Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း ဆောင်ရွက်မှုအခြေအနေ

           သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနသည် မြန်မာနိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းများတွင် သမဝါယမကဏ္ဍမှ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နိုင်ငံတကာ အဖွဲ့ အစည်းများနှင့် ပြည်တွင်းအဖွဲ့အစည်းများမှ Loan, Grants, Aid နှင့် အသေးစားချေးငွေ (Microfinance) များ ရရှိနိုင်ရေး ပံ့ပိုးပေးလျက်ရှိပါသည်။

               သမဝါယမဦးစီးဌာနနှင့် လက်ရှိ ပူးပေါင်းဆောင်ရွက်လျက်ရှိသော နိုင်ငံတကာ အဖွဲ့ အစည်းများမှာ the Export Import Bank of China ၊ Korea Shinhan Bank ၊ Korea Daedong Industrial Co., Ltd တို့ ဖြစ်ပါသည်။ ထို့ပြင် သမဝါယမဦးစီးဌာနအနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေများဖြင့်လည်း စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။   

The Export Import Bank of China နှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေ

              (၂၁-၁၂-၂၀၁၂) ရက်နေ့တွင် ယခင် သမဝါယမဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တရုတ်သံအမတ်ကြီး ဦးဆောင်သောအဖွဲ့တို့ တွေ့ဆုံခဲ့ပါသည်။ ကျေးရွာ(၁)ရွာ ကျပ်သိန်း(၁၀၀) ထောက်ပံ့နိုင်ရန် ရည်ရွယ်၍ ရွာပေါင်း(၆၀၀၀၀)ကျော်အတွက် ဘီလီယံ(၆၀၀)ကျော် အမေရိကန် ဒေါ်လာ သန်း(၇၀၀) လိုအပ်ချက် အခြေအနေဆွေးနွေးခဲ့ပါသည်။ နိုင်ငံတော်သမ္မတကြီး၏ တရုတ်ပြည်ခရီးစဉ်အတွင်း (၅-၄-၂၀၁၃)ရက်နေ့၌ Financing Arrangement ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ The Export Import Bank of China ဥက္ကဋ္ဌ Li Ruogu နှင့် မြန်မာနိုင်ငံ၊ ဘဏ္ဍာရေး ဝန်ကြီးဌာန ကိုယ်စား တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်ဦး တို့က လက်မှတ်ရေးထိုး ခဲ့ကြပါသည်။

               China EXIM Bank နှင့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်တို့အကြား ချုပ်ဆိုခဲ့သော Facility Agreement  များအရ အောက်ပါအတိုင်းသဘောတူညီခဲ့ပါသည် -

(က)

ချေးငွေပမာဏ

အမေရိကန်ဒေါ်လာသန်း (၇၀၀)

(ခ)

ပထမအကြိမ်စမ်းသပ်ချေးငွေ

အမေရိကန်ဒေါ်လာသန်း (၁၀၀)

(ဂ)

ဒုတိယအကြိမ်စမ်းသပ်ချေးငွေ

အမေရိကန်ဒေါ်လာသန်း (၃၀၀)

(ဃ)

သက်တမ်း

(၁၀)နှစ်

-  ပထမ (၂)နှစ်အတွင်းအတိုးနှုန်းသာပေး  ရမည်။

-  ကျန်(၈)နှစ်တွင် (အရင်း+အတိုး)ပေးရ မည်။

(င)

အတိုးနှုန်း

၄.၅ % (တစ်နှစ်)

(စ)

Management Fee

၁ % (အမေရိကန်ဒေါ်လာသန်း  ၁၀၀)

၀.၅% (အမေရိကန်ဒေါ်လာသန်း ၃၀၀)

(ဗဟိုသမဝါယမအသင်းမှ ကနဦးစိုက်ထုတ် ၍ စာချုပ်ချုပ်ပြီး ရက်ပေါင်း (၆၀) အတွင်း တစ်ကြိမ်တည်းကြိုတင်ပေးသွင်းရမည်။)

(ဆ)

လယ်သမားသို့ချေးမည့်အတိုးနှုန်း

၁၈ % / ၂၄ % (တစ်နှစ်)

ချေးငွေ အမေရိကန်ဒေါ်လာ သန်း(၄၀၀)အပေါ် သမဝါယမဦးစီးဌာနအနေဖြင့် (၂၁-၇-၂၀၂၃)ရက်နေ့အထိ အရင်း အမေရိကန်ဒေါ်လာ(၃၄၃.၇၅)သန်း၊ အတိုး အမေရိကန် ဒေါ်လာ(၁၀၄.၂၈၀)သန်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ(၄၄၈.၀၃၀)သန်းကို ပျက်ကွက်မှုမရှိ ပေးဆပ်ခဲ့ပြီး ဖြစ်ပါသည်။

ကိုရီးယားသမ္မတနိုင်ငံ Daedong Industrial Co., Ltd နှင့် ပူးပေါင်းဆောင်ရွက်မှု

               ကိုရီးယားသမ္မတနိုင်ငံ Daedong Industrial Co., Ltd နှင့် ယခင် သမဝါယမ ဝန်ကြီးဌာန တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုလွှတ်တော်ထံတင်ပြရာ (၃၀-၁၀-၂၀၁၄)ရက်နေ့တွင် အတည် ပြုချက် ရရှိခဲ့ပါသည်။

               မြန်မာနိုင်ငံ၏လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လက်မှုလယ်ယာစနစ်မှ စက်မှု လယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရေးအတွက် လိုအပ်သော လယ်ယာသုံး စက်ကိရိယာ ပစ္စည်း များကို တောင်သူလယ်သမားများသည် စျေးနှုန်း သက်သက်သာသာဖြင့် ဝယ်ယူရရှိနိုင်ရေး အတွက် ယခင် သမဝါယမဝန်ကြီးဌာန နှင့် ကိုရီးယားသမ္မတနိုင်ငံ Daedong Industrial Co., Ltd တို့အကြား နားလည်မှုစာချွန်လွှာ(MOU)တစ်ရပ်ကို (၂၁-၈-၂၀၁၄)ရက်နေ့တွင် လက်မှတ်ရေးထိုး ခဲ့ပါသည်။

               စက်မှုလယ်ယာစနစ်သို့ကူးပြောင်းနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း (၁၀၀) တန်ဖိုးရှိ လယ်ယာသုံးစက်ကိရိယာများကို ကာလရှည်အရစ်ကျ ငွေချေစနစ်ဖြင့် (Hire Purchase) စနစ်ဖြင့် တောင်သူလယ်သမားများထံ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် ယခင် သမဝါယမဝန်ကြီးဌာနနှင့် Daedong Industrial Co., Ltd တို့အကြား Sale and Purchase Agreement သဘောတူစာချုပ်ကို (၁၃-၁၁-၂၀၁၄) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။

               (၇-၁-၂၀၁၅)ရက်နေ့တွင် လယ်ယာသုံးစက်ကိရိယာပစ္စည်းများ ဝယ်ယူရန်အတွက် Daedong Industrial Co., Ltd နှင့် အမေရိကန်ဒေါ်လာ(၁၅)သန်းတန်ဖိုးရှိ ချေးငွေ သဘောတူ ညီမှုစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး (၂၆-၁-၂၀၁၅)ရက်နေ့တွင် အမေရိကန်ဒေါ်လာ (၁၅)သန်း ကို OCBC Singapore ဘဏ်မှတစ်ဆင့် လက်ခံရရှိခဲ့ပြီး (၂၈-၁-၂၀၁၅)ရက်နေ့တွင် Daedong Industrial Co.,Ltd ထံသို့ ပြန်လည် လွှဲပြောင်း ပေးဆပ်ခဲ့ပြီးဖြစ်ပါသည်။

ကိုရီးယားသမ္မတနိုင်ငံ Shinhan Bank နှင့် ပူးပေါင်းဆောင်ရွက်မှု

               (၂၁-၁-၂၀၁၅)ရက်နေ့တွင် လယ်ယာသုံး စက်ကိရိယာပစ္စည်းများ ဝယ်ယူရန်အတွက် Shinhan Bank နှင့် အမေရိကန်ဒေါ်လာ(၈၅)သန်း တန်ဖိုးရှိ ချေးငွေသဘောတူညီ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။ 1st Utilisation အနေဖြင့် (၉-၂-၂၀၁၅) ရက်နေ့တွင် အမေရိကန် ဒေါ်လာ (၅၇,၁၉၄,၆၀၀) ကိုလည်းကောင်း၊ 2nd Utilisation အနေဖြင့် (၂၃-၃-၂၀၁၅) ရက်နေ့ တွင် အမေရိကန် ဒေါ်လာ (၂၇,၈၀၂,၈၀၀) ကိုလည်းကောင်းအသီးသီးရရှိခဲ့ပါသည်။

               ချေးငွေအမေရိကန်ဒေါ်လာ(၈၅)သန်းအပေါ် ၂၀၂၂ခုနှစ်၊ ဇူလိုင်လတွင် အတိုး+ အရင်း ပါ Shinhan Bank သို့ အပြေအကြေပေးဆပ်ပြီးဖြစ်ပါသည်။

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု

               သမဝါယမဦးစီးဌာနသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၀)ဖြင့် မြန်မာနိုင်ငံနှင့် မဲခေါင်ဒေသရှိ သမဝါယမကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ စီမံကိန်းရန်ပုံငွေမှာ အမေရိကန်ဒေါ်လာ(၄၇၇၄၀၀)ဖြစ်ပြီး စီမံကိန်းကာလမှာ ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလမှ ၂၀၂၁ခုနှစ်၊ စက်တင်ဘာလအထိ (၁)နှစ်ဖြစ်ပါသည်။ စီမံကိန်း ရည်ရွယ်ချက် မှာ သမဝါယမကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် မဲခေါင်ဒေသ ဈေးကွက်စီးပွားရေးကို အထောက် အကူပြုစေရန်ဖြစ်ပါသည်။

               စီမံကိန်းတွင် စာရင်းရေးစာရင်းကိုင်သင်တန်း၊ စာရင်းစစ်သင်တန်း၊ သမဝါယမစီမံခန့် ခွဲမှုနှင့် ဈေးကွက်ဖော်ဆောင်ရေးသင်တန်း၊ သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေနှင့် ညွှန်ကြား ချက်ဆိုင်ရာသင်တန်း၊ အစားအသောက်ဘေးကင်းလုံခြုံမှု အသိပညာပေးသင်တန်း၊ ဘဏ္ဍာ ရေးဆိုင်ရာ အသိပညာပေးသင်တန်းနှင့် စီမံကိန်းစောင့်ကြည့်လေ့လာခြင်းနှင့် အကဲဖြတ်ခြင်း သင်တန်းတို့ ပါဝင်ပါသည်။ ထို့အပြင် သမဝါယမကဏ္ဍ ကောင်းမွန်သောစီမံအုပ်ချုပ်မှုနှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ၊ မြန်မာနိုင်ငံသမဝါယမလှုပ်ရှားမှုဆွေးနွေးပွဲနှင့် မဲခေါင် ဒေသရှိ သမဝါယမအသင်းများ၏ အခန်းကဏ္ဍအလုပ်ရုံဆွေးနွေးပွဲများလည်း ဆောင်ရွက်ပြီးဖြစ် ပါသည်။

               သမဝါယမဦးစီးဌာနသည် မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၁)ဖြင့် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသွင်းကုန်/ ထုတ်ကုန်ဘဏ်မှ‌ ချေးယူထားသော အသေးစားချေးငွေများအား ချေးငွေဆန်းစစ်ချက်ဆောင် ရွက်ရေး၊ စုဆောင်းငွေအားပေးမြှင့်တင်ရေးနှင့် ချေးငွေစဉ်ဆက်မပြတ်လည်ပတ်နိုင်ရေး စီမံကိန်း ကို အမေရိကန်ဒေါ်လာ(၃၄၅၅၀၀)ဖြင့်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

               စီမံကိန်းပါ လုပ်ငန်းစဉ်များမှာ စုဆောင်းငွေအားပေးမြှင့်တင်ရေး စည်းရုံးလှုံ့ဆော်ခြင်း သင်တန်း၊ မဲခေါင်ဒေသတွင်း ငွေစုဆောင်းတတ်သည့်  အလေ့အကျင့်ဆိုင်ရာ အသိပညာပေးစည်း ရုံးဆော်ပွဲများကျင်းပခြင်း၊ မြန်မာနိုင်ငံရှိ အသေးစားချေးငွေလုပ်ငန်းများတွင်ငွေစုဆောင်းသည့် အလေ့အကျင့်၏ အခန်းကဏ္ဍ အလုပ်ရုံဆွေးနွေးပွဲများကျင်းပခြင်း၊ချေးငွေထုတ်ချေးခြင်းလုပ်ငန်း များတွင် စောင့်ကြည့်လေ့လာခြင်းနှင့် အကဲဖြတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ တိုင်းဒေသ ကြီး/ ပြည်နယ်အားလုံးတွင် အသေးစားချေးငွေများအားချေးငွေဆန်းစစ်ချက်လုပ်ငန်းများဆောင် ရွက်ခြင်း၊ မဲခေါင်ဒေသတွင်းနိုင်ငံများရှိ အောင်မြင်နေသော အသေးစားချေးငွေလုပ်ငန်း  သမဝါယမအသင်းများသို့ လေ့လာရေးခရီးများ စေလွှတ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

          

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm