Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး တပ်ကုန်းမြို့နယ် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေး ကွင်းဆင်းဆောင်ရွက်


21 Dec,2022

နေပြည်တော် ဒီဇင်ဘာ ၂၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ရှားတောကျေးရွာအုပ်စုနှင့် ထန်းတောကြီးကျေးရွာအုပ်စု () စုရှိ တောင်သူများ နှင့်တွေ့ဆုံကာ စနစ်ကျလယ်ယာမြေများ ဖော်ထုတ်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နေကြာနှင့် နွေစပါးစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေး ကွင်းဆင်းဆောင်ရွက်သည်။

ရှေးဦးစွာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ဆင်သေ ရေလှောင်တမံမှ နွေစပါးရေပေးဝေနိုင်မှုအခြေအနေများ၊ ဂွေးပင်စံပြကျေးရွာ၏ စနစ်ကျလယ်ယာ မြေ (၇၉.၈၈)ဧက ဆောင်ရွက်နေမှုအားလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်က စနစ်ကျလယ်ယာမြေ၌ သီးနှံများစိုက်ပျိုးရာတွင် မျိုးနှင့်သွင်းအားစုများ ပံ့ပိုးပေးမည့် အစီအစဉ်များအားလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြမှုများအပေါ်  ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက နိုင်ငံတော်အစိုးရမှ ဆောင်းသီးနှံနေကြာနှင့် နွေစပါး စိုက်ပျိုးရေးအတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေများ ခွင့်ပြုပေးထားပါကြောင်း၊ တပ်ကုန်းမြို့နယ် ဂွေးပင်စံပြကျေးရွာအုပ်စုနှင့် ထန်းတောကြီးကျေးရွာအုပ်စုတို့တွင် စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည့် စိုက်နည်းစနစ်၊ သွင်းအားစု၊ မျိုး၊ ရေ စသည်တို့ရရှိရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဆောင်ရွက်ပေးမည်ဖြစ်ပြီး ထွက်ရှိလာသည့်သီးနှံများအား သမဝါယမစနစ်ဖြင့် ဝယ်ယူကြိတ်ခွဲပေး နိုင်ရေးအတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ တောင်သူများ ပိုမိုအကျိုးဖြစ်ထွန်းစေရေးအတွက် နိုင်ငံတော်က စနစ်ကျလယ်ယာမြေများ ဖော်ထုတ်ပေးနေပြီး တပ်ကုန်းမြို့နယ်အတွင်း တစ်ဆက်စပ်တည်း လယ်မြေ (၇၉.၈၈) ဧကကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနတို့ ပူးပေါင်းဖော်ထုတ် ဆောင်ရွက်နေပါကြောင်း၊ ယင်းလုပ်ငန်းအား သတ်မှတ်အချိန်မီ ပြီးစီးရေး တာဝန်ရှိသူများက စဉ်ဆက်မပြတ် ကြီးကြပ်ကွပ်ကဲ၍ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ တောင်သူများအနေဖြင့် နွေစပါးနှင့် ဆောင်းနေကြာ၊ မတ်ပဲ စိုက်ပျိုးမည့်အစီအစဉ်များ၊ ကြိုတင်ပြင်ဆင်ရမည်များကို ဌာနဆိုင်ရာများနှင့် ချိတ်ဆက်ဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး ဒေသခံတောင်သူများ၏ လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၏ ဂွေးပင် ခေတ်မီစံပြကျေးရွာ (SMART Village) အတွက် ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းသီးနှံနေကြာ မျိုးစေ့ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံရာ တွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက နိုင်ငံတော်အစိုးရအနေဖြင့် စားသုံးဆီဖူလုံရေး၊ နိုင်ငံခြားမှ တင်သွင်းမှုလျှော့ချနိုင်ရေး၊ မိသားစုဝင်ငွေတိုးပွားရေးတို့အတွက် ဆီထွက်သီးနှံနေကြာ တိုးချဲ့ စိုက်ပျိုးထုတ်လုပ်ရေးစီမံကိန်းဖြင့် ဆောင်ရွက်နေပါကြောင်း၊ ယင်းစီမံကိန်း အောင်မြင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တောင်သူများ၊ အကျိုးတူလယ်ယာစနစ်ဆောင်ရွက်မည့် ကုမ္ပဏီများ အားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း၊ တောင်သူများလိုအပ်သည့် မျိုး၊ သွင်းအားစု၊ နည်းပညာ၊ ရေ စသည်တို့ကို မိမိတို့ဝန်ကြီးဌာနများမှ ထောက်ပံ့ပေးမည်ဖြစ်၍ တောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများအား ကြိုးစားဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆောင်းသီးနှံနေကြာ စိုက်ပျိုး မည့် ကွင်းအမှတ် (၂၀၄၅) ရှိ လယ်မြေ (၁၀၃) ဧကအတွက် ရေဆင်းစပ်မျိုးနေကြာ- (၁၀၃) အိတ်အား ထောက်ပံ့ပေးအပ်ခဲ့ပြီး တောင်သူ ဦးချစ်ကို၏ လယ်မြေ()ဧကတွင် ရေဆင်းစပ်မျိုး နေကြာ-စက်ဖြင့် စတင်စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ရှားတောကျေးရွာ၏ ပြောင်းဖူး၊ ငရုတ်၊ ကြက်သွန်၊ အာလူးသီးနှံ (၁၀) ဧက ရေရရှိရေးအတွက် ရှေ့ပြေးစီမံကိန်းအဖြစ် ဆောင်ရွက်မည့် ဆင်သေချောင်း ချောင်းပိတ်ရေတင်လုပ်ငန်းနေရာအား ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေး ပြောကြားရာမှာ မြေပေါ်ရေဖြစ်သော ချောင်း၊ မြောင်းများမှ ရေကို အကျိုးရှိစွာ အသုံးချနိုင်ရေး အတွက် ချောင်းပိတ်၊ မြောင်းပိတ်များ ဆောင်ရွက်ပြီး အကျိုးရှိစွာ စိုက်ပျိုးရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေရရှိမှ စိုက်ပျိုးနိုင်မည်ဖြစ်ပြီး တောင်သူများ ဝင်ငွေတိုးပွားမည် ဖြစ်ကြောင်း၊ ဒါ့ကြောင့် ချောင်းပိတ်၊ မြောင်းပိတ် များကို လေ့လာပြီး အကျိုးရှိမည့် အစီအမံများ ဆောင်ရွက်ရန်ဖြစ်ကြောင်း မှာကြားခဲ့ပြီး လိုအပ် သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm