Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ဧရာဝတီတိုင်းဒေသကြီးအတွင်း နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်


23 Nov,2022

နေပြည်တော် နိုဝင်ဘာ ၂၂

          နိုင်ငံ၏ စီးပွားရေးအခြေအနေကောင်းများ ဖန်တီးနိုင်မှသာလျှင် နိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဟု နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်နှင့်အညီ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် စပါးနှင့် ပဲတီစိမ်း စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဧရာဝတီတိုင်း‌ဒေသကြီး အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးသို့ ရောက်ရှိပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ဧရာဝတီတိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စပါးနှင့် ပဲတီစိမ်း စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာများ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး ဦးလှမိုး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) တွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ တာဝန်ရှိသူများ၊ ဒေသခံလုပ်ငန်းရှင်များ၊ စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သော တောင်သူများနှင့်တွေ့ဆုံ၍  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ပဲတီစိမ်းနှင့် နွေစပါးစီမံကိန်းများ၊ လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေး ဆွေး‌နွေးခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးရာမှာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ လယ်ယာစိုက်ပျိုး ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် စပါးနှင့် ပဲတီစိမ်းစိုက်ပျိုးသော တောင်သူများ အတွက် လိုအပ်လျက်ရှိသော သွင်းအားစုများကို ၁% ဝန်ဆောင်မှုစရိတ်ဖြင့် ငွေမချေးဘဲ မြေဩဇာနှင့် ပိုးသတ်ဆေးရရှိရေး ဆောင်ရွက်ပေးခြင်း၊ မြေဩဇာတန်ဖိုးနှင့် ညီမျှသော စပါးနှင့် ပဲတီစိမ်းများအား တောင်သူများမှ ပေါက်ဈေးနှင့်အညီ ပြန်လည်ရောင်းချ ပေးဆပ်ခြင်း၊ လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ကြွေးကျန်ရှိသည့် တောင်သူများအနေဖြင့် ကြွေးကျန်ပမာဏ၏ ၂၅ % အပါအဝင် မြေဩဇာတန်ဖိုးနှင့်ညီမျှသော စပါးနှင့်ပဲတီစိမ်းများအား ပေါက်ဈေးနှင့်အညီ ပြန်လည်ရောင်းချ ပေးဆပ်ခြင်း၊ တောင်သူများ၏ လက်ဝယ်သို့ သွင်းအားစုများ သတ်မှတ်အချိန်မီအတွင်း အချိန်မီ ရောက်ရှိအသုံးပြုနိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့များက ကြီးကြပ်ဆောင်ရွက်ခြင်းနှင့် မြေဩဇာ၊ ပိုးသတ်ဆေးနှင့် ဝန်ဆောင်ခ (၁)% ငွေများအား မပျောက်ပျက်၊ မဆုံးရှုံးအောင် စနစ်တကျ စီမံဆောင်ရွက်ခြင်း လုပ်ငန်းစဉ်တို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တောင်သူများအနေဖြင့်လည်း အမှန်တကယ်ဆောင်ရွက် ချင်စိတ်ရှိရန် အထွက်တိုးအောင်မြင်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများကို ကြိုးစားပြီး လိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။

          ယင်းသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုဝန်ကြီးဌာနများအနေဖြင့် အရည်အသွေး၊ စံချိန် စံညွှန်းပြည့်မီပြီး ဈေးနှုန်းသက်သာသည့် သွင်းအားစုများ စိုက်ပျိုးချိန်အမီ ရောက်ရှိစေရေး အစုအဖွဲ့များနှင့် ချိတ်ဆက်ကြီးကြပ်ဆောင်ရွက်ခြင်း၊ ထွက်ရှိလာသော စပါးနှင့်ပဲတီစိမ်းများ ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူရောင်းချနိုင်ရေး စပါးနှင့်ပဲတီစိမ်း ဝယ်ယူမည့် အစုအဖွဲ့များနှင့် ညှိနှိုင်းချိတ်ဆက် ကြီးကြပ်ဆောင်ရွက်ခြင်းနှင့် ဆုံးရှုံးမှုမရှိအောင် ကြီးကြပ်ခြင်းတို့ကို တာဝန်ယူ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

          တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များအနေဖြင့်လည်း အမှန်တကယ်စိုက်ပျိုးမည့် တောင်သူများနှင့် အမှန်တကယ်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းရှင်များ စိစစ်ရွေးချယ်ခြင်း၊ စပါးနှင့်ပဲတီစိမ်း အမှန်တကယ်စိုက်ပျိုးသည့် တောင်သူများလက်ဝယ် လိုအပ်သောသွင်းအားစုများ ဖြန့်ဖြူးနိုင်ရေး တာဝန်ယူကြီးကြပ်ဆောင်ရွက်ခြင်း၊ တောင်သူပညာပေးလုပ်ငန်းများ ဆောင်ရွက် ခြင်း၊ တောင်သူများထံမှ ချေးငွေပမာဏအပါအဝင် ဝန်ဆောင်မှုစရိတ် ၁ % နှင့်ညီမျှသော သီးနှံများကို ကာလပေါက်ဈေးအတိုင်း ဝယ်ယူနိုင်ရေး ကြီးကြပ်ဆောင်ရွက်ခြင်း၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ကြွေးကျန်ရှိသည့် တောင်သူများအား ကြွေးကျန် ပမာဏ၏ ၂၅ % အပါအဝင် မြေဩဇာတန်ဖိုးနှင့်ညီမျှသော စပါးနှင့်ပဲတီစိမ်းများ ပေါက်ဈေးနှင့်အညီ ပြန်လည်ရောင်းချပေးဆပ် နိုင်ရေး ကြီးကြပ်ဆောင်ရွက်ခြင်းနှင့် ဆုံးရှုံးမှု မရှိအောင် ကြီးကြပ်ခြင်းတို့ကို တာဝန်ယူ ဆောင်ရွက် ပေးသွားရမည် ဖြစ်ပါကြောင်း၊ သက်ဆိုင်သူအားလုံးတို့က ကျရာကဏ္ဍများမှ ညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်သွားခြင်းဖြင့် မိမိတို့အတူတကွ အောင်မြင်အောင် ဆောင်ရွက်သွားကြရန် လိုအပ်မည် ဖြစ်ကြောင်း တွေ့ဆုံဆွေးနွေးပြောကြားခဲ့သည်။

          ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ပျိုး/မွေးမြူရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေမှုအနေဖြင့် ပဲတီစိမ်းဧက ၁ ဒသမ ၅ သိန်းခန့်၊ နွေစပါးစိုက်ဧက ၄ သိန်းခန့် လျာထားဆောင်ရွက်နေပါကြောင်း၊ စီမံကိန်းအောင်မြင်ရေး၊ ချေးငွေများ ဆုံးရှုံးမှုမရှိစေရေး၊ လယ်ယာဖွံ့ဖြိုးရေးဘဏ် ချေးငွေများ ပြန်လည်ရရှိရေး ဆောင်ရွက် မည့် အစီအမံများနှင့် အစိုးရအဖွဲ့မှ စီမံကိန်းအောင်မြင်ရေးအတွက် တာဝန်ယူကြီးကြပ် ဆောင်ရွက် မည့် ကိစ္စရပ်များအား ပြန်လည်ဆွေးနွေးပါသည်။ ဆက်လက်ပြီး တက်ရောက်လာသော တောင်သူများ၊ ဒေသခံလုပ်ငန်းရှင်များနှင့် တောင်သူများ၏ မေးမြန်းချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြပါသည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ ကွင်းလျားကြီး ကျေးရွာတွင် ကျင်းပပြုလုပ်သော နေကြာမျိုးစေ့ချပွဲအား တက်ရောက်အားပေးခဲ့ပြီး နိုင်ငံခြားငွေ သုံးစွဲပြီး စားသုံးဆီတင်သွင်းနေရတာဖြစ်တာကြောင့် သွင်းကုန်အစားထိုး ဆီထွက်သီးနှံတိုးချဲ့ စိုက်ပျိုးထုတ်လုပ်ရေးကို နိုင်ငံတော်မှ မူဝါဒချမှတ် အားပေးဆောင်ရွက်နေကြောင်း၊ တာဝန်ရှိသူများ နှင့် တောင်သူများမှ အောင်မြင်အောင်ဆောင်ရွက်ရန်ကြရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြား ခဲ့ပါသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်တုန်းမြို့၊ မြို့တော်ခန်းမ၌ ဌာန ဆိုင်ရာဝန်ထမ်းများ၊ တာဝန်ရှိသူများ၊ ဒေသခံလုပ်ငန်းရှင်များ၊ စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သော တောင်သူများနှင့် တွေ့ဆုံ၍  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ပဲတီစိမ်းနှင့် နွေစပါး စီမံကိန်းများ၊ လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး  ဆောင်ရွက် မည့် လုပ်ငန်းစဉ်များ ဆွေး‌နွေးခဲ့ပြီး တာဝန်ရှိသူများနှင့် တောင်သူများမှ ကျရာတာဝန်များ ကျေပွန်စွာ ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm