Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး မန္တလေးမြို့ နို့နှင့် နို့ထွက်ပစ္စည်းစက်ရုံ ဖွင့်ပွဲအခမ်းအနား တက်ရောက်


15 Dec,2022

နေပြည်တော် ဒီဇင်ဘာ ၁၄

          နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ရွှေကမ္ဘာငွေစုငွေချေးသမဝါယမအသင်း၊ စမ်းဝတီ မွေးမြူရေးနှင့် သဘာဝမြေဩဇာထုတ်လုပ်ရေးသမဝါယမအသင်း၊ မန္တလေးတိုင်းဒေသကြီးသမဝါယမအသင်းစုချုပ် တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်သော မန္တလေးမြို့၊ နိုနှင့်နို့ထွက်ပစ္စည်းစက်ရုံ ဖွင့်ပွဲအခမ်းအနား အား ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ  နို့နှင့် နို့ထွက်ပစ္စည်း စက်ရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် သီရိပျံချီ ဦးကျော်ဆန်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးမျိုးအောင်၊ သမဝါယမ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ မန္တလေးနို့ချက်စက်ရုံမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြ သည်။

ရှေးဦးစွာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် သီရိပျံချီ ဦးကျော်ဆန်း၊ တိုင်းဒေသကြီး သယံဇာတရေးရာ ဝန်ကြီး ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက နို့နှင့် နို့ထွက်ပစ္စည်းစက်ရုံအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ဒုတိယဝန်ကြီး ဦးမြင့်စိုးက စက်ရုံဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။ ယင်းနောက် ဖွင့်ပွဲအခမ်းအနား အထိမ်းအမှတ်ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရေဖြင့် ပက်ဖျန်းခဲ့ကြပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

           ထို့နောက် အစီအစဉ်အရ မန္တလေးတိုင်းဒေသကြီး၊ သမဝါယမ ဦးစီးဌာန၊ တိုင်းဦးစီးမှူးက စက်ရုံသမိုင်းကြောင်းနှင့် ပြန်လည် လည်ပတ်နိုင်ရေး ဆောင်ရွက်ခဲ့မှု အခြေအနေများအား လည်းကောင်း၊ စမ်းဝတီ မွေးမြူရေးနှင့် သဘာဝ မြေဩဇာထုတ်လုပ်ရေး သမဝါယမအသင်း ဥက္ကဋ္ဌ ဦးမျိုးထက်ဝင်းက စက်ရုံ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း ရှင်းတင်းတင်ပြကြပြီး စက်ရုံဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်များ ပေးအပ်ခဲ့ကြသည်။

ယင်းနောက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဌ မြို့တော်ဝန် သီရိပျံချီ ဦးကျော်ဆန်းတို့က ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ကြသည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဌ မြို့တော်ဝန်၊ တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက နို့နှင့် နို့ထွက်ပစ္စည်း စက်ရုံအတွင်း နွားနို့မှ နို့စိမ်းချက်လုပ်သည့် လုပ်ငန်း၊ နို့ဆီချက်လုပ်သည့် လုပ်ငန်း၊ နို့ဆီများ သံဗူးအတွင်း ထည့်သွင်းသည့်လုပ်ငန်းနှင့် နို့ဆီဗူး၊ နို့စိမ်းဗူးများအား စနစ်တကျပိုးသတ်ခြင်း၊ သန့်စင်ခြင်း၊ ပါကင်ထုပ်ပိုးခြင်း လုပ်ငန်းဆောင်ရွက်နေမှု များအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် နို့နှင့်နို့ထွက်ပစ္စည်းစက်ရုံ ထူထောင်ပေး ခြင်းဖြင့် မန္တလေးဒေသရှိ နွားမွေးမြူရေး လုပ်ငန်းဆောင်ရွက်နေသူများထံမှ စက်ရုံအတွက် လိုအပ်သည့် ကုန်ကြမ်းများအား ဝယ်ယူပေးနိုင်ပြီး နွားမွေးမြူသူများ၏ ဝင်ငွေတိုးပွားလာခြင်း၊ ဒေသခံလူငယ်လူရွယ် ၅၀ ဦးအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာခြင်း စသည့် အကျိုး ကျေးဇူးများ ရရှိခဲ့ပြီး ကုန်ထုတ်လုပ်မှုစွမ်းအားအနေဖြင့် နို့နှင့် နို့ထွက်ပစ္စည်းစက်ရုံမှ တစ်နေ့လျှင် နို့ဆီဘူး ၃၀၀၀၊ နို့စိမ်းဘူး ၃၀၀၀ ထုတ်လုပ်လျက်ရှိကာ ၂၀၀ ကီလိုဂရမ် နို့မှုန့်ထုတ်များ ထုတ်လုပ်နိုင်ရေး စမ်းသပ်လည်ပတ်လျက် ရှိသည်။ ယင်းစက်ရုံမှ စက်စွမ်းအားပြည့် လည်ပတ်ပြီး နို့ဆီ/ နို့စိမ်း/ နို့မှုန့်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး FDA ခွင့်ပြုချက် အမှတ် MM 22 M 01 00001 ကိုလည်း ရရှိထားပြီးဖြစ်ကြောင်း သိရှိရသည်။

ထိုမှတစ်ဆင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကြက်မောက်ကျေးရွာအုပ်စု၊ ကြက်မောက် ကျေးရွာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ (၃၉.၁၈) သန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့ ဆောင်ရွက် ခဲ့သော ကျေးရွာ () ရွာ၊ အိမ်ခြေ (၁၀၈၄) အိမ်၊ လူဦးရေ (၄၂၉၆) ဦး၊ လယ်ဧက (၂၀၀) နှင့် ယာဧက (၅၀၀) တို့အတွက် အကျိုးပြုစေမည့် ရဲဘော်-၂ဆည်နှင့် ပျူတွင်းဆည် ပြန်လည်ပြုပြင် ခြင်း၊ ရေပေးမြောင်း တူဖော်ခြင်းနှင့် Slab Culvert () စင်း တည်ဆောက်ခြင်း လုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ ကျေးရွာအလိုက် တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး စိုက်ပျိုးရေးဦးစီးဌာန၏ ဝါမျိုးစေ့နှင့် ဟင်းသီး ဟင်းရွက်မျိုးစေ့များကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သာစည်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေး ဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း (RBF) စီမံကိန်းရန်ပုံငွေဖြင့် ကြက်မောက်ကျေးရွာတွင် ဆိတ်မွေးမြူရေး၊ နွားမွေးမြူရေး ဆောင်ရွက်နေ သော မွေးမြူရေးအစုအဖွဲ့ () ဖွဲ့ အတွက် စီမံကိန်းရန်ပုံငွေကျပ် သိန်း (၃၀၀) အား ထောက်ပံ့ ပေးအပ်ခဲ့သည်။ ယင်းနောက်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် သင်တန်းတက်ရောက် အောင်မြင်ပြီး တစ်နိုင်တစ်ပိုင် စက်ချုပ်လုပ်ငန်းဆောင်ရွက်နေမှုနှင့် သင်တန်းများ ဆက်လက် ပို့ချနေမှုအားလည်းကောင်း ကြည့်ရှုစစ်ဆေးကာ ဒေသခံပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များ တင်ပြမှုအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm