Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)

နောက်ခံသမိုင်းအကျဉ်းချုပ်

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)သည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့တွင် တည်ရှိသည်။ မန္တလေး၊ မုံရွာကားလမ်း အရှေ့ဘက် ရွာထောင် ရပ်ကွက်တွင် တည်ရှိသည်။ တက္ကသိုလ်မြေဧရိယာစုစုပေါင်း (၂၆.၀၄)ဧကရှိပါသည်။သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)သည် ယခင် ကချင်၊ ချင်းနှင့် စစ်ကိုင်း၊ ပြည်နယ်/တိုင်း သမဝါယမသင်တန်းကျောင်းမှတဆင့် သမဝါယမကောလိပ်အဆင့်သို့လည်းကောင်း၊ ၎င်းမှတဆင့် သမဝါယမတက္ကသိုလ်(စစ်ကိုင်း)သို့ လည်းကောင်း (၅-၁၁-၂၀၂၁) ရက်နေ့တွင် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) သို့လည်းကောင်း အဆင့်ဆင့်တိုးမြှင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။


ကချင်၊ ချင်းနှင့် စစ်ကိုင်း၊ ပြည်နယ်/တိုင်း သမဝါယမသင်တန်းကျောင်း

စစ်ကိုင်းတိုင်း သမဝါယမသင်တန်းကျောင်းကို ၁၉၇၂ ခုနှစ်၊ အောက်တိုဘာလမှ စတင်ပြီး စစ်ကိုင်းတိုင်း၊ မုံရွာမြို့၌ ဖွင့်လှစ်ခဲ့ပါသည်။ စစ်ကိုင်းမြို့၊ ရွှေသမား ရပ်ကွက်ရှိ (၂၁.၇၀)ဧက ကျယ်ဝန်းသော မြေနေရာပေါ်တွင် သင်တန်းကျောင်းအသစ်ကို (၁၀-၁-၁၉၈၂)ရက် နေ့တွင် စတင်ဆောက်လုပ်ခဲ့ပြီး (၂၇-၉-၁၉၈၃) ရက်နေ့မှစတင်၍ သမဝါယမစာရင်းကိုင် သင်တန်း အမှတ်စဉ် (၂/၁၉၈၃-၈၄)ကို စတင်ဖွင့်လှစ် သင်ကြားပေးခဲ့ပါသည်။ ကချင်၊ ချင်းနှင့်စစ်ကိုင်း၊ ပြယ်နယ်/တိုင်း သမဝါယမသင်တန်းကျောင်းကို စစ်ကိုင်းသမဝါယမဒေသကောလိပ်အဖြစ် စီမံချက်ရေးဆွဲ၍ စနစ်တကျ ဆောင်ရွက်ခဲ့ပါသည်။ (၂၆.၈.၁၉၉၆)တွင် သမဝါယမဒေသကောလိပ် တွင် ကျောင်းသားများကို လက်ခံခဲ့ပြီး (၁၇-၉-၁၉၉၆)နေ့တွင် သမဝါယမဝန်ကြီး ဦးသန်းအောင်မှ စစ်ကိုင်းသမဝါယမဒေသကောလိပ်ကို အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့ပါသည်။

သမဝါယမကောလိပ်ဖွင့်လှစ်ခဲ့သည့် ၁၉၉၆ - ၁၉၉၇ ပညာသင်နှစ်မှ ၁၉၉၈ - ၁၉၉၉ ပညာသင်နှစ်အထိ လက်မှတ်ရ၊ စာရင်းရေး၊ စာရင်းကိုင်သင်တန်း Certificate in Bookkeeping and Accountancy (CBA) သင်တန်းများကို ဖွင့်လှစ်နိုင်ခဲ့ပြီး ၁၉၉၈-၁၉၉၉ ပညာသင်နှစ်မှ ၂၀၁၁-၂၀၁၂ ပညာသင်နှစ်အထိ အောက်ပါဒီပလိုမာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပါသည် -

  • စီးပွားရေးလုပ်ငန်းစာရင်းကိုင်ဒီပလိုမာ
    Diploma in Business Accounting (Dip: B.Acct)
  • ရောင်းဝယ်ရေးစီမံခန့်ခွဲမှုဒီပလိုမာ
    Diploma in Marketing Management (Dip: M.M)
  • စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုဒီပလိုမာ
    Diploma in Business Management (Dip: B.M)

၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစ၍ စီးပွား‌ရေးသိပ္ပံဘွဲ့အား စာရင်းကိုင်ပညာနှင့် ဘဏ္ဍာရေးပညာ၊ အသုံးချစာရင်းအင်းပညာ၊ စျေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာ၊ ဒေသ ဆိုင်ရာဖွံ့ဖြိုးမှုပညာနှင့် လူမှုစီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာစသည့် အထူးပြုဘာသာရပ် (၅)ခုဖြင့် သင်ကြားခဲ့ပြီး အထူးပြုဘာသာရပ်အလိုက် ဘွဲ့များကို ၂၀၁၇-၂၀၁၈ ပညာသင်နှစ် အကုန် ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလမှ စတင်၍ အပ်နှင်းချီးမြှင့်လျက်ရှိပါသည်။ အထူးပြု ဘာသာရပ် အလိုက် ဘွဲ့လွန်ဒီပလိုမာသင်တန်းများကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စတင် သင်ကြားခဲ့ပြီး ဘွဲ့လွန်ဒီပလိုမာများ ပေးအပ်လျက်ရှိပါသည်။ အထူးပြုဘာသာရပ်အလိုက် မဟာဘွဲ့သင်တန်း များကို ၂၀၁၅-၂၀၁၆ပညာသင်နှစ်မှ စတင်သင်ကြားခဲ့ပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှစ၍ မဟာဘွဲ့များ အပ်နှင်းချီးမြှင့်လျက်ရှိပါသည်။

(၃၁-၅-၂၀၁၂)ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရအဖွဲ့၏ (၃၁-၅-၂၀၁၂)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အစည်းအဝေးအမှတ်စဉ် (၂၀/၂၀၁၂)ဖြင့် ဖွဲ့စည်းပုံကို အတည်ပြုခဲ့ပြီး သမဝါယမဝန်ကြီးဌာနမှ (၂၁-၆-၂၀၁၂)ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်(၂၉/၂၀၁၂)ဖြင့် သမဝါယမကောလိပ်(စစ်ကိုင်း)အား တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ဖွင့်လှစ် ခွင့်ပြုခဲ့ပါသည်။

၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ(၅)ရက်‌နေ့တွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)အမည်သို့ ပြောင်းလဲသတ်မှတ်ခဲ့သည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm