Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် ဝန်ကြီးဌာနကိုယ်စားပြု ပါဝင်ဆောင်ရွက်ခဲ့ကြသော ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်


13 Jan,2023

နေပြည်တော် ဇန်နဝါရီ ၁၃

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ဂုဏ်ပြုယာဉ်နှင့် ပြခန်းတို့၌ ပါဝင်ဆောင်ရွက် ခဲ့ကြသော ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ပါဝင်ခဲ့ကြသည့် ဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ဂုဏ်ပြုအမှာစကား ပြောကြားရာမှာ မြန်မာ နိုင်ငံ လွတ်လပ်ရေးရခဲ့သည်မှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် (၇၅) နှစ်ပြည့်မြောက်ပြီး စိန်ရတုလွတ်လပ်ရေးတိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ချီးမြှင့်ထိုက်သူကို ချီးမြှင့်ခြင်း၊ ကျေးဇူးရှိသူကို ကျေးဇူး ပြုခြင်းတို့သည် မင်္ဂလာတစ်ပါးဖြစ်တဲ့အတွက် ကောင်းမွန်သော ဆောင်ရွက်မှုများ ဖော်ထုတ်ပြီး ချီးမြှင့်မှတ်တမ်းတင်ခြင်းကို အစဉ်အလာတစ်ခု ဖြစ်သွားသည်အထိ ဆောင်ရွက်သွားရမည် ဖြစ်ပါ ကြောင်း၊ ယနေ့ပြုလုပ်သော အခမ်းအနားသည် သမိုင်းတွင်ကျန်ရစ်မည့် နိုင်ငံတော်အဆင့် အခမ်းအနားကြီးမှာ ကဏ္ဍအလိုက် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် ဝန်ထမ်းများကို အသိ အမှတ်ပြု ဂုဏ်ပြုချီးမြှင့်တဲ့ အခမ်းအနား ဖြစ်ပါကြောင်း၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့သည် ကြုံတောင့်ကြုံခဲ နေ့ထူးနေ့မြတ် ဖြစ်တဲ့အတွက် ထူးခြားလေးနက်စွာ ဂုဏ်ပြုခြင်းဖြစ်လို့ ပါဝင်ဆင်နွဲခွင့် ရရှိခဲ့ကြတဲ့ ဝန်ထမ်းများအနေနဲ့ ဂုဏ်ယူနေရမယ့် အခမ်းအနားကြီးဖြစ်ပါကြောင်း၊ အခမ်းအနားမှာ ပါဝင်ခဲ့ကြတဲ့ ဝန်ထမ်းများကို ဝတ်စုံထောက်ပံ့ပေးခြင်း၊ ထောက်ပံ့ငွေများ ပေးအပ် ခြင်း၊ ဦးစီးဌာနအလိုက် အလှည့်ကျ နံနက်စာနဲ့ အင်အားဖြည့် အစားအသောက် ကျွေးမွေးခြင်းအပြင် လိုအပ်တဲ့ ဆေးဝါးများကိုလည်း စီစဉ်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ဒါ့အပြင် စစ်ရေးပြတပ်ခွဲမှာ ပါဝင် ဆောင်ရွက်ခဲ့ကြတဲ့ ဝန်ထမ်းများအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်ကြတဲ့အတွက် စစ်ရေးပြ လေ့ကျင့်ခြင်း မပြုလုပ်ရတဲ့ရက်တွေမှာ အနားပေးခြင်းနဲ့ အခမ်းအနားပြီးစီးတဲ့ရက်ကနေစပြီး ရက်သတ္တပတ်(၁)ပတ် အနားပေးခြင်း၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာများ အဆင်ပြေစေရေးအတွက် ဝန်ထမ်း များရဲ့ လိုအပ်ချက်များကို တတ်နိုင်သမျှ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ စစ်ရေးပြတပ်ခွဲတွင် ပါဝင်သည့် ဝန်ထမ်း (၁၆၅) ဦးအတွက် တစ်ဦးလျှင် (၁၀၀,၀၀၀) ကျပ်နှုန်းဖြင့် ကျပ် (၁၆၅) သိန်း၊ ဂုဏ်ပြုယာဉ်တွင် ပါဝင်သည့် ဝန်ထမ်း(၅၂)ဦးအတွက် တစ်ဦးလျှင် (၁၀၀,၀၀၀) ကျပ်နှုန်း ဖြင့် ကျပ်(၅၂)သိန်း၊ စုစုပေါင်းဂုဏ်ပြုချီးမြှင့်ငွေကျပ် (၂၁၇)သိန်း ထောက်ပံ့ပေးအပ်သွားမှာ ဖြစ်ပါကြောင်း၊

စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် မိမိတို့ဝန်ကြီးဌာန ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ၊ ဂုဏ်ပြုယာဉ်နှင့် အထိမ်းအမှတ်ပြခန်းများမှာ ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့ ဝန်ထမ်းများအနေနဲ့ စည်းကမ်းရှိရှိ စနစ်တကျ ညီညီညွတ်ညွတ်နဲ့ စွမ်းအားပြည့် ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် မိမိတို့ ဝန်ကြီးဌာနရဲ့ ပုံရိပ်ကို များစွာမြှင့်တင်ပေးနိုင်ခဲ့လို့ အထူးပင်ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ (၇၅) နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး အတွက် ဝန်ကြီးဌာနကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ဂုဏ်ပြုယာဉ်၊ အထိမ်းအမှတ်ပြခန်းများမှာ ပါဝင် ဆောင်ရွက်သူများနဲ့ အဘက်ဘက်မှ ဝိုင်းဝန်းကူညီ ပံ့ပိုးပေးခဲ့ကြတဲ့ အထောက်အကူပြုအဖွဲ့များမှ ဝန်ထမ်းများကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ သမိုင်းတွင်ကျန်ရစ်မယ့် အခမ်းအနားကြီး အောင်မြင်မှုရရှိစေရန် ဝန်ထမ်းများအနေနဲ့ ပေးအပ်တဲ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်တတ်တဲ့ ဝန်ထမ်းကောင်းစိတ်ဓါတ်၊ အဖွဲ့အစည်းများနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်တတ်တဲ့ စိတ်ဓါတ်တို့ဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပြီး အလေ့အကျင့်ကောင်းများ၊ အတွေ့အကြုံကောင်းများကိုရယူ၍ နိုင်ငံတော် ယန္တရားများ ပိုမိုကောင်းမွန်စွာ အရှိန်အဟုန်မြှင့်တင် လည်ပတ်နိုင်ရေးအတွက် အားသွန်ခွန်စိုက် ဆထက်ထမ်းပိုး ကြိုးပမ်းဆောင်ရွက်သွားကြပါဟု တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးဦးမြင့်စိုးက ဝန်ထမ်းများသည် မိသားစုစိတ်ဓာတ်ဖြင့် အောင်မြင်စွာ ပါဝင်ဆောင်ရွက်နိုင်ခဲ့ပြီး ဝန်ကြီးဌာန၏ ပုံရိပ်ကောင်း ရရှိခဲ့ပါကြောင်း၊ ဝန်ကြီးဌာနမှ ဆောင်ရွက်နေ သော စီမံကိန်းလုပ်ငန်းများတွင် ယခုလိုစိတ်ဓာတ်ကောင်းဖြင့် အောင်မြင်အောင် ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ဝန်ကြီးဌာနကိုယ်စားပြု စစ်ရေးပြတပ်ခွဲတွင် ပါဝင် ဆောင်ရွက်ခဲ့သော ဝန်ထမ်း(၁၆၅)ဦးအတွက် ဂုဏ်ပြုငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ၊ ဝန်ကြီး ဌာနကိုယ်စားပြု ဂုဏ်ပြုယာဉ်အတွက် အထူးဆုဖလားနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ရာ ပါဝင် ဆောင်ရွက်ခဲ့သော ဝန်ထမ်းများကိုယ်စား အဖွဲ့ခေါင်းဆောင်များက လက်ခံရယူကြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးမြင့်စိုးက ဝန်ကြီးဌာနကိုယ်စားပြု ဂုဏ်ပြုယာဉ်တွင် ပါဝင် ဆောင်ရွက်ခဲ့သော ဝန်ထမ်းများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများအားလည်းကောင်း၊  အမြဲတမ်း အတွင်းဝန် ဦးခန့်ဇော်က ဝန်ကြီးဌာနကိုယ်စားပြု ပြခန်းတွင် ပါဝင်ဆောင်ရွက်ခဲ့သော ဝန်ထမ်းများ အတွက် ဂုဏ်ပြုမှတ်တမ်းလွှာများအားလည်းကောင်း ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေး မှူးချုပ်များသည် ဝန်ထမ်းစားရိပ်သာတွင် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနား၌ ဝန်ကြီးဌာနကိုယ် စားပြု ပါဝင်ဆောင်ရွက်ခဲ့သော ဝန်ထမ်းများနှင့်အတူ ဂုဏ်ပြုနေ့လည်စာ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm