Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်အတွင်း ဆောင်ရွက်နေသော ကျေးရွာချင်းဆက်လမ်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်‌ဆေး


02 Dec,2022

နေပြည်တော် ဒီဇင်ဘာ ၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသော ကျေးရွာ ချင်းဆက်လမ်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

‌          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးရွာနှစ်ရွာ၊ အကျိုးပြု အိမ်ခြေ ၂၆၇ အိမ်၊ အကျိုးပြုလူဦးရေ ၁၀၄၄ ဦးနှင့် စိုက်ပျိုးမြေဧက ၇၂၀ ကျော်မှထွက်ရှိ‌သော လယ်ယာထုတ်ကုန်စီးဆင်းမှုများအတွက် အထောက်အကူဖြစ်စေမည့် ပြင်ဦးလွင်မြို့နယ် နောင်လှိုင်-ပင်တီးကျေးရွာချင်းဆက်လမ်း အရှည် တစ်မိုင်ငါးဖာလုံ ကတ္ကရာခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိကြည့်ရှုစစ်ဆေးရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အရည်အသွေး ပြည့်မီစွာ အချိန်မီပြီးစီးရေး မှာကြားပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အင်းယားကျေးရွာအုပ်စု၊ ကြီးကိုင်ကျေးရွာ သို့ရောက်ရှိကာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက‌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း VDP ထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာနေပြည်သူထည့်ဝင်မှုတို့ဖြင့် ကျေးရွာတွင်းလမ်း အရှည် ၂၄၅၅ ပေ၊ အကျယ် ၁၄ ပေ၊ အမြင့် ကိုးလက်မထု ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးမှုအခြေအနေများ ကြည့်ရှုစစ်ဆေးပြီး ကျေးရွာသူ ကျေးရွာသားများ၊ ရပ်မိရပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ကျေးရွာသူကျေးရွာသားများအနေဖြင့် မိမိတို့၏ ကျေးရွာလိုအပ်ချက်များကို ရင်းနှီးပွင့်လင်းစွာ တင်ပြစေလိုကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးနိုင်သည့် လုပ်ငန်းများကို ချက်ချင်းဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အခြားဝန်ကြီးဌာနများမှ ဆောင်ရွက်ပေးရမည့် လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ ပေါင်းစပ်ကာ စံပြကျေးရွာများ ဖြစ်ပေါ်လာစေရေး၊ ကျေးရွာ၏ အခြေခံအဆောက်အအုံ လိုအပ်ချက်များ၊  စီးပွားရေးလိုအပ်ချက်များကို တတ်နိုင်သမျှ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားပါသည်။ ဆက်လက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မန္တလေးတိုင်းဒေသကြီးဦးစီးမှူးက ပြင်ဦးလွင်မြို့နယ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်နေမှုအခြေအနေအားလည်းကောင်း၊ ကျေးရွာသူ ကျေးရွာသား များက ကျေးရွာတွင်ဆောင်ရွက်လိုသည့် လုပ်ငန်းများအားလည်းကောင်း တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက  တင်ပြချက်များအပေါ် လိုအပ်သည်များ  ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကြီးကိုင်ကျေးရွာ အခြေခံပညာမူလတန်း ကျောင်းသို့ရောက်ရှိပြီး ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ  ရင်းရင်းနှီးနှီး တွေ့ဆုံကာ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm