Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆို၊ ပဲတီစိမ်းနှင့် နွေစပါးစိုက် တောင်သူများအား သွင်းအားစုများ ထောက်ပံ့


31 Dec,2022

နေပြည်တော်  ဒီဇင်ဘာ ၃၀

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်း ဒေသကြီး၊ ကဝ မြို့နယ်ခန်းမတွင် ဒီဇင်ဘာလ (၃၀) ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်သော နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ပဲတီစိမ်းနှင့် နွေစပါး စိုက်ပျိုးမည့် တောင်သူများအား စိုက်ပျိုးရေးသွင်းအားစုပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးဦးစီးမှူးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပဲတီစိမ်း စိုက် တောင်သူများ၊ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းအစုအဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက သမဝါယမစနစ်ဖြင့် စိုက်ပျိုး မည့် ပဲတီစိမ်းနှင့် နွေစပါးစိုက်ဧကများနှင့်ပတ်သက်၍လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီး မှူးက ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရာသီအလိုက် လျာထားဆောင်ရွက်မည့် စိုက်ပျိုးရေး လုပ်ငန်းများအားလည်းကောင်း ရှင်းလင်းတင်ပြသည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးမြင့်စိုးက နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ပဲတီစိမ်း စိုက်ပျိုးမည့်တောင်သူများအတွက် (၁) ဧကလျှင် ငွေကျပ် (၁.၂) သိန်းနှင့်ညီမျှသော ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေးများ ပေးအပ်ခြင်း ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ တောင်သူလယ်သမား များ၏ ပန်းတိုင်အထွက်နှုန်း တိုးရေးနှင့် လူမှုစီးပွားဘဝမြင့်မားပြီး ကြွေးမြီကင်းရှင်းသော မိသားစုဘဝများ ပိုင်ဆိုင်စေလို၍ ဖြစ်ကြောင်း၊ ထို့ကြောင့် ပဲတီစိမ်းစိုက် တောင်သူများအနေဖြင့် လာမည့်နွေစပါးစိုက် ရာသီတွင်လည်း အားသွန်ခွန်စိုက် ကြိုးစားကြစေလိုကြောင်း၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးလုပ်ငန်းများဖြစ်သော ပဲတီစိမ်းနှင့် နွေစပါးစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေး အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းနှင့် လုပ်ငန်းအစုအဖွဲ့များက ပူးပေါင်း ပါဝင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး၊ မိသားစုဝင်ငွေ တိုးပွားရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ကျေးလက်နှင့် မြို့ပြ ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေး၊ နိုင်ငံတော်၏ စိုက်ပျိုးရေးစီမံကိန်းလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်နေသော ကျေးရွာများတွင် ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးရေးနှင့် စိုက်ပျိုးရေ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အခြားသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကျေးလက် လမ်း၊ တံတားများ ဖောက်လုပ်ပေးရေး၊ ကျေးရွာမီးလင်းရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး လုပ်ငန်းများကိုလည်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်ရှိ ပဲတီစိမ်းစိုက်ဧက (၆၇,၅၈၈)၊ တောင်သူ (၈၆၂၇) ဦးအတွက် ဓာတ်မြေဩဇာ (၃၃၇၉၀)အိတ်၊ ရွက်ဖျန်းအားဆေး(၁၆၈၉၅) ဗူး၊ ပိုးသတ်ဆေး / မှိုသတ်ဆေး (၃၃၇၉၀) ဗူးနှင့် ပေါင်းသတ်ဆေး (၃၃၇၉၀) ဗူးတို့အား ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ခရိုင်ဦးစီးမှူးတို့က အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ဒေသခံ တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြို့နယ်ခန်းမအတွင်း ခင်းကျင်းပြသထားသော စိုက်ပျိုးရေး သွင်းအားစုပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

အလားတူ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် ထိုနေ့မွန်းလွဲပိုင်းတွင် ရေတာရှည်မြို့နယ်၊ ယွန်းလျှံ လယ်ယာအထောက်အကူပြုစခန်း၌ ကျင်းပပြုလုပ်သော နွေးစပါးစိုက်ပျိုးမည့် တောင်သူ များအား မျိုးစပါးနှင့် သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားသို့ တောင်သူ (၁၅၀) ဦး၊ သွင်းအားစု လုပ်ငန်းရှင် (၆) ဦး၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် ညွှန်ကြားရေးမှူးချုပ်တို့က အမှာစကားများ ပြောကြားကြပြီး ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ညွှန်ကြားရေးမှူးချုပ်နှင့် ယွန်းလျှံ လယ်ယာအထောက် အကူပြုစခန်း ရှေ့ပြေးစီမံကိန်းဥက္ကဋ္ဌ ဦးအောင်မျိုးဦးတို့က ရေတာရှည်မြို့နယ်၏ နွေစပါးစိုက် တောင်သူ (၃၈၇) ဦး၊ စိုက်ပျိုးဧက (၁၈၀၀) ဧကအတွက် ဓာတ်မြေဩဇာအိတ် (၃၆၀၀) အိတ် တို့အား အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့နောက် နွေစပါးစိုက်တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm