Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး လယ်ဝေးမြို့နယ်နှင့် ပျဉ်းမနားမြို့နယ် လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်


13 Dec,2022

နေပြည်တော် ဒီဇင်ဘာ ၁၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်၊ ခရမ်းကိုင်းကျေးရွာ အုပ်စု၊ ဧက (၂၀၀) ရှင်းလင်းဆောင်တွင် တောင်သူလယ်သမားများ၊ ရေအသုံးချသူများအဖွဲ့ (Water User Group)၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံ၍ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်တွင် စားသုံးဆီများ ဖူလုံရေး ဆောင်ရွက် နေကြောင်း၊ နေကြာသီးနှံအား စနစ်တကျ စိုက်ပျိုးပြုစုဆောင်ရွက်မည်ဆိုပါက အထွက်နှုန်းတိုးနိုင်ပြီး စိုက်ပျိုးသူများ၏ ဂရုစိုက်မှုပေါ်မူတည်၍ အထွက်နှုန်းများ ကွာခြားနိုင်ကြောင်း၊ ဆီထွက်သီးနှံများ တိုးတက်စိုက်ပျိုးရေးအတွက် နိုင်ငံတော်မှ ရန်ပုံငွေများ ချထားပေးလျက်ရှိကြောင်း၊ လယ်ယာဖွံ့ဖြိုးရေး ဘဏ်တွင် စိုက်ပျိုးသည့် ဧကပေါ်မူတည်၍ ချေးငွေများ ချေးယူနိုင်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မျိုးကောင်းမျိုးသန့်ရရှိရေးကို စီမံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ သွင်းအားစုများ ရရှိရေးအတွက်လည်း ဆောင်ရွက်ပေးမှာဖြစ်သလို ထွက်ရှိလာသော သီးနှံများအားလည်း ပေါက်ဈေးအတိုင်း ပြန်လည်ဝယ်ယူ နိုင်ရေး စီစဉ်ပေးမှာဖြစ်ကြောင်း၊ အထက်ပါလုပ်ငန်းများ လုပ်ဆောင်ရာတွင် တောင်သူလယ်သမားများ အနေဖြင့် စိတ်သဘောထားတူသူများ စုပေါင်း၍ သမဝါယမအဖွဲ့အစည်းများ ဖွဲ့စည်းရန် လိုအပ်ကြောင်း၊ စုပေါင်းစိုက်ပျိုး၊ စုပေါင်းရောင်းချ၍ ဝင်ငွေများ ရရှိရုံသာမက Refund ငွေများ ပြန်လည်ရရှိရေးကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရရှိလာသော Refund ငွေများမှ (၈၀) ရာခိုင်နှုန်းကို တောင်သူအား ထပ်မံပေးအပ်မှာဖြစ်ပြီး (၂၀) ရာခိုင်နှုန်းအား သမဝါယမ အသင်းရန်ပုံငွေအဖြစ် စုဆောင်းထားရှိမှာ ဖြစ်ကြောင်း၊ စုဆောင်းထားရှိငွေ များပြားလာပါက အသင်းပိုင် လယ်လုပ်ကိရိယာ၊ စက်ကိရိယာ ပစ္စည်းများ၊ ရင်းနှီးမတည်ငွေများ ခိုင်မာလာမှာဖြစ်ကြောင်း၊ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပူးပေါင်း၍ ကျေးရွာများတွင် ဆိုင်ကယ်ပြင်သင်တန်း၊ ဆပ်ပြာရည်ပြုလုပ်နည်းသင်တန်း၊ စက်ချုပ်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ အသက်မွေးဝမ်းကျောင်း အတတ်ပညာအဖြစ် မိမိတို့ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်၍ ရရှိနိုင်ကြောင်း အကျယ်တဝင့် ရှင်းလင်းမှာကြားခဲ့ပါသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးမှ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါး ရိတ်သိမ်းပြီးစီးမှု အခြေအနေနှင့် ဆောင်းသီးနှံများ စိုက်ပျိုးဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသော တောင်သူလယ်သမား များမှ အဆင့်မြင့်လယ်ယာ ဖော်ထုတ်ရေး၊ ကုန်ထုတ်လမ်းရရှိရေး၊ ကုန်ထုတ်လမ်းတံတား တည်ဆောက် ပေးရေးလုပ်ငန်းများ တင်ပြချက်အပေါ် ညွှန်ကြားရေးမှူးချုပ်များက ဖြည့်စွက်တင်ပြကြပြီး ပြည်ထောင်စု ဝန်ကြီးက ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

အခမ်းအနားသို့ တက်ရောက်လာသော တောင်သူလယ်သမားများအား နေကြာမျိုးကောင်း မျိုးသန့်မျိုးစေ့များကို ပြည်ထောင်စုဝန်ကြီးက ပေးအပ်ခဲ့ပြီး စက်ဖြင့် နေကြာစိုက်ပျိုးခြင်း၊ စက်ဖြင့် မတ်ပဲ စိုက်ပျိုးခြင်း၊ စက်ဖြင့် ကောက်ရိုးထုံးခြင်း၊ Sub Soiler ဖြင့် မြေပြုပြင်ခြင်း လုပ်ငန်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပျဉ်းမနားမြို့နယ်၊ ဇောင်ချမ်းကုန်းကျေးရွာ၌ ဆောင်းသီးနှံနေကြာ စိုက်ပျိုးထားသော ဆိုလာစွမ်းအင်သုံး စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူ များက ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်း တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပြည်ပမှစားသုံးဆီတင်သွင်းမှု လျှော့ချရန်အတွက် ဆီထွက်သီးနှံ နေကြာ တိုးချဲ့စိုက်ပျိုးရန် နိုင်ငံတော်ဝန်ကြီးချုပ်က မူဝါဒလမ်းညွှန်ထားပြီး သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် မျိုးစေ့ထုတ် တောင်သူများထံမှ အရည်အသွေးမီ မျိုးစေ့များကို ပြန်လည်စိုက်ပျိုးမည့် တောင်သူများ စနစ်တကျ ဝယ်ယူစိုက်ပျိုးနိုင်ရေး သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့မှ ပူးပေါင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ လိုအပ်သော စိုက်ပျိုးရေရရှိရေးအတွက် ဆည်မြောင်းနှင့် ရေအသုံးချရေး စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ဆိုလာအသေးစားစနစ် ရေတင်စီမံကိန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စီမံကိန်းလုပ်ငန်းများ အောင်မြင်အောင် ဌာနဆိုင်ရာ ဝန်ထမ်းများမှ တောင်သူများ တတ်သိနားလည်အောင် စည်းရုံးဆွေးနွေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လိုအပ်သော နည်းပညာနှင့် ဝန်ဆောင်မှုများကို ပူးပေါင်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ စီမံကိန်း အောင်မြင်ပြီး ပြည်သူများ စီးပွားရေးတွက်ချေကိုက်ပါက နောင်နှစ်များတွင် တောင်သူများမှ တိုးချဲ့စိုက်ပျိုး လာမည်ဖြစ်ကြောင်း ပြောကြားပြီး  ကျေးရွာသူကျေးရွာသားများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့်အဖွဲ့သည် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက် ထားရှိသည့် ကွင်းအမှတ် (၁၆၇၇) ၌ နေကြာစိုက်ဧက (၃၅၃) ဧကအား ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေ ရရှိရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေရှည်ထိန်းသိမ်းရေး၊ ဌာနများနှင့် တောင်သူအစုအဖွဲ့များ တာဝန်ခွဲဝေ သတ်မှတ်ဆောင်ရွက်ရေးနှင့် စိုက်ပျိုးရာသီအမှီ ရေပေးဝေနိုင်ရေး အတွက် ဒီဇင်ဘာလကုန်အပြီး ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် မြန်မာတစ်နိုင်ငံအတွင်း ဆောင်းသီးနှံ နေကြာအပါအဝင် ဆီထွက်သီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် မြေအောက်ရေ စက်ရေတွင်းပေါင်း ၂၈ တွင်း၊ မြေပေါ်ရေ မြစ်၊ ချောင်း၊ မြောင်းတို့မှ ဆိုလာရေတင်စနစ် လုပ်ငန်းပေါင်း ၉၆ ခုဖြင့် စိုက်ပျိုးရေရရှိရေး လုပ်ငန်းများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပေးသွား မည်ဖြစ်ပြီး ကျေးရွာပေါင်း ၆၈ ရွာနှင့် စိုက်ပျိုးဧက ၃၅၀၀ အတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း သိရှိရပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm