Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ပဲခူးတိုင်းဒေသကြီး ဆောင်းသီးနှံပဲတီစိမ်း စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေး ကွင်းဆင်းဆောင်ရွက်


16 Sep,2022

နေပြည်တော် စက်တင်ဘာ ၁၆

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက် ပိုင်းက သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ပဲခူးတိုင်းဒေသကြီးအတွင်း ဆောင်းသီးနှံ ပဲတီစိမ်းစိုက်ပျိုးရေးလုပ်ငန်းအား သမဝါယမကန်ထရိုက် လယ်ယာစနစ် (Contract Farming) ဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရေး ကွင်းဆင်းဆောင်ရွက် သည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးမြို့၊ ရှင်စောပုခန်းမ၌ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ သမဝါယမကန်ထရိုက်လယ်ယာစနစ်ဖြင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ကြမည့် ပဲခူးမြို့နယ် ကျေးရွာအုပ်စုများမှ တောင်သူ (၁၅၀) ဦးတို့နှင့်တွေ့ဆုံ၍ နိုင်ငံတော်၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ လယ်ယာစီးပွားကဏ္ဍမြှင့်တင်ရေးအတွက် အကောင်အထည် ဖော် ဆောင်ရွက်မည့်လုပ်ငန်းများ၊ ယင်းသို့ဆောင်ရွက်ရာတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးမည့် အခြေအနေများ၊ ကျေးလက်ဒေသများ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် လမ်း၊ တံတား၊ မီးရရှိရေး၊ ရေရရှိရေး စသည့်အခြေခံအဆောက်အအုံ ဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ နိုင်ငံတော်၏ မျှော်မှန်းချက်နှင့်အညီ ရာသီ အလိုက် သီးနှံများကို အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးပြီး မိသားစုဝင်ငွေတိုးရေး၊ လူမှုစီးပွားဘဝ မြင့်မားရေး ကြိုးပမ်းဆောင်ရွက်လျက် ကြွေးမြီကင်းရှင်းသော မိသားစုဘဝကို ပိုင်ဆိုင်ခွင့်ရအောင် ဆောင်ရွက်ကြရေး မှာကြားသည်။

          ဆက်လက်၍ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက ပဲခူးတိုင်းဒေသ ကြီးအတွင်း သမဝါယမကန်ထရိုက်လယ်ယာစနစ်ဖြင့် ပဲတီစိမ်းစိုက်ပျိုးမည့်စီမံကိန်း အောင်မြင်ရေး ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ တောင်သူများအနေဖြင့် သမဝါယမအကျိုးတူလယ်ယာ စနစ် ဆောင်ရွက်ခြင်းဖြင့် ရရှိလာနိုင်မည့် အကျိုးကျေးဇူးများကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးစိုင်းကျော်မင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ပဲတီစိမ်း စိုက်ပျိုးဆောင်ရွက်မည့် လျာထားချက်များ ကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးတင်ပြကြသည်။

၎င်းနောက် ဒေသခံတောင်သူများ၏ ပဲတီစမ်း စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာန ရုံးသို့ရောက်ရှိပြီး သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံကာ ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ အောင်မြင်ရေး၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဦးစီးဌာနများ/ ဝန်ထမ်းများ အချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေး၊ အဂတိတရားကင်းရှင်းရေး၊ ကိုဗစ်-၁၉ စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ပြီး ဝန်ထမ်းများ၏ လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ တင်ပြမှုအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ အသေးစားဓာတ်ခွဲခန်း (Mini Lab) အား ကြည့်ရှုစစ်ဆေးခဲ့သည်။

အလားတူ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ထို့နေ့မွန်းလွဲပိုင်းတွင် ဝေါမြို့နယ်၊ မြို့နယ်ခန်းမ၌ ဝေါမြို့နယ်အတွင်း ကျေးရွာအုပ်စု (၈) အုပ်စုမှ စိုက်ပျိုးဧက (၆,၃၂၉) ဧကတွင် ဆောင်းသီးနှံ ပဲတီစိမ်းစိုက်ပျိုးရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ယင်းနောက် တောင်သူများမှ သိရှိလိုသည်များနှင့် ဒေသဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ ကောလိယခန်းမ၌ ဒိုက်ဦးမြို့နယ်၊ ကျေးရွာအုပ်စု (၅) အုပ်စုမှ စိုက်ပျိုးဧက (၁၁,၁၁၉) ဧကတွင် ပဲတီစိမ်းစိုက်ပျိုးမည့် အခြေအနေများ နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ ဒေသခံတောင်သူများ၏ ပဲတီစိမ်း စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ သည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် ပဲခူတိုင်းဒေသကြီး၊ မြို့နယ် (၁၉) မြို့နယ်ရှိ စိုက်ပျိုးဧကပေါင်း (၈၃,၈၇၄) ဧကတွင် ဆောင်းသီးနှံ ပဲတီစိမ်း စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm