Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုးစပါးစံပြကွက်များ အောင်မြင်စွာရိတ်သိမ်းခဲ့ပြီး တစ်ဧက စပါးတင်း (၁၄၀)ကျော်ထွက်ရှိ


16 Nov,2022

နေပြည်တော် နိုဝင်ဘာ ၁၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက စိုက်ပျိုးရေးအခြေခံ ခေတ်မီစံပြကျေးရွာ အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသော နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်း မြို့နယ်၊ ဂွေးပင်စံပြကျေးရွာတွင် စိုက်ပျိုးပေးထားသည့် ဂရိတ်ဝေါတူမောရိုး စိုက်ပျိုးရေးကုမ္ပဏီ လီမိတက်၏ GW-11 စပါးမျိုး စံပြစိုက်ကွက် ရိတ်သိမ်းနေမှုအား သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ် ဦးအောင်သူရ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

အဆိုပါစံပြကျေးရွာတွင် စံပြဂွေးပင်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းသားများဖြစ်ကြသည့် ဦးချစ်ကို၏ လယ်(၂)ဧက၊ ဦးတင်ရှိန်၏ လယ်(၁.၄၅) ဧက၊ ဒေါ်ခင်မြင့်ရွှေ၏ လယ်(၁.၂၅)ဧက၊ ဒေါ်အေးသန်း၏ လယ်(၁)ဧကနှင့် ဦးတင်အောင်၏ လယ်(၁.၃၅)ဧက၊ စုစုပေါင်း လယ်မြေ (၇.၀၅) ဧကတွင် အစေ့ချ(စီဒါ)စနစ်၊ ကြဲပက်စနစ်နှင့် ပျိုးထောင်စနစ်တို့ဖြင့် GW-11 စပါးမျိုးများ စိုက်ပျိုးခဲ့ပြီး ယနေ့ရိတ်သိမ်းခြွေလှေ့ခဲ့ရာ ပျိုးထောင် စနစ်တွင် တစ်ဧက စပါးတင်း (၁၄၀) ကျော်၊ အစေ့ချနှင့် ကြဲပက်စနစ်များတွင် တစ်ဧက စပါးတင်း (၉၇) တင်းခန့် ထွက်ရှိခဲ့သည်။

ဆက်လက်၍ စံပြဂွေးပင်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း၏ လုပ်ငန်း ဆောင်တာများတွင် သွားလာအသုံးပြုနိုင်ရန်အတွက် သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက စက်ဘီး (၅) စီး ထောက်ပံ့ပေးအပ်ရာ အသင်းသားတောင်သူတစ်ဦးက လက်ခံရယူ ခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးမြင့်စိုးက စနစ်ကျလယ်ယာမြေ ဆက်လက်ဖော်ထုတ်ရန် ကျန်ရှိနေသော ကွင်းအမှတ် ၂၀၄၄ ၏ လယ်မြေ ၇၈.၉ ဧကအား ဆက်လက်ဖော်ထုတ်ပေးနိုင်ရေး၊ စပါးရိတ်သိမ်းပြီးပါက နေကြာသီးနှံ ဆက်လက်စိုက်ပျိုးရေး၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ခေတ်မီစံပြကျေးရွာ စီမံကိန်းလုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။ ဆက်လက်၍ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက သမဝါယမကန်ထရိုက်လယ်ယာစနစ်၏ အကျိုးကျေးဇူးများနှင့် စပါးရောင်းချချိန်တွင် အသင်းသား များ ပြန်လည်ရရှိမည့် Refund စနစ်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာအုပ်စုရှိ ကျောက်စိမ်း လယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းပိုင် ဆီကြိတ်ခွဲစက်အား ကြည့်ရှုစစ်ဆေးရာ အသင်းဥက္ကဋ္ဌက လုပ်ငန်းဆောင်ရွက်နေမှုများ တင်ပြခြင်းအပေါ် ဒုတိယဝန်ကြီး က ဆီစက်အတွက် ကုန်ကြမ်းများ စဉ်ဆက်မပြတ်ရရှိရေး၊ အရည်အသွေး ပြည့်မီစွာ ကြိတ်ခွဲနိုင်ရေး နှင့် ကြိတ်ခွဲပြီးဆီများ ဖြန့်ဖြူးနိုင်ရေးတို့ကို ဆွေးနွေးမှာကြားခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ နွယ်ရစ်ကျေးရွာအုပ်စု၊ နွယ်ရစ် ကျေးရွာရှိ စိန်ပန်းနွယ် လယ်ယာနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ အသင်းသား တောင်သူများနှင့်တွေ့ဆုံကာ ဒုတိယဝန်ကြီးက စိုက်ခင်းများမှ ထွက်ရှိလာသော ငရုတ်၊ ခရမ်းချဉ် သီးနှံများအား တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်နိုင်ရေးအတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ရေး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ နွယ်ရစ်-ဇရပ်ကြီးကုန်း ကျေးရွာချင်းဆက်လမ်း ဖောက်လုပ် ပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးမှာကြားခဲ့ပြီး အသင်းသားတောင်သူများ စိုက်ပျိုးထားသော ငရုတ်ခင်း၊ ပန်းမုန်လာခင်း၊ မုန်လာစိမ်း၊ ခရမ်းသီးခင်းနှင့် ငရုတ်ခူးဆွတ်နေမှုအား အားပေးကြည့်ရှုခဲ့သည်။

ယခုနှစ်တွင် ငရုတ်ဈေးကောင်းရသဖြင့် ငရုတ်အပင် ၂၄၀ စိုက်ပျိုးထားသော စိုက်ခင်းမှ ငွေကျပ် ၃၅ သိန်းခန့် ရရှိပြီးဖြစ်ကြောင်း အသင်သားတောင်သူတစ်ဦးထံမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm