Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး တပ်ကုန်းမြို့နယ်၊ ဂွေးပင်စံပြကျေးရွာ နွေစပါး(၁၁၆)ဧက စိုက်ပျိုးရေး တွေ့ဆုံဆွေးနွေး


28 Sep,2022

နေပြည်တော် စက်တင်ဘာ ၂၈

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာရှိ စမ်းဝတီသမဝါယမအသင်းလီမိတက်နှင့် ရွှေကမ္ဘာသမဝါယမအသင်းလီမိတက်တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသော သဘာဝမြေဩဇာစက်ရုံသို့ရောက်ရှိပြီး စက်ရုံအတွက် ကုန်ကြမ်းပစ္စည်း ဝယ်ယူရရှိမှုအခြေအနေ၊ နေ့စဉ်ထုတ်လုပ်နိုင်မှုအခြေအနေ၊ ထုတ်လုပ်ပြီး သဘာဝမြေဩဇာများ ဖြန့်ဖြူးရောင်းချမှုအခြေအနေတို့ကို ညှိနှိုင်းဆွေးနွေးပြီး ရာသီအလိုက် စိုက်ပျိုးသီးနှံများအတွက် သဘာဝမြေဩဇာများ ပိုမိုထုတ်လုပ်နိုင်ရေး၊ ဒေသခံတောင်သူများအား ပညာပေးရေးတို့ကို ကြိုးပမ်း ဆောင်ရွက်ရန် တိုက်တွန်းမှာကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ဂွေးပင်စံပြကျေးရွာ၊ ဂွေးပင်မြောက် ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး တစ်ဆက်တစ်စပ်တည်း စနစ်တကျလယ်ယာမြေ ဖော်ထုတ် ဆောင်ရွက်နေသော လယ်မြေ (၁၁၆) ဧကတွင် နွေစပါးစိုက်ပျိုးမည့်  စံပြဂွေးပင်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းသားတောင်သူများနှင့်တွေ့ဆုံ၍ နိုင်ငံတော်၏ လယ်ယာစီးပွားရေးကဏ္ဍမြှင့်တင်မှုအခြေအနေ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဆောင်းသီးနှံ ပဲတီစိမ်းစိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေ၊ ဂွေးပင်စံပြကျေးရွာ၌ နွေစပါး စိုက်ပျိုးရေးအတွက် မျိုး၊ မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ ပံ့ပိုးပေးမည့်အစီအစဉ်၊ ထွန်ယက်စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်းအစီအစဉ်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက ကန်ထရိုက် လယ်ယာစနစ်ဖြင့် နွေစပါးစိုက်ပျိုးမည့် အခြေအနေများကိုလည်းကောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက နွေစပါးစိုက်ပျိုးရေးအတွက် ရေရရှိနိုင်မည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြသည်။

ယင်းနောက် ဒေသခံတောင်သူများ၏ လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး စံပြဂွေးပင်စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းသား တောင်သူ(၆)ဦး၏ စိုက်ပျိုးမြေ (၇.၀၅) ဧကတွင် အစေ့ချ(စီဒါ)စိုက်ပျိုးခြင်း၊ ကြဲပက်စိုက်ပျိုးခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်း စသည့်နည်းစနစ် (၃) မျိုး အသုံးပြုစိုက်ပျိုးထားသော GW-11 စပါးမျိုး စမ်းသပ်စိုက်ကွက်များ၏ (၆၅) ရက်သား စိုက်ပျိုးဖြစ်ထွန်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့သို့ ပြန်လည်ထွက်ခွာကာ ဒေသခံ တောင်သူများ၏ ဆီထွက်သီးနှံများအား ကြိတ်ခွဲပေးနိုင်ရေး၊ စားသုံးဆီဖြန့်ဖြူးရောင်းချပေးနိုင်ရေး အတွက် သမဝါယမအသင်းများက တာဝန်ယူတည်ဆောက်လည်ပတ်မည့် ဆီစက်မြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm