Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တစ်ဦးချင်း၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုမှဒေသနှင့် တိုင်းပြည်သည်လည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမည်


12 Oct,2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ပြည်ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေမှုတွင် MSME လုပ်ငန်းသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့်ကဏ္ဍတွင်ပါဝင်ပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် အဓိက စီးပွားရေး မောင်းနှင်အား တစ်ခုပင်ဖြစ်ကြောင်း၊ အခြားဖွံ့ဖြိုးဆဲနိုင်ငံများ နှင့်ဖွံ့ဖြိုးပြီး နိုင်ငံများတွင်လည်း MSME လုပ်ငန်းများကို ရာခိုင်နှုန်းများစွာ ဆောင်ရွက်နေကြသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊

ကုန်ထုတ်လုပ်မှု ဆောင်ရွက်ရန်အတွက် ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနှင့် လူသား အရင်းအမြစ်ကောင်းတို့ လိုအပ်ကြောင်း၊ စီးပွားရေးလုပ်ငန်းလည်ပတ်ရန် အတွက် ကုန်ထုတ်လုပ်မှုများ မဖြစ်မနေလိုအပ်သကဲ့သို့ ထုတ်လုပ်မှုလုပ်ငန်း ဆောင်ရွက်ရန်အတွက် ကုန်ကြမ်းသည်လည်း မဖြစ်မနေ လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မြေပေါ်မြေ အောက်သယံဇာတ ပစ္စည်းများမှ ကုန်ကြမ်း ပစ္စည်းများများစွာ ရရှိနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအတွက် သွင်းအားစုများဖြစ်သည့် မြေဩဇာ၊ တိရစ္ဆာန်အစားအစာ၊ စက်သုံးဆီ၊ လျှပ်စစ်နှင့် အခြားသွင်းအားစုများလည်း လိုအပ်ကြောင်း။

စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် မြေဩဇာများရရှိရေး မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများကို ဇီဝမြေဩဇာအဖြစ် အသုံးပြုနိုင်သကဲ့သို့ ပိုက်ဆံလျှော်များ စိုက်ပျိုး၍လည်း သဘာဝမြေဩဇာအဖြစ် အသုံးပြုနိုင်ကြောင်း၊ နို့စားနွားများကို စနစ်တကျ မွေးမြူခြင်းဖြင့်လည်း နို့ထွက်ပစ္စည်းကိုအခြေခံသည့် ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ကြောင်း၊ ဒေသထွက်ပစ္စည်းကို အခြေခံသည့် ကုန်ထုတ်လုပ်မှုတွင် မွေးမြူရေးလုပ်ငန်းကို အခြေခံပြီး ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များကို ဒေသတွင်းတွင်သာမက ပြင်ပသို့လည်း တင်ပို့ရောင်းချခြင်းဖြင့် စီးပွားရေးပိုမိုတိုးတက်လာမည် ဖြစ်ကြောင်း၊

စားသုံးဆီများထုတ်လုပ်ရာတွင်လည်း ဆီထုတ်လုပ်မှုများကို ခေတ်မီစက်ကိရိယာများနှင့် နည်းပညာများကို အသုံးပြု၍ အရည်အသွေး ပြည့်မီသည့် ဆီများထုတ်လုပ်ပြီး စွန့်ပစ်ပစ္စည်းများကိုလည်း တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အရင်းအနှီး လိုအပ်သည့် အတွက် မိမိတို့တတ်နိုင်သည့် ပမာဏပေါ်တွင်သာ အခြေတည်၍ ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း တတ်နိုင်သမျှ ရင်းနှီး မတည်ငွေများ ထုတ်ချေးပေးမည်ဖြစ်ကြောင်း၊ ယခုအခါ မိမိတို့နိုင်ငံ၏စီးပွားရေးမှာ ပြန်လည်ဦးမော့လာပြီ ဖြစ်သည့်အတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းများကို ဆောင်ရွက်ရာ၌ အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဖြစ်ပေါ်ပါက ချေးငွေများ ထုတ်ချေးနိုင်ရေး နိုင်ငံတော်မှ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း။

ထုတ်ကုန်များထုတ်လုပ်ရာတွင် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ကြရန်နှင့် ဈေးကွက်ရရှိရေးအတွက် ကုန်ပစ္စည်းပြပွဲများ ကျင်းပရန် လိုသကဲ့သို့ သုံးစွဲသူများ သိရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်ရာတွင် အခြေခံမှစ၍ ခိုင်မာအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ဈေးကွက်ရရှိရေးအတွက် အရေအတွက်များများကို အမြတ်နည်းနည်းဖြင့် ရောင်းချနိုင်ရန်နှင့် ပစ္စည်းချင်းတူပါကလည်း အရည်အသွေး ပိုမိုကောင်းမွန်ရန် လိုကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းသည် လုပ်ငန်းများ အဆင်ပြေအောင် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ပိုမိုဖြစ်ထွန်းအောင် ဆောင်ရွက်ကြစေလိုကြောင်း၊ အခြေခံကောင်းများဖြစ်သည့် မြေနှင့်ရေကို အကျိုးရှိစွာ အသုံးချ၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ကြစေ လိုကြောင်း၊ ဧရာဝတီမြစ်မှ မြစ်ရေတင်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နေရောင်ခြည်စွမ်းအင်သုံးပြီး ဆောင်ရွက်၍ ရကြောင်း၊ သီးထပ်သီးနှံများ စိုက်ပျိုးခြင်းဖြင့် ဝင်ငွေများ ပိုမိုရရှိမည်ဖြစ်ကြောင်း၊ အမှန်တကယ်အလုပ် လုပ်ပါက လက်တွေ့ အကျိုးဖြစ်ထွန်းလာပြီး တစ်ဦးချင်း၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုမှ ဒေသနှင့် တိုင်းပြည်သည်လည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း၊ ပြည်ခရိုင်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ရရှိသည့်ကုန်ကြမ်းများကို အသုံးပြု၍ ကုန်ထုတ်လုပ်မှု လုပ်ငန်း များကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ကြစေလိုကြောင်း၊ သို့မှသာ ဒေသတွင်း စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ထိုမှတဆင့် နိုင်ငံ၏စီးပွားရေးသည်လည်း ဖွံဖြိုးတိုးတက် လာမည်ဖြစ်ကြောင်းဖြင့် တိုက်တွန်း ဆွေးနွေးပြောကြားသည်။

-၁၀-၂၀၂၂  ရက်နေ့ ထုတ် မြန်မာ့အလင်းသတင်းစာမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm