Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဧရာဝတီတိုင်းဒေသကြီး မအူပင်၊ ကျိုက်လတ်၊ အိမ်မဲမြို့နယ်များတွင် သမဝါယမကန်ထရိုက်လယ်ယာစနစ် ပဲတီစိမ်းစိုက်ပျိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်


23 Sep,2022

နေပြည်တော် စက်တင်ဘာ ၂၂

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူ များလိုက်ပါလျက် ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ဆောင်းသီးနှံပဲတီစိမ်း စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေး ကွင်းဆင်း ဆောင်ရွက်ရန် မအူပင်မြို့သို့ရောက်ရှိပြီး တိုးရွှေဝါခန်းမတွင် သမဝါယမအသင်းသားများ၊ ပဲတီစိမ်း စိုက် တောင်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံကာ ဒုတိယဝန်ကြီးက နိုင်ငံတော်၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ လယ်ယာစီးပွားကဏ္ဍ မြှင့်တင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းများ၊ ယင်းသို့ဆောင်ရွက်ရာတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးမည့် အခြေအနေများ၊ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရန် လမ်း၊ တံတား၊ မီးရရှိရေး၊ ရေရရှိရေး စသည့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ နိုင်ငံတော်၏ မျှော်မှန်းချက်နှင့်အညီ ရာသီအလိုက် သီးနှံများကို အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးပြီး မိသားစုဝင်ငွေတိုးရေး၊ လူမှုစီးပွားဘဝမြင့်မားရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

          ဆက်လက်၍ သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသောင်းနိုင်က သမဝါယမကန်ထရိုက်လယ်ယာစနစ်ဖြင့် ပဲတီစိမ်းစိုက်ပျိုးမည့်စီမံကိန်း အောင်မြင်ရေး ပူးပေါင်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးဌေးမြင့်အောင်က ပဲတီစိမ်း စိုက်ပျိုးဆောင်ရွက်မည့် လျာထားချက်များကို လည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

၎င်းနောက် ဒေသခံတောင်သူများ၏ ပဲတီစမ်း စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မအူပင်မြို့၊ သမဝါယမဦးစီးဌာန ရုံးသို့ရောက်ရှိပြီး သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဝန်ကြီး ဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ အောင်မြင်ရန် ဦးစီးဌာနများ/ ဝန်ထမ်းများ အချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေး၊ အဂတိတရားကင်းရှင်းရေး၊ ကိုဗစ်-၁၉ စည်းကမ်း ချက်များအား လိုက်နာဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ပြီး ဝန်ထမ်းများ၏ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ တင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျိုက်လတ်မြို့နယ်၊ ရွှေဝါလတ်ခန်းမ၌ ကျိုက်လတ်မြို့နယ်အတွင်း ကျေးရွာအုပ်စု (၈၉) အုပ်စုမှ စိုက်ပျိုးဧက (၃၉၂) ဧကတွင် ဆောင်းသီးနှံ ပဲတီစိမ်းစိုက်ပျိုးရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ယင်းနောက် တောင်သူများမှ သိရှိလိုသည်များနှင့် ဒေသဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျိုက်လတ်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးတွင် ဝန်ကြီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံ၍ တင်ပြချက်များအပေါ် လိုအပ် သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မော်လမြိုင်ကျွန်းမြို့သို့ ရောက်ရှိပြီး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးတွင် လပွတ္တာခရိုင်နှင့်မြို့နယ်မှ မိမိဝန်ကြီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံကာ ခရိုင်မြို့နယ်ရုံးများအလိုက် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်အဂတိတရားကင်းရှင်းရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို သတ်မှတ်ဘဏ္ဍာနှစ်အလိုက် အချိန်မီပြီးစီးရေး၊ ရုံးများကို သန့်ရှင်းသပ်ရပ်စွာ ထားရှိရေး မှာကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ထိုနေ့ညနေပိုင်းတွင် အိမ်မဲမြို့နယ်သို့ရောက်ရှိပြီး ပဲတီစိမ်းစိုက်တောင်သူများနှင့်တွေ့ဆုံကာ ကျေးရွာအုပ်စု (၉၇) အုပ်စုမှ စိုက်ပျိုးဧက (၁,၀၅၂) ဧကတွင် သမဝါယမကန်ထရိုက်လယ်ယာစနစ်ဖြင့် ပဲတီစိမ်းစိုက်ပျိုးမည့် အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ယင်းနောက် ဒေသခံတောင်သူများ၏ ပဲတီစိမ်း စိုက်ပျိုးရေးလုပ်ငန်း များနှင့် ဒေသဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေး ခဲ့သည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မြို့နယ် (၂၂) မြို့နယ်ရှိ စိုက်ပျိုးဧကပေါင်း (၄၅၈၅၅) ဧကတွင် ဆောင်းသီးနှံပဲတီစိမ်း လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm