိုးနိုင်ကြောင်း၊ ၎င်း အာလူးမျိုးများ စနစ်တကျ သိုလှောင်သည့်လုပ်ငန်း အား ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလအတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ခရီးစဉ်၌ ထောက်ပံ့ ပေးခဲ့သည့် အအေးခန်း Container ဖြင့် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ကြောင်း၊ စန္တားခမ်းနောင်တရား အာလူးစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းတွင် အသင်းသားပေါင်း (၂၀၀၀) ကျော်ရှိပြီး ၎င်းတို့၏ စိုက်ပျိုးရေးလုပ်ငန်း တိုးချဲ့ရန်အတွက် အာလူးမျိုးများ၊ သွင်းအားစု များကို ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လူဦးရေ (၁၉၀၃) ဦး၊ အိမ်ခြေ (၃၃၄) အိမ်အတွက် အကျိုးပြုမည့် တောင်ကြီးမြို့နယ်၊ တောင်လေးလုံးကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ရန်ပုံငွေ ကျပ် (၁၀) သန်း၊ ပြည်သူထည့်ဝင်ငွေကျပ် (၅.၁) သန်းဖြင့် ဆောင်ရွက်ခဲ့သော အရှည်ပေ (၁၀၀၀)၊ အကျယ် (၁၂) ပေရှိ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ဒေသထွက်ကုန်အခြေခံသော MSME လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး လိုအပ်သည့် နည်းပညာများ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးမြို့၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန၏ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းသို့ ရောက်ရှိကာ သင်တန်းသူများ၏ လက်ရက်ကန်းပညာများ လက်တွေ့ လေ့လာသင်ယူနေမှုအား ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးမြို့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးတွင် ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဒုတိယဝန်ကြီးက ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ အောင်မြင်ရေးအတွက် ဦးစီးဌာနများ အချင်းချင်းပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရေး၊ ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရေး၊ ရုံးများ သန့်ရှင်းသပ်ရပ် စနစ်တကျ ရှိစေရေး၊ ဌာနတွင်း စည်းလုံးညီညွတ်ရေးကို တည်ဆောက်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုစိတ်ဓာတ်ဖြင့် လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ကြရေး မှာကြားသည်။ ဆက်လက်၍ ဒုတိယညွှန်ကြားရေး မှူးချုပ်များက သက်ဆိုင်ရာဦးစီးအလိုက် လိုအပ်သည်များ မှာကြားကြပြီး ဒုတိယဝန်ကြီးက ဝန်ထမ်းများ၏ လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm