Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မဲခေါင်ဒေသရှိ သမဝါယမများ၏အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်


19 Sep,2022

နေပြည်တော် စက်တင်ဘာ ၁၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက နေပြည်တော်၊ ရွှေစံအိမ်ဟိုတယ်တွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ Zoom Meeting စနစ်ဖြင့် ကျင်းပပြုလုပ်သော မဲခေါင်ဒေသရှိ သမဝါယမများ၏အခန်းကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အဖွင့်အမှာစကားပြောကြားရာတွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မဲခေါင်ဒေသတွင်း (၅) နိုင်ငံဖြစ်ကြသော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး မဲခေါင်ဒေသတွင်း နိုင်ငံများ၏ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန်၊ မဲခေါင်-လန်ချန်းဒေသအတွင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားရန်၊ ၂၀၁၂ ခုနှစ်မှာ ထိုင်းနိုင်ငံ၏ ကနဦး အကြံပြုချက်နှင့် ၂၀၁၄ ခုနှစ်၊ မြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ (၁၇) ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးတွင် မဲခေါင်ဒေသတွင်းနိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှု ကွာဟနေခြင်းကို လျှော့ချရန်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိရန်အတွက် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် လိုအပ်ခြင်းကြောင့် ဒေသတွင်းနိုင်ငံအားလုံး၏ ပူးပေါင်းဆောင်ရွက်မှုကို ဖြတ်သန်းစီးဆင်းနေသည့် မဲခေါင်မြစ် ရစ်ပတ်စုစည်းထားမှုပုံစံဖြင့် တင်စားဂုဏ်ပြုပြီး “မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု (Mekong-Lancang Cooperation - MLC)” ဟု ခေါ်ဆိုခဲ့ပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များ စတင်ခဲ့ပါကြောင်း၊ မဲခေါင်ဒေသတွင်း နိုင်ငံများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုပြီး သာယာဝပြောမှုကို တိုးမြှင့်ပေးရန်၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်နှင့် ဖွံ့ဖြိုးတိုးတက်မှု ကွာဟနေခြင်းကို လျှော့ချသွားရန်၊ အာဆီယံ အသိုက်ဝန်းတည်ထောင်မှုကို အထောက်အကူပြုရန်၊ ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်၏ ၂၀၃၀ ရည်မှန်းချက်များကို တိုးမြှင့်အကောင်အထည် ဖော်သွားရန်နှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေး (South-South Cooperation) ကို တိုးမြှင့်သွားရန် အဓိကရည်ရွယ်ပါကြောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူး ရန်ပုံငွေ (၂၀၂၀) အနေဖြင့့် မြန်မာနိုင်ငံနှင့် မဲခေါင်ဒေသရှိ သမဝါယမကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရန်နှင့် စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းစီမံကိန်းကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး စီမံကိန်းမှာ စာရင်းရေး၊ စာရင်းကိုင်သင်တန်း၊ စာရင်းစစ် သင်တန်း၊ သမဝါယမဥပဒေ၊ နည်းဥပဒေနှင့် ညွှန်ကြားချက်ဆိုင်ရာသင်တန်း၊ ဘဏ္ဍာရေးဆိုင်ရာ အသိပညာပေးသင်တန်း၊ သမဝါယမစီမံခန့်ခွဲမှုနှင့် ဈေးကွက်ဖော်ဆောင်ရေးသင်တန်း၊ အစားအသောက်ဘေးကင်းလုံခြုံမှု အသိပညာပေးသင်တန်း၊ M&E သင်တန်းအပါအဝင် အလုပ်ရုံဆွေးနွေးပွဲများကို စီမံကိန်းကာလအတွင်း ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယနေ့ ကျင်းပသည့် မဲခေါင်ဒေသရှိသမဝါယမများ၏ အခန်းကဏ္ဍ အလုပ်ရုံဆွေးနွေးပွဲပဲမှာ မြန်မာနိုင်ငံ သမဝါယမလုပ်ငန်းများအပါအဝင် မဲခေါင်ဒေသတွင်း နိုင်ငံများဖြစ်သည့် ကမော္ဘဒီးယား၊ တရုတ်၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့၏ သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို သက်ဆိုင်ရာ နိုင်ငံအလိုက် ကိုယ်စားလှယ်များက ဆွေးနွေးကြမည် ဖြစ်သည့်အတွက် မဲခေါင်ဒေသတွင်း သမဝါယမများ၏အခန်းကဏ္ဍ ပိုမိုပူးပေါင်း ဆောင်ရွက်လာနိုင်မည်ဟု ယုံကြည်မိပါကြောင်း၊ ယခုလို အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခြင်းဖြင့် မဲခေါင်ဒေသတွင်းနိုင်ငံများရှိ သမဝါယမကဏ္ဍများ အောင်မြင် တိုးတက်လာပြီး သမဝါယမကဏ္ဍမှတစ်ဆင့် မဲခေါင်ဒေသတွင်း ပြည်သူများ၏ လူမှုစီးပွား မြှင့်တင်ရေးတွင် ကူညီထောက်ပံ့မှုများ ပေးနိုင်မှာဖြစ်ပါကြောင်း၊ မဲခေါင်ဒေသတွင်းနိုင်ငံများ၏ သမဝါယမကဏ္ဍမှ လူမှုစီးပွားဘဝမြှင့်တင်ရေး၊ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းများမှာ ဆောင်ရွက်နေမှုများအား အထူးလေ့လာမှတ်သားပြီး မိမိတို့နိုင်ငံရှိ ပြည်သူများ၏ ဘဝတိုးတက်ရေးကို ဘက်ပေါင်းစုံကနေ ကူညီထောက်ပံ့ပေးနိုင်ရေး ကြိုးပမ်းနေသော ယခုလို အချိန်မျိုးမှာ အလုပ်ရုံဆွေးနွေးပွဲကနေ ကောင်းမွန်တဲ့ရလဒ်များ ရရှိကာ မိမိတို့နိုင်ငံ၏ သမဝါယမကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရန် ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ကိုယ်စားလှယ်များက မဲခေါင် ဒေသတွင်း သမဝါယမကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးခဲ့ကြသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိ ပုဂ္ဂိုလ်၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းကွပ်ကဲရေးအဖွဲ့(မြန်မာ)မှ တာဝန်ရှိပုဂ္ဂိုလ်၊ ဝန်ကြီးဌာနရှိ ညွှန်ကြားရေးမှူးချုပ်များနှင့် သမဝါယမဦးစီးဌာန ဝန်ထမ်းများ၊ မဲခေါင်ဒေသတွင်း နိုင်ငံများမှကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ပြည်နယ်သမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်း များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm