Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဇီးကုန်းမြို့နယ်အတွင်းရှိ ဝါးခမောက်ကုန်ထုတ်သမဝါယမအသင်းများက ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု (OVOP)အဖြစ် ဝါးခမောက်များ ထုတ်လုပ်လျက်ရှိ


14 Dec,2022

ဇီးကုန်း၊ ဒီဇင်ဘာ  ၁၄

ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု (One Village One Product- OVOP) အဖြစ် ဝါးခမောက် ထုတ်လုပ်မှုလုပ်ငန်းကို ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ် ဝက်ကော်အောက်ရှမ်းစုကျေးရွာရှိ ဝေဠုဝါးခမောက်ကုန်ထုတ်သမဝါယမအသင်းလီမိတက်နှင့် ဝက်ကော်ရွာသစ်ကျေးရွာရှိ ဖြိုးမြန်မာ ဝါးခမောက်ကုန်ထုတ်သမဝါယမအသင်းလီမိတက်တို့က လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။

အသင်းများမှ ဝါးခမောက်ပြုလုပ်ရန်အတွက် လိုအပ်သည့် ကုန်ကြမ်းများဖြစ်သည့် ဝါးပလပ်၊ ဝါး၊ ချည်၊ ဖယောင်း၊ ပလတ်စတစ်၊ ဇာ၊ တံဆိပ်၊ ထိပ်သီးများကို ကနောင်၊ မြန်အောင်၊ ကြံခင်းနှင့် မင်းလှမြို့နယ်များမှ ရရှိသည်။ အသင်းများတွင် လက်ခစားအလုပ်သမားဦးရေ ၅၀ ဦးစီခန့်ထားပြီး တစ်လလျှင် ဝါးခမောက်အလုံးရေ ပျှမ်းမျှ ၁၂၀၀၀ မှ ၂၃၀၀၀ ထိ ထုတ်လုပ်နိုင်သည်။

ဝါးခမောက်ထုတ်လုပ်ရာတွင် အရွက်ပိုင်း၊ အဖူးပိုင်း၊ အရွက်နှင့် အဖူးဆက်သည့်အပိုင်း (၃) ပိုင်းပါဝင်သည်။ အရွက်ပိုင်းတွင် အရွက်ဖြတ်ခြင်းနှင့် အရွက်နှုတ်ခမ်း ကွပ်ခြင်း၊ အဖူးပိုင်းတွင် အဖူးကိုက်+တွဲခြင်း၊ အဖူးချုပ်/ဒုတ်စိုက်နှင့် နဘေထပ်ခြင်း၊ ဘေးပတ် တင်ခြင်း၊ ချည်ဂွေချုပ်ခြင်းနှင့် ကြာပိတ်ခြင်း၊ အရွက်နှင့်အဖူးဆက်သည့်အပိုင်းတွင် အဖူးဆက်ခြင်း၊ လိုက်ဂွေလိုက်ခြင်း၊ ဂွေပြား ကပ်ခြင်းတို့ပါဝင်ပြီး အများအားဖြင့် အဆင့်ပေါင်း (၁၀)ဆင့် ပါဝင်သည်။ ဇာခံအမျိုးအစားတွင် အရွက်နှုတ်ခမ်းပလတ်စတစ်ကွပ်ခြင်း၊ ဂွေပြားတွင် ပလတ်စတစ်အုပ်ပေးခြင်း၊ ဇာထည့်ခြင်း လုပ်ငန်းအဆင့်များလည်း ပါဝင်သည်။

ထွက်ရှိလာသည့်ဝါးခမောက်များမှာ အရည်အသွေးကောင်းမွန်ခြင်း၊ သစ်လွင်ကာ ပေါ်လွင်မှု ရှိခြင်း၊ ရာသီဥတုနှင့်ကိုက်ညီမှုရှိခြင်း၊ သဘာဝပစ္စည်းများဖြင့် ထုတ်လုပ်ထားခြင်းနှင့် ဈေးနှုန်း ချိုသာခြင်းများကြောင့် ဥတုသုံးပါးစလုံးသုံးစွဲနိုင်သည်။ ဝါးခမောက်များကို နေပြည်တော်၊ အောင်လံ၊ တောင်တွင်းကြီး၊ နတ်မောက်၊ ကျောက်ပန်းတောင်း၊ မိတ္ထီလာနှင့် ကျောက်ဆည်မြို့များသို့ တင်ပို့ ရောင်းချပြီး ပုဂ္ဂလိကတစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်း ကုန်ထုတ်လုပ်သူများမှလည်း ဖြန့်ဖြူး ရောင်းချလျက်ရှိသည်။  ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု (One Village One Product- OVOP)လုပ်ငန်းများကြောင့် ကျေးလက်နေပြည်သူများ ဝင်ငွေနှင့် အလုပ်အကိုင်အခွင့်အလန်း များရရှိစေပြီး လူမှုစီးပွားဘဝများ တိုးတက်လာစေရန် ရည်ရွယ်၍ သမဝါယမကဏ္ဍကဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm