Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မန္တလေးတိုင်းဒေသကြီးအတွင်း နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်


30 Nov,2022

နေပြည်တော် နိုဝင်ဘာ ၂၉

          နိုင်ငံ၏ စီးပွားရေးအခြေအနေကောင်းများ ဖန်တီးနိုင်မှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဟု နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်နှင့်အညီ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် စပါးနှင့် ပဲတီစိမ်း စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ လိုက်ပါလျက် မန္တလေးတိုင်း‌ဒေသကြီး အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

ရှေးဦးစွာပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနရုံးသို့ ရောက်ရှိပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကို၊ တာဝန်ရှိသူများ နှင့် တွေ့ဆုံကာ မန္တလေးတိုင်း ဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက် မည့် စပါးနှင့် ပဲတီစိမ်းစိုက်ပျိုး ထုတ်လုပ်မှုဆိုင်ရာများ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးဌာနအစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တာဝန်ရှိသူများ၊ ဒေသခံလုပ်ငန်းရှင် များ၊ တောင်သူများနှင့်တွေ့ဆုံ၍  နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ပဲတီစိမ်းနှင့် နွေစပါးစီမံကိန်းများ၊ လုပ်ငန်းများ အောင်မြင်စွာ အကောင် အထည် ဖော်ဆောင်ရွက်နိုင်ရေးဆွေး‌နွေးခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးရာမှာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ လယ်ယာစိုက်ပျိုး ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ပြည်ပဈေးကွက်ဝင်သော စပါးနှင့် ပဲတီစိမ်း စိုက်ပျိုးသည့် တောင်သူများအတွက် လိုအပ်လျက်ရှိတဲ့ သွင်းအားစုများကို ၁% ဝန်ဆောင်မှုစရိတ် ဖြင့် ငွေမချေးဘဲ မြေဩဇာနှင့် ပိုးသတ်ဆေးရရှိရေး ဆောင်ရွက်ပေးခြင်း၊ မြေဩဇာတန်ဖိုးနှင့် ညီမျှသော စပါးနှင့် ပဲတီစိမ်းများအား တောင်သူများမှ ပေါက်ဈေးနှင့်အညီ ပြန်လည်ရောင်းချ ပေးဆပ်ခြင်း၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ကြွေးကျန်ရှိသည့် တောင်သူများအနေဖြင့် ကြွေးကျန်ပမာဏ၏ ၂၅ % အပါအဝင် မြေဩဇာတန်ဖိုးနှင့်ညီမျှသော စပါးနှင့်ပဲတီစိမ်းများအား ပေါက်ဈေးနှင့်အညီ ပြန်လည်ရောင်းချ ပေးဆပ်ခြင်း၊ တောင်သူများ၏ လက်ဝယ်သို့ သွင်းအားစုများ သတ်မှတ်အချိန်မီအတွင်း အချိန်မီ ရောက်ရှိအသုံးပြုနိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာဝန်ကြီးဌာန များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့များက ကြီးကြပ်ဆောင်ရွက်ခြင်းနှင့် မြေဩဇာ၊ ပိုးသတ်ဆေးနှင့် ဝန်ဆောင်ခ (၁)% ငွေများအား မပျောက်ပျက်၊ မဆုံးရှုံးအောင် စနစ်တကျ စီမံဆောင်ရွက်ခြင်း လုပ်ငန်းစဉ်တို့ကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တောင်သူများအနေဖြင့်လည်း အမှန်တကယ် ဆောင်ရွက်ချင်စိတ်ရှိရန် အထွက်တိုးအောင်မြင်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်း စဉ်များကို ကြိုးစားပြီး လိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။

          ယင်းသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုဝန်ကြီးဌာနများအနေဖြင့် အရည်အသွေး၊ စံချိန် စံညွှန်းပြည့်မီပြီး ဈေးနှုန်းသက်သာသည့် သွင်းအားစုများ စိုက်ပျိုးချိန်အမီ ရောက်ရှိစေရေး အစုအဖွဲ့များနှင့် ချိတ်ဆက်ကြီးကြပ်ဆောင်ရွက်ခြင်း၊ ထွက်ရှိလာသော စပါးနှင့်ပဲတီစိမ်းများ ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူရောင်းချနိုင်ရေး စပါးနှင့်ပဲတီစိမ်း ဝယ်ယူမည့် အစုအဖွဲ့များနှင့် ညှိနှိုင်းချိတ်ဆက် ကြီးကြပ်ဆောင်ရွက်ခြင်းနှင့် ဆုံးရှုံးမှုမရှိအောင် ကြီးကြပ်ခြင်းတို့ကို တာဝန်ယူ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

          တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များအနေဖြင့်လည်း အမှန်တကယ်စိုက်ပျိုးမည့် တောင်သူများနှင့် လုပ်ငန်းရှင်များ စိစစ်ရွေးချယ်ခြင်း၊ တောင်သူများ လိုအပ်သော သွင်းအားစုများ ဖြန့်ဖြူးနိုင်ရေး တာဝန်ယူကြီးကြပ်ဆောင်ရွက်ခြင်း၊ တောင်သူများထံမှ သီးနှံများကို ကာလ ပေါက်ဈေးအတိုင်း ဝယ်ယူနိုင်ရေး ကြီးကြပ်ဆောင်ရွက်ခြင်း၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ကြွေးကျန်များ ပြန်လည်ကောက်ယူရရှိနိုင်ရေး ကြီးကြပ်ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ သက်ဆိုင် သူအားလုံးတို့က ကျရာကဏ္ဍများမှ ညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်သွားခြင်းဖြင့် မိမိတို့အတူတကွ အောင်မြင်အောင် ဆောင်ရွက်သွားကြရန် လိုအပ်မည် ဖြစ်ကြောင်း တွေ့ဆုံဆွေးနွေးပြောကြား ခဲ့သည်။

          ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က မန္တလေးတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေမှုများ၊ စိုက်ပျိုးရေးအနေဖြင့် ဆောင်းပဲတီစိမ်းဧက (၂၀၀၀၀)ခန့်၊ နွေစပါးစိုက်ဧက(၈၀၀၀၀)ကျော် လျာထားဆောင်ရွက်နေပါကြောင်း၊ အမှန်တကယ် ဆောင်ရွက်နိုင်သည့် စီမံကိန်းဧရိယာရွေးချယ်နိုင်ရေး၊ ချေးငွေများ ဆုံးရှုံးမှုမရှိစေရေး၊ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်ချေးငွေများ ပြန်လည်ရရှိရေး ဆောင်ရွက်မည့် အစီအမံများနှင့် အစိုးရအဖွဲ့မှ စီမံကိန်း အောင်မြင်ရေးအတွက် တာဝန်ယူကြီးကြပ် ဆောင်ရွက်မည့် ကိစ္စရပ်များအား ပြန်လည် ဆွေးနွေးပါသည်။ ဆက်လက်ပြီး တက်ရောက်လာသော ဒေသခံလုပ်ငန်းရှင်များ၊  တောင်သူများနှင့် သမဝါယမအသင်းများ၏ မေးမြန်းချက်များကို  သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ စိုက်ပျိုးရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊  ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ဆက်လက် ဆောက်ရွက်မည့် အစီအစဉ်များကို ပြန်လည်ရှင်းလင်းတင်ပြ‌ ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အာဆီယံအပေါင်းသုံးအရေးပေါ် အရန်ဆန်ရိက္ခာ အစီအစဉ်-၃ အရ APTERR ကောင်စီ၏ အစီအစဉ်ဖြင့် အလှူရှင်နိုင်ငံများဖြစ်သော ဂျပန်နှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ ပေးပို့လှူဒါန်းသည့် ဆန်များအနက် မန္တလေးတိုင်းဒေသကြီးပြည်သူများ အတွက် ဆန်တန်ချိန် (၅၀)အား တိုင်းဒေသကြီးဝန်ကြီးချုပ်သို့ လွှဲပြောင်းပေး အပ်ခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဂရိတ်ဝေါလ်ကုမ္ပဏီ၏ တစ်သျှူးကာချာလ် မျိုးပွားအလုပ်ရုံသို့ ရောက်ရှိကာ လယ်ယာသစ်တောနှင့် မျိုးစေ့ထုတ်လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ လယ်ယာသီးနှံ သစ်တောရောနှောစိုက်ခင်း၊ အဲဗားဂရင်းမြက်နှင့် ကြီးမြန် ပြည်လုံး ချမ်းသာ ရောနှောစိုက်ခင်း၊ အစေ့လွတ် အရသာကောင်း မျိုးသန့်ပျားလိမ္မော်ပင်များ စမ်းသပ် စိုက်ပျိုးထားမှု အခြေအနေများ၊ အဲဗားဂရင်းမြက်အား မွေးမြူရေးအစာအဖြစ်အသုံးပြု၍ နွား မွေးမြူထားရှိမှု အခြေအနေများကို ကြည့်ရှု့လေ့လာ၍ ကုမ္ပဏီမှ တောင်သူများကို ဈေးကွက်ဝင်ပြီး အထွက်တိုး မျိုးစေ့များ၊ ပျိုးပင်များ ပံ့ပိုးနိုင်ရေးနှင့် နည်းပညာများ ပေါင်းစပ်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်ကြီးမြို့နယ်ရှိ သမဝါယမကောလိပ် (မန္တလေး)သို့ ရှောက်ရှိကြည့်ရှုစစ်ဆေးရာ ကျောင်းအုပ်ဆရာမကြီးမှ သင်တန်းများဖွင့်လှစ်သင်ကြား ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးဟာအရေးကြီးပါကြောင်း၊ ပျော်ရွှင်အေးချမ်းစွာ ပညာသင်ကြားကြပြီး စာကြိုးစား ကြရန်မှာကြားလိုပါကြောင်း၊ ကောလိပ်၏ ဂုဏ်ကို ဆောင်နိုင် သည့် စည်းကမ်းရှိသော ကျောင်းသား ကျောင်းသူများ၊ နိုင်ငံ့သားကောင်းရတနာများ ဖြစ်အောင် ကြိုးစားကြရန် လိုအပ်ကြောင်း ဆွေးနွေး မှာကြားခဲ့ပြီး ဆရာဆရာများ၊ ကျောင်းသားကျောင်းသူ များ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm