Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရန်ပုံငွေများ ပေးအပ်


07 Jan,2023

နေပြည်တော် ဇန်နဝါရီ ၆

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဇန်နဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းက ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးဦးစီးမှူးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး၏ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ရန်ပုံငွေများ ပေးအပ်သည်။

          ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ဦးစီးဌာန (၄) ခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဒုတိယဝန်ကြီး ဦးမြင့်စိုးက မိမိတို့ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ ဖြစ်သည့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားရေး၊ မိသားစုဝင်ငွေ တိုးပွားရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ကျေးလက်နှင့် မြို့ပြ ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေး လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ရေး၊ နိုင်ငံတော်က ဆောင်ရွက် နေသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းများနှင့် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ကြရေး မှာကြားခဲ့ပြီး ဝန်ထမ်းများ၏ လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ်တွင်လည်းကောင်း၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေး လိုအပ်ချက် များ တင်ပြမှုအပေါ်တွင်လည်းကောင်း ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်၊ ခမောက်စုကျေးရွာအုပ်စု အိမ်ခြေ (၇၀)၊ လူဦးရေ (၂၉၉) ဦးရှိသော အချုပ်ကလေး(တောင်)ကျေးရွာသို့ ရောက်ရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း VDP ရန်ပုံငွေကျပ် သိန်း (၁၀၀) အား ဒုတိယဝန်ကြီးက ထောက်ပံ့ပေးအပ်ကာ ကျေးရွာမီးလင်းရေးနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ ဆက်လက်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်းက ကျေးရွာဖွံ့ဖြိုးရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့် စီမံကိန်းလုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ကျေးရွာ ကော်မတီဝင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

          ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ် ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် စတုမုခထူပါရုံ စေတီတော်မြတ်ကြီးသို့ ရောက်ရှိပြီး ဦးထေရာဝံသ အမှူးပြုသော ဆရာတော်အရှင်သူမြတ်များအား ဖူးမြော်ကြည်ညိုကာ သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ စေတီတော်မြတ်ကြီး၏ ဓမ္မာရုံ၌ အိမ်ခြေ (၈၅) အိမ်၊ လူဦးရေ (၆၁၃) ဦးရှိသော ငြိမ်းအေးကျေးရွာအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ပေးအပ်ပွဲအခမ်းအနားသို့ တက် ရောက်ပြီး ဒုတိယဝန်ကြီးက နိုင်ငံတော်က ဆောင်ရွက်နေသော နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းများ ၊ ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေး လုပ်ငန်းများနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနက ဆောင်ရွက်ပေးနေသော လုပ်ငန်းများအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်းက မြစိမ်းရောင်ကျေးရွာစီမံကိန်းဆိုင်ရာများ ရှင်းလင်းဆွေးနွေး သည်။ ထို့နောက် ဒုတိယဝန်ကြီးက မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကျပ် သိန်း (၂၀၀) အား ကျေးရွာကော်မတီဝင် တစ်ဦးထံ ပေးအပ်ခဲ့သည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် အဖွဲ့သည် သုတကျော်ဝေ (ကိုယ့်အားကိုယ်ကိုး) စာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့ရာ စာကြည့်တိုက်မှူး အငြိမ်းစားဆရာမကြီး ဒေါ်သန်းသန်းစိုးက လက်ခံ ရယူခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် စတုမုခထူပါရုံစေတီတော်မြတ်ကြီး၏ ကမ်း ထိန်းလုပ်ငန်းများအား ကြည့်ရှုအားပေးရာ တိုင်းဒေသကြီးဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။ ၎င်းလုပ်ငန်းများ ဆောင်ရွက်နေမှုအပြင် ရှေးဟောင်းသမိုင်းဝင် စတုမုခ ထူပါရုံစေတီတော်မြတ်ကြီး၏ ကမ်းထိန်းလုပ်ငန်း အထောက်အကူဖြစ်စေရေးအတွက် ယွန်းလျှံ စိုက်ပျိုးရေးအထောက်အကူပြုကုမ္ပဏီ၏ ပုလဲကျူပင်များ စိုက်ပျိုးပေးခဲ့ကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ် အလယ်ရွာနှင့် ခတ္တူကျေးရွာ တို့ကို ဆက်သွယ်ပေးထားသော ကြိုးတံတား၏ ပြုပြင်ထိန်းသိမ်းရန် လိုအပ်ချက်များအား  ကြည့်ရှု စစ်ဆေးခဲ့သည်။

          ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်၊ စိန်တောင်ကျေးရွာသို့ ရောက်ရှိကာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် လှော်ကထား-စိန်တောင်-နတ်ထ္မင်းကုန်း ကျေးရွာချင်း ဆက်လမ်းပေါ်ရှိ စိန်တောင်တံတား တည်ဆောက်မည့် မြေနေရာနှင့် လှော်ကထားကျေးရွာမှ ပုသိမ်-မုံရွာလမ်းမကြီးသို့ ဆက်သွယ်ထားသော လမ်းတို့အား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm