Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ


24 Sep,2022

နေပြည်တော် စက်တင်ဘာ ၂၃

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူ များလိုက်ပါလျက် ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးအတွင်း ခေတ်မီစံပြကျေးရွာအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာအုပ်စု၊ အနောက်စုကြီးကျေးရွာသို့ ရောက်ရှိကာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်နေသော တွင်းနက်တူးဖော်ခြင်းနှင့် အိမ်သွယ် ရေတိုင် သွယ်တန်းခြင်းလုပ်ငန်း၊ ဂါလံ (၂၄၀၀) ဆံ့ရေကန်နှင့် ပေ (၂၀) အမြင့်တင်ရေစင် တည်ဆောက်ခြင်းလုပ်ငန်း၊ ခြံစည်းရိုးကာရံခြင်းလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးက လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြပါသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်း၊ အရည်အသွေး ပြည့်မီစွာ အချိန်မီပြီးစီးရေး မှာကြားခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အနောက်စုကြီးကျေးရွာတွင် ‌‌ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ပုသိမ်)တို့ ပူးပေါင်း၍ ရက်သတ္တပတ် (၄) ပတ်ကြာ ဖွင့်လှစ်သည့် သက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်စက်ချုပ်သင်တန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သင်တန်းသား/သူများ သင်တန်းအောင်မြင် ပြီးပါက ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်ရန် လိုအပ်သည့်အရင်းအနှီးများ ပံ့ပိုးပေးနိုင်ရေး သက်ဆိုင်ရာဦးစီးဌာနများမှ ကူညီထောက်ပံ့ပေးရန် မှာကြားကာ သင်တန်းသားများ၏ လက်တွေ့ သင်ယူနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

          ထို့နောက် ဒုတိယဝန်ကြီနှင့်အဖွဲ့သည် ကျောင်းကုန်းမြို့နယ်၊ အေးချမ်းသာယာခန်းမတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ သမဝါယမအသင်းသားများ၊ ပဲတီစိမ်းစိုက် တောင်သူများနှင့် တွေ့ဆုံကာ ဒုတိယဝန်ကြီးက နိုင်ငံတော်မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်းသီးနှံပဲတီစိမ်း စိုက်ပျိုး နိုင်ရန် မိမိတို့သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက သမဝါယမကန်ထရိုက် လယ်ယာ စနစ် (Contract Farming) ဖြင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ နွေးစပါး၊ မိုးစပါး၊ ‌ဆောင်းသီးနှံ ဆီထွက်သီးနှံစသည့်ဖြင့် ရာသီအလိုက် စိုက်ပျိုး၍ တောင်သူများ၏ မိသားစု ဝင်ငွေတိုးပွားလာပြီး လူမှုစီးပွားဘဝများ မြင့်မားလာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ဆက်လက်၍ သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသောင်းနိုင်က သမဝါယမ ကန်ထရိုက်လယ်ယာစနစ်ဖြင့် ပဲတီစိမ်းစိုက်ပျိုးမည့် စီမံကိန်းလုပ်ငန်းများကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးဌေးမြင့်အောင်က ဧရာဝတီတိုင်းဒေသကြီးအတွင်း ပဲတီစိမ်းလျာထားစိုက်ပျိုး မည့် အခြေအနေများကိုလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

၎င်းနောက် ဒေသခံတောင်သူများ၏ ပဲတီစမ်း စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ‌ကျောင်းကုန်းမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးသို့သွားရောက်၍ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ဝန်ထမ်းများ နှင့်တွေ့ဆုံကာ ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်များအား နားလည်သိရှိပြီး အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ အဂတိတရားကင်းရှင်းရေး၊ ကိုဗစ်-၁၉ စည်းကမ်းချက်များအား လိုက်နာ ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ပြီး ဝန်ထမ်းများ၏ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ တင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းကုန်းမြို့နယ်၊ လူသန့်ချောင်ကျေးရွာ အုပ်စု၊ ပန်းပင်ချောင်‌ကျေးရွာအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) အတွက် ငွေကျပ်သိန်း(၁၀၀)အား ‌‌ကျေးရွာကော်မတီဝင် များထံ လွှဲပြောင်းပေးအပ်ရာ ကော်မတီဝင်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm