၁။ တပ်မတော်အစိုးရလက်ထက်တွင် ၁၉၈၈ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ကာလအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးလုပ်ငန်းများအား အထူးအလေးထား ဆောင်ရွက်ခဲ့ရာ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဌာနသည် အခြားဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ လုပ်ငန်းများအောင်မြင်စေရန် ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။ တပ်မတော်အစိုးရအနေဖြင့် ဝေးလံခေါင်းပါးသော နယ်စပ်ဒေသများ အပါအဝင် နိုင်ငံအဝှမ်းရှိ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် အောက်ဖော် ပြပါ ဖွံ့ဖြိုးရေးအစီအစဉ်ကြီး (၃) ရပ်ကို ဖော်ဆောင်ခဲ့ပါသည် -
(က) ဘက်စုံကျေးလက်ဒေသဖွံ့ဖြိုးရေးအစီအစဉ်၊
( ခ ) နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်၊
( ဂ ) အထူးဇုန် (၂၄) ဇုန် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်။
ဘက်စုံကျေးလက်ဒေသဖွံ့ဖြိုးရေးအစီအစဉ်
၂။ ဘက်စုံကျေးလက်ဒေသဖွံ့ဖြိုးရေးအစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ အောက်ဖော်ပြပါ လုပ်ငန်းစဉ် (၅) ခုဖြင့် ဆောင်ရွက်ခဲ့ပါသည် -
(က) ကျေးလက်လမ်းပန်းဆက်သွယ်ရေး လွယ်ကူလျင်မြန်ချောမွေ့စေရေး၊
( ခ ) ကျေးလက်နေပြည်သူများ ဘေးကင်းလုံခြုံသော သောက်သုံးရေရရှိရေး၊
( ဂ ) ကျေးလက်နေပြည်သူများ၏ ပညာရေးအဆင့်အတန်း တိုးတက်မြင့်မားရေး၊
(ဃ) ကျေးလက်ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပိုမိုကောင်းမွန်စေရေး၊
( င ) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်စေရေး။
၃။ ကျေးလက်လမ်းပန်းဆက်သွယ်ရေးလွယ်ကူလျင်မြန်ချောမွေ့စေရေး။ တပ်မတော်အစိုးရ သည် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်ပြီး ဆင်းရဲနွမ်းပါးမှုလျော့နည်း စေရေးအတွက် အဓိကအရေးကြီးသည့် ကျေးလက်လမ်းများကို ဖောက်လုပ်ပေးခဲ့ပါသည်၊ ထိုသို့ ဖောက်လုပ်ပေးရာတွင် ကျေးရွာတွင်းလမ်းများ ကျေးရွာချင်းဆက်လမ်းများ၊ မြို့ပတ်လမ်းများကို အောက်ဖော်ပြပါ ကာလတို၊ ကာလရှည် စီမံချက်များရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ပါသည် -
(က) ၁၉၉၆-၁၉၉၇ ဘဏ္ဍာနှစ်မှ ၂၀၀၀-၂၀၀၁ ဘဏ္ဍာနှစ်ထိ (၅) နှစ် စီမံချက်၊
( ခ ) ၂၀၀၁-၂၀၀၂ ဘဏ္ဍာနှစ်မှ ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်ထိ နှစ် (၃၀) စီမံချက်၊
၄။ ကာလတို (၅) နှစ် စီမံချက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ကျေးလက်လမ်း စုစု ပေါင်း အရှည် (၁၂၉၉၅) မိုင်ခန့်ရှိရာမှာ (၄၂၀၂) မိုင်ကို တိုးမြှင့်ဖောက်လုပ်ပေးနိုင်ခဲ့ပါသည်။ ကာလ ရှည်နှစ် (၃၀) စီမံကိန်းတွင် ၂၀၁၀ ပြည့်နှစ်အထိ ကတ္တရာလမ်း (၁၈၃၅) မိုင်၊ ကျောက်စရစ်လမ်း (၆၁၁၂) မိုင်၊ ဂဝံလမ်း (၂၈၈၀) မိုင်နှင့် မြေသားလမ်း (၂၀၇၃၅) မိုင်တို့ကို ဖောက်လုပ်ပေးနိုင်ခဲ့ ပါသည်။
၅။ ကျေးလက်နေပြည်သူများ ဘေးကင်းလုံခြုံသော သောက်သုံးရေရရှိရေး။ တပ်မတော် အစိုးရသည် ရေရှားပါးသော ကျေးလက်ဒေသများအတွက် ဘေးကင်းလုံခြုံသော သောက်သုံးရေ ရရှိ ရေးကိုလည်း နိုင်ငံတစ်ဝှမ်းဆောင်ရွက်လျက်ရှိပြီး ဦးစားပေးအနေဖြင့် အပူပိုင်းဇုန် တိုင်းဒေသကြီး (၃) ခုဖြစ်သည့် စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ၂၀၀၀-၂၀၀၁ ဘဏ္ဍာရေးနှစ်မှစတင်၍ အောက်ဖော်ပြပါ စီမံချက်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည် -
(က) အပူပိုင်းဇုန်တိုင်း (၃) တိုင်းအတွက် (၁၀) နှစ် ရေပေးဝေရေး စီမံချက်၊
( ခ ) ကျန်တိုင်းဒေသကြီး/ ပြည်နယ်များအတွက် (၁၀) နှစ် ရေပေးဝေရေး စီမံချက်။
၆။ ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ (၁၀) နှစ် ရေပေးဝေရေးစီမံကိန်းဖြင့် ကျေးရွာပေါင်း (၂၃၈၂၀) ရွာကို သောက်သုံးရေ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ထပ်တိုးကျေးရွာ (၂၀၄၄) ရွာတွင်လည်း နိုင်ငံတော်အစိုးရရန်ပုံငွေများအပြင် လူမှုရေးအဖွဲ့အစည်းများ၊ ဒေသခံ စေတနာရှင်များပူးပေါင်း၍ ကျေးလက်ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
၇။ ကျေးလက်နေပြည်သူများ၏ ပညာရေးအဆင့်အတန်း တိုးတက်မြင့်မားရေး။ တပ်မတော် အစိုးရသည် ကျေးလက်နေပြည်သူများ၏ ပညာရေးကဏ္ဍ တိုးတက်မြင့်မားရေးအတွက် အခြေခံ ပညာရေး အရည်အသွေးမြင့်မားစေရန်နှင့် ကျောင်းနေအရွယ်ကလေးများအားလုံး အတန်းပညာ အခွင့်အရေး လက်လှမ်းမီစေရန်အတွက် မူလတန်းလွန်ပညာရေးစီမံချက်ကို ၂၀၀၁ ခုနှစ်တွင် စတင် ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ခဲ့ရာ၌ ၂၀၁၀ ပြည့်နှစ်တွင် မူလတန်းလွန်ကျောင်းပေါင်း (၆၄၂၄) ကျောင်းထိ တိုးမြှင့်ဖွင့်လှစ်နိုင်ခဲ့ပြီး အလယ်တန်းထိ ကျောင်းသား ပေါင်း (၄) သိန်းခွဲခန့် တက်ရောက်နိုင်ခဲ့ကာ ကျောင်းအပ်နှံမှုမှာ (၉၈.၂၅ %) အထိ ရရှိခဲ့ပါသည်။
၈။ အသက်အရွယ်ကြီးသော ကလေးများအတွက်လည်း အထူးပညာရေးအစီအစဉ်တစ်ရပ်အနေ ဖြင့် ၂၀၀၃-၂၀၀၄ ပညာသင်နှစ်တွင် စတင်ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ဝေးလံခေါင်သီသော နယ်စပ်ဒေသရှိ ကလေးများအတွက်လည်း အထူးဒေသဖွံဖြိုးရေးအစီအစဉ်များ ရေးဆွဲပြီး ၂၀၀၉-၂၀၁၀ ပညာသင်နှစ်တွင် စာသင်ကျောင်းပေါင်း (၁၀၇၄) ကျောင်း၌ ကျောင်းသား/သူ ပေါင်း (၂.၁) သိန်းကျော်အား ပညာသင်ကြားခွင့်ရရှိနိုင်ရေး ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
၉။ ထို့ပြင် မူလတန်းပညာရေး အရည်အသွေးမြှင့်တင်နိုင်ရေးအတွက် သင်ကြားမှုစနစ်များကို ဘာသာရပ်အခြေပြုမှ ကလေးဗဟိုပြုချဉ်းကပ်နည်းလမ်းစနစ်သို့ ပြောင်းလဲဆောင်ရွက်ပေးနိုင်ခဲ့ ပါသည်။ မူလတန်းကျောင်းဆရာ/ဆရာမများ၏ အရည်အသွေးမြှင့်တင်နိုင်ရေးအတွက်လည်း ဆရာ အတတ်သင် သင်တန်းများကို ကောလိပ်များနှင့် ပညာရေးတက္ကသိုလ်များအဖြစ် အဆင့်မြှင့်တင် ပေးနိုင်ခဲ့ပြီး e-Education သင်ကြားရေးစင်တာ (၇၂၇) ခုကိုလည်း နယ်စပ်ဒေသများ အပါအဝင် နိုင်ငံတစ်ဝှမ်း ဖွင့်လှစ်ပေးနိုင်ခဲ့ပါသည်။ နိုင်ငံတော်အစိုးရ၏ ခိုင်မာသောကတိကဝတ်များ၊ ပညာရေး ကဏ္ဍ တိုးချဲ့ဆောင်ရွက်ပေးမှုများ၊ ရပ်ရွာပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုများကြောင့် ၂၀၁၀ ပြည့် နှစ်တွင် အသက် (၁၅) နှစ်မှ (၂၄) နှစ်အတွင်း စာတတ်မြောက်မှုနှုန်းမှာ (၉၈ %) အထိ တိုးတက်ခဲ့ပါ သည်။ ထို့ပြင် ပညာရေးကဏ္ဍတွင်သာမက အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရေးတို့တွင်လည်း အစိုးရ၏ မူဝါဒဖြစ်သည့် “အားလုံးအတွက်ပညာရေး” ဖြစ်ပြီး ကျား/ မ တန်းတူ ပညာသင်ကြားနိုင်မှု ကိုလည်း အလေးထား ဆောင်ရွက်နိုင်ခဲ့ပါသည်။
၁၀။ ကျေးလက်ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပိုမိုကောင်းမွန်စေရေး။ တပ်မတော်အစိုးရ သည် အခြေခံကျန်းမာရေးစောင့်ရှောက်မှုများ၊ မျိုးဆက်ပြန့်ပွားရေးကိစ္စရပ်များအတွက်လည်း ကျေးလက်ကျန်းမာရေးအစီအစဉ်များရေးဆွဲ၍ ကျေးလက်နေပြည်သူလူထုများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ရပ်ရွာအဆင့် စည်းရုံးလှုံ့ဆော်မှုများ၊ အသိပညာပေးမှုများ ဆောင်ရွက်ပေးခဲ့ပါသည်။ အလားတူ မိခင်စောင့်ရှောက်ရေးနှင့် မွေးကင်းစကလေး ပြုစုစောင့်ရှောက်ရေးအတွက် ကျေးလက် ကျန်းမာရေးဌာနများ၊ သုတေသနခန်းများ၊ သားဖွားသင်တန်းများနှင့် လိုအပ်သော စက်ကိရိယာ များလည်း ပံ့ပိုးဆောင်ရွက်ပေးခဲ့ပါသည်။ ထို့ပြင် တီဘီရောဂါဖြစ်ပွားမှုအတွက်လည်း အမျိုးသား မဟာဗျူဟာစီမံချက်များရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ကုသရေး အောင်မြင်မှုနှုန်းမှာ (၇၈ %) မှ (၈၅ %) အထိ တိုးတက်လာခဲ့ပါသည်။
၁၁။ ကျေးလက်ဒေသစီးပွားဖွံ့ဖြိုးတိုးတက်စေရေး။ တပ်မတော်အစိုးရသည် ဆင်းရဲမှုလျော့ချ စေရေးနှင့် ရေရှည်တည်တံ့သော လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ကျေးလက်လူမှု စီးပွားဘဝ မြင့်မားစေရေးအတွက် အောက်ဖော်ပြပါ အစီအစဉ်များ ရေးဆွဲချမှတ်ခဲ့ပါသည် -
(က) စိုက်ပျိုးရေးကဏ္ဍတိုးချဲ့ဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်စေခြင်း၊
( ခ ) လုံလောက်သော စိုက်ပျိုးရေ ရရှိအောင် ဆောင်ရွက်ပေးခြင်း၊
( ဂ ) လယ်ယာသုံးစက်ကိရိယာများ ထောက်ပံ့ပေးခြင်း၊
(ဃ) သင့်လျော်သော စိုက်ပျိုးရေးနည်းပညာများ လက်ခံကျင့်သုံးခြင်း၊
( င ) ခေတ်မီသော သီးနှံမျိုးများ အစားထိုးစိုက်ပျိုးခြင်းနှင့် ဖွံ့ဖြိုးတိုးတက်စေခြင်း။
၁၂။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် လယ်ယာရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လာစေရန်၊ စိုက်ပျိုးရေးနည်းပညာများအသုံးပြုပြီး သီးနှံအထွက်နှုန်းတိုးစေရန်၊ ကျေးလက်စီးပွားရေးလုပ်ငန်း များတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လာစေရန်တို့အတွက် ကျေးလက်နေ တောင်သူလယ်သမားများ ကို စိုက်ပျိုးစရိတ်အဖြစ် ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်တွင် ကျပ်သန်း (၆၈၉၇၀.၀၇) ထုတ်ချေးပေးနိုင် ခဲ့ပါသည်။ ထို့ပြင် အစိုးရ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် အဖွဲ့အစည်း (၂၁၆) ဖွဲ့အား စိုက်ပျိုးသီးနှံများ ထုတ်လုပ်နိုင်စေရန် မြေယာများ ဖော်ထုတ်စေခဲ့ပါသည်။
၁၃။ မွေးမြူရေးကဏ္ဍအနေဖြင့် တောင်သူလယ်သမားများအား မွေးမြူရေးဘဏ်များမှ ချေးငွေ ထုတ်ချေးပေးခြင်း၊ မွေးရေဝန်ကြီးဌာနမှ ဆေးဝါးများ ထုတ်လုပ်ဖြန့်ဖြူးပေးခြင်း၊ ကြက်မွေးမြူရေး ခြံများအား မျိုးရင်းများ ထောက်ပံ့ပေးခြင်း၊ စပါးငါးစီမံကိန်းများ ဆောင်ရွက်ပေးခြင်းနှင့် ကျေးရွာ ဒေသထွက် သယံဇာတများအပေါ် အခြေခံ၍ ထုတ်ကုန်တစ်မျိုး ထုတ်လုပ်နိုင်ရေးအတွက်လည်း အားပေးဆောင်ရွက်ခဲ့ပါသည်။
၁၄။ ထို့ပြင် တပ်မတော်အစိုးရသည် ကျေးလက်နေပြည်သူများ၏ အလုပ်လက်မဲ့နှုန်း လျော့နည်း စေရန်၊ စားနပ်ရိက္ခာဖူလုံစေရန်နှင့် ရေရှည်တည်တံ့သော ဝင်ငွေအခွင့်အလမ်းများရရှိစေရန်တို့အတွက် နိုင်ငံတော်အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ပူးပေါင်း၍ အသေးစား၊ အလတ်စားစီးပွားရေး လုပ်ငန်းများ (SMEs) ဖွံ့ဖြိုးတိုးတက်စေရေးကိုလည်း ဆောင်ရွက်ခဲ့ပါသည်။
နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်
၁၅။ တပ်မတော်အစိုးရသည် ပြည်နယ်နှင့် တိုင်းဒေသကြီးများအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေးအတွက် နယ်စပ်ဒေသများတွင် လမ်းတံတားများ ဖောက်လုပ်ခြင်း၊ ဆေးရုံ၊ ဆေးပေးခန်းနှင့် စာသင်ကျောင်းများ တည်ထောင်ခြင်း၊ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေပေးဝေရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လျှပ်စစ်၊ စာတိုက်၊ ကြေးနန်း၊ တယ်လီဖုန်း စသည့် ဝန်ဆောင်မှု များအပြင် ရုပ်သံလိုင်းများ ထုတ်လွှင့်ခြင်းများကိုလည်း ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၀ ပြည့်နှစ်အထိ ကျေးလက်လမ်းတံတားအနေဖြင့် မြေခင်းလမ်း (၄၃၉၇) မိုင်၊ ကျောက်စရစ်လမ်း (၃၁၃၃) မိုင်၊ ကတ္တရာလမ်း (၄၇၃) မိုင် အသစ်တည်ဆောက်ပြီး တံတားကြီး (၁၁၉) စင်း၊ တံတားငယ် (၁၄၆၂) စင်း နှင့် ကြိုးတံတား (၆၃) စင်း တည်ဆောက်ပေးခဲ့သည်။
၁၆။ ထို့ပြင် ပညာရေးကဏ္ဍတွင် လူ့စွမ်းအားအရင်းအမြစ်များ မြှင့်တင်ရန် အလေးထား ဆောင်ရွက်ပေးခဲ့ရာ နယ်စပ်ဒေသများတွင် မူလတန်း (၈၈၉) ကျောင်း၊ အလယ်တန်း (၉၂) ကျောင်း နှင့် အထက်တန်း (၉၄) ကျောင်းတို့ကို ဆောက်လုပ်ခဲ့ပါသည်။ UNDP နှင့် ပူးပေါင်း၍ လည်း ဝေးလံ ခေါင်သီသော မြို့နယ်များတွင် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (CDRT) ကို ရေးဆွဲပြီး နယ်စပ် ဒေသများတွင် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍကို အဓိကထား၍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ ကျန်းမာရေးကဏ္ဍတွင် ဆေးရုံ (၁၀၀) ရုံ၊ ဆေးပေးခန်း (၉၈) ရုံ၊ ကျေးလက်ကျန်းမာရေးဌာန (၉၄) ခုနှင့် ကျေးလက်ဒေသခွဲ (၂၀၂) ခု၊ တည်ဆောက်ပေး နိုင်ခဲ့ပြီး ဆေးဘက်ဆိုင်ရာ ဝန်ထမ်းပေါင်း (၁၃၂၃) ဦး ခန့်ထားခဲ့ပါသည်။
၁၇။ အလားတူ ဒေသတွင်း စားနပ်ရိက္ခာဖူလုံမှုရရှိစေရေးသာမက သီးနှံစိုက်ပျိုးရေးအတွက် အခွင့် အလမ်း ရရှိစေရန်တို့အတွက် စိုက်ပျိုးရေးကဏ္ဍတွင် စိုက်ပျိုးရေးရုံး (၃၁) ရုံး၊ စိုက်ပျိုးမွေးမြူရေးခြံ (၁၁၈) ခု၊ ဆည် (၈၀) ခု၊ တူးမြောင်း (၅) ခုနှင့် ထွန်စက် (၁၁) ရုံတို့ကို တည်ဆောက်ပေးခဲ့ပါသည်။ မွေးမြူရေးကဏ္ဍအနေဖြင့်လည်း မွေးမြူရေးခြံ (၂၀) ခုနှင့် တိရစ္ဆာန်ဆေးကုရုံး (၄၁) ခုတို့ကို တည်ဆောက်ပေးခဲ့ပြီး နွား၊ ကြက်နှင့် မြည်းမျိုးစိတ်များကို ဖြန့်ဝေပေးခဲ့သည်။
၁၈။ တပ်မတော်အစိုးရသည် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အငယ်စားနှင့် အလတ်စား ရေအားလျှပ်စစ်စခန်းများကို နယ်စပ်မြို့နယ် (၄၈) မြို့နယ်တွင် ထူထောင်ခဲ့ပြီး လျှပ်စစ် ဓါတ်အား ဖြန့်ဖြူးပေးခဲ့သည့်အပြင် မြို့နှင့်ကျေးရွာပေါင်း (၂၀၇) ခုတွင် ဒီဇယ်မီးစက် (၂၇၆) လုံး တပ်ဆင်ခြင်းကြောင့် အဆိုပါဒေသရှိ ပြည်သူများအတွက် ဓါတ်အားရရှိရေးအပြင် အသေးစား ထုတ်လုပ်ရေးအတွက်ပါ အကျိုးပြုခဲ့ပါသည်။ နယ်စပ်ဒေသရှိတိုင်းရင်းသားများ လူမှုရေး၊ စီးပွားရေး ဆိုင်ရာကိစ္စရပ်များတွင် အချင်းချင်း ဆက်သွယ်ပြောဆိုနိုင်ရန်အတွက် ဆက်သွယ်ရေးကဏ္ဍတွင် စာတိုက်နံပါတ် (၅၄)၊ ကြေးနန်း (၄၅) လုံး၊ တယ်လီဖုန်းလိုင်း (၈၆) ရုံ၊ တယ်လီဖုန်းလိုင်း (၄၀) နှင့် ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စခန်း (၁၁၃) နံပါတ်တို့ကို ထူထောင်ခဲ့ပါသည်။ သစ်တောကဏ္ဍနှင့် ပတ်သက်၍ သစ်တောပျိုးခင်း (၁၄) ခုနှင့် ကြိုးဝိုင်းသစ်တော (၂၅) ခုနှင့် သစ်စက် (၄) လုံးတို့ကို သတ်မှတ်ပေးခဲ့ပါသည်။
အထူးဇုန် (၂၄) ဇုန် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်
၁၉။ တပ်မတော်အစိုးရလက်ထက်တွင် နိုင်ငံတစ်ဝန်လုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်းစီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လမ်းပန်း ဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော်အစိုးရမှ အထူးဖွံ့ဖြိုးတိုးတက်ရေးဇုန် (၂၄) ခု သတ်မှတ်ပေးခဲ့ပါသည်။ အဆိုပါ အထူးဇုန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
စဉ် တိုင်းဒေသကြီး/ ပြည်နယ် အထူးဖွံ့ဖြိုးရေးဇုန်
(က) ကချင်ပြည်နယ် - မြစ်ကြီးနား၊ ဗန်းမော်
( ခ ) ကယားပြည်နယ် - လွိုင်ကော်
( ဂ ) ကရင်ပြည်နယ် - ဘားအံ
(ဃ ) စစ်ကိုင်းတိုင်းဒေသကြီး - မုံရွာ၊ကလေး
( င ) တနင်္သာရီတိုင်းဒေသကြီး - ထားဝယ်၊ မြိတ်
( စ ) ပဲခူးတိုင်းဒေသကြီး - တောင်ငူ၊ ပြည်
(ဆ) မကွေးတိုင်းဒေသကြီး - ပခုက္ကူ
( ဇ ) မန္တလေးတိုင်းဒေသကြီး - မိတ္ထီလာ
( ဈ ) မွန်ပြည်နယ် - မော်လမြိုင်
(ည) ရခိုင်ပြည်နယ် - စစ်တွေ
( ဋ ) ရန်ကုန်တိုင်းဒေသကြီး - ရန်ကုန်
( ဌ ) ရှမ်းပြည်နယ် - တောင်ကြီး၊ ပင်လုံ(လွိုင်လင်)၊ လားရှိုး
( ဍ ) ဧရာဝတီတိုင်းဒေသကြီး - ပုသိမ်၊ ဟင်္သာတ၊ မအူပင်
၂၀။ အဆိုပါ အထူးဖွံ့ဖြိုးရေးဇုန် (၁) ခုစီတွင် တက္ကသိုလ်/ ကောလိပ် (၃) ခုနှင့် ခုတင် (၂၀၀) ဆံ့ ဆေးရုံများ တည်ထောင်ခဲ့ပါသည်။ ကျောင်းသား/ သူများ အခြေခံပညာသာမက အဆင့်မြင့်ပညာ များကို လက်လှမ်းမီစွာ သင်ကြားနိုင်ရေး ၂၀၁၀ ပြည့်နှစ်ထိ အခြေခံပညာရေးကျောင်းပေါင်း (၇၃၁၈) ကျောင်း၊ တက္ကသိုလ်/ ကောလိပ်ပေါင်း (၁၃၄) ခု ဖွင့်လှစ်ပေးခဲ့ပါသည်။ ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်အတွက်လည်း အထူးကုဆေးရုံ (၁၈) ခု၊ အထွေထွေဆေးရုံ (၃၂) ခု နှင့် ကုတင် (၁၀၀) အောက် ဆေးရုံ (၅၅) ခုတို့ကို တည်ဆောက်ပေးခဲ့ပါသည်။
အခြားဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ချက်များ
၂၁။ တပ်မတော်အစိုးရသည် ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်အမြဲ အလေးထား ဆောင်ရွက်ခဲ့ရာတွင် အခြားလူမှုစီးပွားဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များဖြစ်သည့် ဆင်းရဲ နွမ်းပါးသူများနှင့် အမျိုးသမီးများ၏စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ စီမံကိန်းဖွံဖြိုးရေးလုပ်ငန်းများ အတွက် ရပ်ရွာလူထုစွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ပါသည်။
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။